ရောက်တတ်ရာရာအတွေးများ၊ အရှင်းရှင်စနစ် နှင့် ခေတ်ပေါ်ပြသနာများ

 


ဒီတခေါက်တော့ ဓာတ်ပုံအကြောင်း မဟုတ်ပဲ ဘဝဒဿနတွေအကြောင်း နည်းနည်းပွားရအောင်ဗျာ။ ကျွန်တော့်အတွက်တော့၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ဘဝကနဲ့ ခံယူချက်တွေက ပိုပြီး ပြောင်းလဲသွားတယ်။ ဒီနှစ်တွေမှာ လူဖြစ်ရခြင်းရဲ့ အဓိပ္ပါယ်ဆိုတာဘာလဲ ရှာဖြစ်တယ်ပေါ့။ တကယ်တော့၂၀၂၁ မတိုင်ခင်ကလည်း ဘဝက အရမ်းကြီးတော့ ရည်မှန်းချက်ကြီးတခုနဲ့ အရမ်းကြိုးစားနေတဲ့ အထဲလဲမပါပါဘူး။ အဲဒီကတည်းက ကိုယ်လုပ်ချင်တာပဲလုပ်နေတာ၊ ပိုက်ဆံရမယ်ဆိုတိုင်းလဲ အလုပ်တွေ လျောက်မလုပ်ခဲ့ဘူး။ ပိုက်ဆံများများရမယ့် ပရောဂျက်တွေ လာအပ်ပေမယ့် ကိုယ်စိတ်မဝင်စားလို့၊ ဒါမှမဟုတ် ခံယူချက်နဲ့ မကိုက်လို့၊ ကိုယ်ခံစားလို့မရတဲ့ အကြောင်းအရာမို့၊ artistic direction မတူလို့ စသဖြင့် ငြင်းခဲ့တာတွေလဲ အများကြီးပါ။ 


အခွင့်ထူး


ဘဝမှာ လုပ်ချင်တာလုပ်ဖို့လိုတဲ့ ကိုယ့်ကိုကိုယ် ယုံကြည်မှု့ရှိမှုတွေက အရင်ကတည်းက အမြဲရှိပါတယ်။ ဘာကြောင့် အဲဒီလိုရှိတာလဲ ကိုယ့်ကိုကိုယ် ပြန်စမ်းစစ်ကြည့်တော့ အချို့အခြေခံအကြောင်းအရာတွေ နဲ့ ကိုယ်မသိလိုက်ပဲ ရနေခဲ့တဲ့ အခွင့်ထူး (privileges) တွေ ပြန်တွေ့ရတယ် အထူးသဖြင့် အမေ ရဲ့ သွန်သင်ဆုံးမမှုတွေနဲ့ ဘာလုပ်လုပ် ယုံကြည်ပေးမှုတွေ၊ ငယ်စဉ်ကတည်းက ဘယ်သူနဲ့မှ မနှိုင်းယှဉ်ဆူခဲ့တာမျိုးမရှိလို့ သိမ်ငယ်မှုမရှိပဲ၊ ကိုယ်လုပ်ချင်တာ လုပ်နိုင်တဲ့ ကိုယ်ပိုင်ယုံကြည်မှုတွေ ရှိလာခဲ့တာပါ။ နောက်တခုက မချမ်းသာပေမယ့် လူလတ်တန်းစား မိသားစုထဲကနေမှ ငွေနောက်မလိုက်တဲ့ အကျင့်၊ ငွေနောက်လိုက်စရာမလိုတဲ့ အခွင့်ထူးအခြေအနေရှိနေခဲ့တာလဲ ပါလို့၊ ခုထိ ကိုယ်ကျင့်တရား ခံယူချက်ရှိခြင်း၊ သမ္မာအာဇီဝကျခြင်း၊ တပါးသူနစ်နာအောင် မပြုခြင်းနဲ့ပဲ ဘဝကကျင့်သားရခဲ့တာလဲပါပါတယ်။ သူများကိုလဲ ဟန်ဆောင်မညာသလို၊ ကိုယ့်ကိုကိုယ်အပေါ်လဲ ရိုးသားတဲ့အခါ ကိုယ့် limit ကို သိသလို၊ စိတ်ကြည်လင်ခြင်းနဲ့ ကိုယ့်ကိုကိုယ် ပိုပြီး ယုံကြည်မှုရှိလာစေနိုင်ပါတယ်။ ကိုယ့်ကိုကိုယ်ယုံကြည်မှု ရှိလာတဲ့အခါ ဘယ်သူ့ရဲ့ လေးစားမှု၊ အသိအမှတ်ပြုမှု (validation) တွေ၊ ဝေဖန်မှုတွေ သိဖို့ မလိုနေတော့ပဲ စိတ်ပိုင်းဆိုင်ရာလဲ ပိုကြံ့ခိုင်လာမယ်လို့ ပြောလို့ရပါတယ်။


ဘဝမှာ ကိုယ်သတိမထားမိပေမယ့် ဒီလို အခွင့်ထူး ရနေခဲ့လို့လဲ ကိုယ်တိုင်က လုပ်ချင်တာလုပ်တယ်၊ ကဲ့ရဲ့ခြင်း၊ ချီးမွန်းခြင်း တွေကို စိတ်ထဲမှာ အရမ်းခံစားမှုမရှိပဲ စိတ်စေရာနောက်ပဲ လိုက်ဖြစ်ပါတယ်။ ၂၀၂၀ ကိုဗစ်စဖြစ်ကတည်းက personal project, COVID Crisis မှတ်တမ်း ဓာတ်ပုံ စီးရီးကို ရောဂါကူးချင်ကူးကွာဆိုပြီး ပထမဆုံးမြန်မာမှာ ဒီရောဂါဝင်လာပြီဆိုကတည်းက ကိုယ်ပိုင်ဓာတ်ပုံ ပရောဂျက် ပြန်စလုပ်ဖြစ်တော့တာပါပဲ။ အဲဒီကနေ ဆက်တိုက် ရွေးကောက်ပွဲကနေ၊ နွေဦး တော်လှန်ရေးအထိ ဆက်ရိုက်ရင်းကနေ ကိုယ်ပိုင် production studio ပါ ပိတ်ပြီး ဆက်လိုက်တာ ခု ထိုင်းပြောင်း အခြေချတဲ့ အထိပဲ ဆိုပါတော့။ ဒီပရောကဂျက်ရိုက်ရင် ပိုက်ဆံမရဘူးဆိုတာလဲ သိပြီးသားပါ၊ အစကတည်းက နာမည်ကြီးချင်လို့လဲ မဟုတ်ခဲ့ဘူး၊ ဒီဟာကို ဆက်ရိုက်ရင် ပြေးရမယ်ဆိုတာလဲ သိပြီးသားပါပဲ။ ၂၀၀၇ ရွှေဝါရောင်ကတည်းက ဓာတ်ပုံဆရာ မဟုတ်ခဲ့ပေမယ့်၊ ဘလော့ဂ်ဂါ တယောက် အနေနဲ့ အဲဒီတုန်းက Sony Ericsson K800i လေးနဲ့ ဓာတ်ပုံတွေ ရိုက်ပြီး ဘလော့ဂ်တွေမှာ တင်ခဲ့တာ။ ကျွန်တော်တို့ အဖွဲ့ထဲက အကိုနေဘုန်းလတ် အဖမ်းခံရပြီး နှစ်ရှည်ထောင်ချခံရတာတွေက ဆယ်ကျော်သက်ဘဝတုန်းက ကြုံပြီးသားမို့ ဘာဖြစ်လာနိုင်တယ်ဆိုတာလဲ သိပြီးသားပေမယ့် ကိုယ်လုပ်ချင်လို့ ရှိသမျှ အလုပ်ထားခဲ့ပြီး ဆက်လုပ်ဖြစ်ခဲ့တာပါပဲ။ privilage ဆိုတာက ဗုဒ္ဓဘာသာမှာတော့ ကံ လို့ပြောပြီး အခြားဘာသာတွေမှာတော့ ဘုရားက စီမံပေးတာလို့ ပြောကြပါတယ်။ ဒီ privilege တွေက ကိုယ်တိုင်လဲ ဘာကြောင့် ပါလာတာလဲ နားမလည်သေးပေမယ့် ကိုယ်လို ဖေးမတဲ့ ပတ်ဝန်းကျင်၊ တည်ငြိမ်တဲ့ ပတ်ဝန်းကျင်မှာ မမွေးခဲ့ရသူတွေကိုလဲ ကိုယ်တတ်နိုင်သလောက် မျှဝေပေးဖို့၊ ဖေးမကူညီဖို့၊ အဲဒီလို ပတ်ဝန်းကျင် တည်ဆောက်ပေးဖို့ လူတိုင်းမှာ တာဝန်ရှိတယ်လို့ထင်တယ်။ လူတွေက ငါတော့ ဘယ်မိဘ၊ ဘယ်အသိုင်းအဝိုင်း၊ ဘယ်နိုင်ငံသား၊ ဘယ်ဘာသာ ဝင်မှာမှ မွေးမယ်လို့ ရွေးခဲ့လို့ မှ မရခဲ့တာ။ ကိုယ်တိုင် ဒုက္ခတွင်း နိုင်ငံမှာ မွေးလဲ ကိုယ့်ထက် အခြေအနေဆိုးနေသူတွေကို လက်တွဲခေါ်ဖို့ လူတိုင်းမှာ တာဝန်ရှိတာပဲ။ မိတ်ဆွေက အခု ကျွန်တော်ရေးတဲ့ စာကို အင်တာနက်ပေါ်ကနေ ဖတ်လို့ ရနေတာကိုက အခုချိန် ဖုန်းလဲ မရှိ၊ အိမ်လဲမရှိတော့၊ စားဖို့တောင် ပူနေရတဲ့ စစ်ရှောင်တွေထက်သာတဲ့ အခွင့်ထူးရှိနေတာပါ။ 


အခက်အခဲ


ဘဝမှာ ခက်ခဲတဲ့အချိန်မရှိဘူးလားဆိုတော့ ရှိတာပေါ့ ငွေရေးကြေးရေးခက်ခဲတာလဲ ရှိခဲ့တာပဲ၊ ဖိအားနဲ့ အကျပ်အတည်းတွေလဲရှိပါတယ်။ ဒါပေမယ့် စိတ်အေးအေးထားပြီး အသေးဆုံး ပြသနာကနေ စပြီး တဖြည်းဖြည်းခြင်း၊ ရှင်းယူတဲ့ နည်းနဲ့ ကျော်လွှားခဲ့တာများပါတယ်။ ပြသနာအကြီးဆုံးက စရှင်းတာထက် အသေးဆုံးက စရှင်းတာက ပိုလက်တွေ့ကျသလိုထင်မိတယ်။ နောက်တခုက ပြသနာတွေရှင်းတဲ့ အခါ ဘယ်တော့ မဆို ရိုးသားဖို့က အရေးကြီးပါတယ်၊ ပြသနာကင်းခြင်ဇောနဲ့ လိမ်ပြီးရှင်းတဲ့ အခါ ခဏတာပြေလည်သလိုလိုနဲ့ နောက်ကြပိုရှုပ်မှာလဲ သတိထားသင့်တယ်လို့ထင်တယ်။ ရိုးသားတဲ့ အခါ နောက်ထပ်လိမ် ဖို့လဲ မလိုသလို ယုတ္တိရှိမှု၊ မရှိမှုတွေ ပါ စဉ်းစားစရာမလိုလို့ ခေါင်းအေးပြီး အပူနည်းပါတယ်။ ဘာကိုမှမရှုပ်ထား၊ မဟုတ်တာမလုပ်ထားသလို၊ လက်ရှိတော့ အနာဂတ်အတွက်လဲ ဘာမှမတွေးထား၊ အတိတ်အတွက်လဲ နောင်တရနေတာမရှိလို့ ညဘက်အိပ်တဲ့ အခါတောင် အိပ်မပျော်ဘူး၊ ပူပင်နေတာမျိုးလဲ မရှိတာ ဆယ်စုနှစ်တခုလောက်တော့ရှိပြီ။ ပြသနာအကြီးကြီး မမျော်လင့်ပဲ ရှိနေရင်တောင် ဒါလဲ ငါရှင်းနိုင်တယ် အေးဆေး ဆိုပြီး အိပ်ပျော်တဲ့ အခြေအနေမျိုးပေါ့။



ဘဝဒဿန 


ဘဝကို ဘယ်နည်းနဲ့ နေထိုင်ရမလဲလို့ လိုက်ရှာတဲ့အခါ လောလောဆယ်အထိတော့ တခုထဲနဲ့ ပြည့်စုံတဲ့ အကျင့်၊ လူ့အဖွဲ့အစည်းအတွက် ပြည့်စုံတဲ့ စနစ်ကို ကျွန်တော်ရှာမတွေ့သေးပါဘူး။ တကိုယ်ရည် အနေနဲ့ကတော့ Anarchism လို့ခေါ်တဲ့ မင်းမဲ့ဝါဒီ ကိုသဘောကျတယ်။ အရင်ကတည်းက punk ဂီတ ကြိုက်သလို၊ Anarchism ကလဲ ရင်းနှီးနေတာလဲပါပါတယ်။ ဖတ်ကြည့်တော့ လူ့အဖွဲ့အစည်းက anarchy စနစ်ကျင့်သုံးဖို့က ရွာအဆင့်လောက် လူညီတဲ့ ထောင်ဂဏန်းအောက် မှာသာ မင်းမဲ့ဝါဒီ စနစ်က အလုပ်ဖြစ်နိုင်တယ်လို့ စာတွေထဲက ဆိုတယ်။ ဖြစ်နိုင်တာပေါ့ လူအမျိုးမျိုး စိတ်အထွေထွေမှာ၊ အုပ်ချုပ်သူလူတန်းစား မလိုဘူး၊ မရှိအတူရှိအတူ၊ ဘုရားမရှိ၊ သခင်မရှိ၊ နယ်နမိတ်မရှိ စတဲ့ မင်းမဲ့ဝါဒ အခြေခံမူတွေက ကိုယ်လို၊ သူလို အများက လက်ခံကျင့်သုံးပြီး တပါးသူပေါ် ကိုယ်ချင်းစာတရားထားနိုင်မှ ဥပဒေ မရှိပဲနေလို့ရမှာ။ လူဦးရေ ထောင်ကျော်လာပြီဆို ဒါတွေက ကျင့်သုံးဖို့ ခဲယင်းလာမှာ ဖြစ်သလို ဥပဒေ တွေ စနစ်တကျရှိမှ အနုစိတ်တဲ့ သူတပါးအခွင့်အရေး မထိခိုက်အောင် ကာကွယ်နိုင်တယ်ဆိုတာလဲ လက်ခံပါတယ်။ ဒါပေမယ့် တကိုယ်ရေ စာကတော့ လက်ရှိအထိ မင်းမဲ့ဝါဒီ လို့ပဲ ခံယူထားတယ်။ ဘယ်သူကိုမှ ထိခိုက်အောင် တမင်ရည်ရွယ်ပြီးမလုပ်ဘူး၊ ကိုယ့်ကြောင့် သူများအဆင်ပြေစေဖို့ ဘာလုပ်လုပ်စဉ်းစားတယ်ပေါ့။ နောက် ရွှေ့ပြောင်းလုပ်သား မဟုတ်တဲ့ ရွှေ့ပြောင်းလူသား တယောက်အနေနဲ့ ကမ္ဘာကြီးကို လူတိုင်း၊ သတ္တဝါတိုင်းကပိုင်တယ်၊ နိုင်ငံတွေ နယ်နမိတ်တွေ၊ လူမျိုးတွေ၊ ဘာသာတွေ မခွဲခြားဘူး၊ ဒါတွေ မရှိဘူးလို့ပဲ ခံယူထားတယ်။


FAK အရင်းရှင်စနစ် 


စနစ်တွေထဲမှာမှ အမုန်းဆုံးကတော့ အရင်းရှင် စနစ် ပဲ။ လူတွေကို ကျွန်ပြုစနစ်ထက် ဆိုးအောင် အရှင်းရှင် စနစ်က ဦးဆောင်ခေါ်သွားနေတယ်လို့ ယူဆတယ်။ ကျွန်စနစ်က ကျွန်တွေကို ဖိနှိပ် နှိပ်စက်ပြီး စနစ်ကို အသက်သွင်းပြီး၊ အရင်းရှင်စနစ်ကတော့ လူတွေကိုယ်တိုင် လိုလိုလားလားနဲ့ ကျွန်စိတ်ဖြစ်လာအောင် အနုနည်းနဲ့ သိမ်းသွင်းသွားတယ်လို ကျွန်တော်က ယူဆတယ်။ အရင်းရှင်စနစ်ဟာ စားသုံးသူ ပစ္စည်းရှိလူတန်းစား ဝါဒကို အားပေးတယ်။ လူတွေဟာ ပစ္စည်းများများဝယ်နိုင်လေ၊ ပိုပျော်ရလေ၊ ဒိုပါမင်လို့ခေါ်တဲ့ ဟော်မုန်းကိုယ်ထဲမှာ ထွက်လာပြီး အားရကျေနပ်မှုရလေဆိုတဲ့ လုပ်ငန်းစဉ်ကို တွန်းအားပေးနေတာပဲ။ Mall တွေထဲမှာ နေရာတကာ ဒီဝါဒ ရဲ့ ဝါဒဖြန့် ကြော်ငြာတွေ ပိုစတာတွေ၊ ဘုတ်တွေတွေ့ရမယ်။ လူတွေကို brand ရူးနေအောင်၊ နောက်ဆုံးပေါ် ပစ္စည်းတွေ လိုချင်ပြီး ရူးနေအောင် သိမ်းသွင်းတာတွေ နေရာအနှံ့ social media ပေါ်က influencer တွေနဲ့ ဝါဒဖြန့်တာတွေ တွေ့ရလိမ့်မယ်။ Brand တွေက ငွေသဲ့ယူချင်တဲ့အခါဆို collaborate လုပ်တယ်ဆိုပြီး brand ခု ပေါင်းဝိုက်ကြတာမျိုးကလဲ ရှိသေးတယ် brand x another brand လိုဂိုလေးနဲ့ပေါ့။


လူတွေကို ဒီ brand က ထုတ်တဲ့ အကျီလေး၊ ဖိနပ်လေး၊ ဖုန်းလေး၊ လျှပ်စစ်ပစ္စည်းလေး၊ ကင်မရာလေး ကိုင်လိုက်ရင် social standard တခု၊ social status တခုကို ရလိမ့်မယ်ဆိုတဲ့ နည်းနဲ့ ဝါဒဖြန့်ကြတယ်။ Facebook, TikTok, YouTube, Instagram တွေမှာ ကြည့်လိုက်ရင် ဒီပစ္စည်းတွေရတဲ့အခါ အောင်မြင်မှုတခု achivement တခုကို ရသလို share ကြရတာပဲ။ ဘယ် အနုပညာ၊ အတတ်ပညာ ရပ်ဝန်းမဆို ဒီပစ္စည်း ဒီမော်ဒယ်ကို သုံးမှ အလုပ်တွင်လိမ့်မယ်ဆိုတဲ့ အယူအဆတွေနဲ့ သွေးထိုးတာတွေ၊ spec sheet ဖတ်တာတွေ၊ influencer တွေကို ပစ္စည်းအသစ်တွေ ပို့ပေးပြီး unbox, review လုပ်ခိုင်းတာတွေလဲ တွေ့ရမှာပါ။ ဓာတ်ပုံပညာဆိုလဲ ပညာရပ်က မထွန်းကားလာတော့ပဲ နောက်ဆုံးပေါ်ဘယ်ကင်မရာကြီးက မိုက်တာတို့၊ megapixel ဘယ်လောက်များတာတို့ ဘာကင်မရာနဲ့ ရိုက်မှ ရုပ်ရှင်ဖြစ်တာတို့ ဆိုတဲ့ noob အထာ တွေက ကြီးစိုးနေတာတွေ့ရမှာပါပဲ။ 


အရင်းရှင်စနစ်က ကောင်တွေက ဘယ်လို ဉာဏ်ပြေးလဲဆို မင်းမဲ့ဝါဒီ က အချို့အကွက်တွေကအစ ဒီကောင်တွေအတွက် အကျိုးရှိမယ်ဆို ဆွဲယူအသုံးချတာပဲ။ ဥပမာဆို အရှင်းရှင်တွေမှာ အစိုးရမရှိဘူး တက်လာတဲ့ အစိုးရနဲ့ ရအောင် တည့်အောင်ပေါင်းတယ်။ အရင်းရှင်တွေကို အာဏာရအောင်ကြိုးစားတယ်။ ဥပမာ ဆို Facebook တို့ X တို့ ပဲ ကြည့် ထရမ့်တက်လာတော့ ပေါ်လစီပြောင်းရတာနဲ့ လျော်ကြေးပေး အမှုကြေအေးရတာနဲ့။ နောက် ဒီကောင်တွေမှာ လူမျိုးဘာသာစွဲမရှိဘူး အရင်းရှင်စနစ် တည်တံ့ရေးသာ ပဓာနပဲ။ ဥပမာ ဆို အရင် ဆယ်စုနှစ် ခုစာလောက်မှာ တိုးတက်တဲ့ အရင်းရှင်နိုင်ငံတွေမှာ အောက်ခြေသိမ်း လုပ်သားလိုအပ်ချက်များတယ် ဒီတော့ ငမွဲနိုင်ငံတွေ၊ ကျွန်တော်တို့ နိုင်ငံအပါက လုပ်သားတွေ တင်သွင်းတယ်၊ ခိုလှုံခွင့်ပေးတယ်၊ PR တွေ နိုင်ငံသားတွေပေးတယ်။ ဥပမာ - ဆို အမေရိကန်၊ ဥရောပနိုင်ငံတွေ အရင် ဆယ်စုနှစ်တွေမှာ အရင်းရှင်တွေရဲ့ အထည်ချုပ်တွေ၊ စားသောက်ဆိုင်တွေ၊ သန့်ရှင်းရေးအတွက် လုပ်သားလိုတော့ ရွှေ့ပြောင်းလုပ်သားကအစ ခိုးဝင်လုပ်သားအထိ မသိကျိုးကျွန်ပြု အဝင်ခံပြီး ခေါင်းပုံဖြတ်ဈေးအနည်းဆုံး လုပ်ခပေးပြီး အဝင်ခံခဲ့တဲ့။ လက်ဝဲယိမ်းသလိုလို ဝါဒပေါ့။ 


ခုကျတော့ လုပ်အားလဲ မလိုတော့ဘူးလေ၊ လုပ်သားတွေကို မောင်းထုတ်။ လက်ယာယိမ်း လူမျိုးရေးဝါဒကို ပေါ်ပေါ်တင်တင်မောင်းတင်လာပြီး ဒေသခံလူထုကို သွေးထိုး ပြီး မြှောက်ပင့်ပေးတယ်။ လုပ်သားဘယ်လိုတော့မလဲ ဒီရာစုမှာ စက်တွေ အဆင့်မြင့်လာတယ်၊ အလိုလျောက် ထုတ်စက်တွေဖြစ်လာတယ်၊ AI ထွန်းကားလာပြီး ဒီကောင်က အရင်းရှင်ရဲ့ လက်ကိုင်တုတ်ဖြစ်လာတယ်။ သန့်ရှင်းရေးအလုပ်မှာ အလိုလျောက် လျောက်သွား mop တိုက်တဲ့စက်တွေ mall ရုံးခန်းတွေထဲရောက်လာတယ်၊ super market တွေမှာ self-check out တွေဖြစ်ကုန်တယ်၊ စားသောက်ဆိုင်မှာ မှာရင် touch screen နှိပ်မှာရပြီး စားပွဲထိုးတာလဲ စက်ရုပ်တွေဖြစ်လာတယ်၊ အရင်ခေတ်ထခဲ့ပါတယ်ဆိုတဲ့ silicon valley က အစ အရင်လို အခြားနိုင်ငံက ဆော့ဝဲရေးသူတွေမလိုတော့ဘူး၊ Asian programmer တွေလဲ မလိုတော့ဘူး AI က အစားထိုးသွားတော့ ဒီကောင်တွေ လဝက ပေါ်လစီ စပြောင်းတော့တာပဲ။ အရှင်းရှင်တွေရဲ့ ယုတ်မာမှု့က နိုင်ငံခြားသား ဂြိုလ်သားကိုတင်မဟုတ်ဘူးနော်၊ သူတို့ နိုင်ငံသားတွေ အပေါ်ပါ ရက်စက်တာ ဒါပေမယ့် ဒီကောင်တွေက လည်တယ် အာရုံပြောင်းအောင်လို့ Xenophobia နိုင်ငံခြားသားမုန်းဝါဒကို အသက်သွင်းတယ်။ သူနိုင်ငံသားတွေ အလုပ်မရတာ နိုင်ငံခြားသားတွေ ဝင်လာပြီး လုပ်နေလို့ဆိုပြီး တည်ပေးထားတယ်။ အမှန်က အရင်းရှင် ကိုယ်တိုင်က သူ့နိုင်ငံသားတွေပါ အလုပ်ဖြုတ်ပြီး စက်တွေ အစားထိုး အမြတ်များအောင် ကြံထားတာ။ ဥပမာပြောမယ်ဆို ပုံမှန်တော့ စာရင်းကိုင် ငွေကိုင်အလုပ်က နိုင်ငံအတော်များများမှာ နိုင်ငံခြားသား အလုပ်သမား လုပ်ခွင့်မပေးဘူး သူ့နိုင်ငံသားပဲ လုပ်ရတာ၊ အခြားသူဝင်လုလို့မရဘူး အဲဒီနေရာတွေမှာ self-check out ဆိုပြီး စက်တွေအစားထိုးပစ်တာပဲလေ။ ငွေရှင်းကောင်တာတွေ ၁၀ ခုလောက်ရှိပေမယ့် လူရှိတဲ့ ကောင်တာ ခုလောက်ပဲ ထားပြီး ကျန်တာ self-check out လုပ်ဖို့ ဖိအားပေးထားတာ အရှင်းရှင်စနစ်ပဲ၊ vending machine ဆိုတာလဲ အလုပ်ဝင်လုပ်ရမယ့် သူ့နိုင်ငံသား၊ ဒါမှမဟုတ် နိုင်ငံခြားသား တယောက် စားဝတ်နေရေးဝင်ငွေကို ဒီကောင်တွေ ဝင်လုတာပဲ။ အမေရိကန်ဆို AI drive လုပ်တဲ့ Taxi ကားတွေ ပါလုပ်နေပြီ။ 


Artificial Intelligence


လူတွေဟာ နောက်အချိန်ကြ ငွေရဖို့အတွက် အရင် ၁၅ ရာစု ၁၆ ရာစု လောက်ကလို ကြာပွတ်နဲ့ ရိုက် ကျွန်ပြုရတာမျိုးမဟုတ်ပဲနဲ့ ငါတို့ကို ကျွန်အဖြစ်သုံးပေးပါ ငါတို့လုပ်ပါ့မယ်ဆိုတဲ့ အချိန်ကို ရောက်လာဖို့ သိပ်မဝေးတော့ဘူးလို့ ခံစားရတယ်။ AI ဆိုတာလဲ သာမန်လူတန်းစားအတွက်က photo, video generate လေးလုပ်ပြီး အပျော်ဖန်တီးမှု ငွေသုံးဖို့ ပစ္စည်းဝယ်ဖို့ လွယ်လာစေတာထက်မပိုတဲ့ အသုံးချမှုလောက်ပဲဖြစ်ပြီး အရှင်းရှင် နဲ့ အာဏာရှင်တွေအတွက် လက်ကိုင်တုတ်ဖြစ်လာမှာ အသေအချာပါပဲ။ အရင်းရှင်တွေက AI ကို သုံးပြီး သူတို့ ဆားဗစ်၊ ထုတ်ကုန်ဝယ်လာအောင် social media မှာ ဒီလူ ဘယ်အချိန်တွေ ဘယ်လို content တွေ ကြိုက်လဲကို လေ့လာပြီး သူ့ပစ္စည်းဝယ်ချင်လာအောင် ပါးပါးလေး ဂျင်းထည့်မှာဖြစ်ပြီး အာဏာရှင်ကတော့ ဒီနည်းပညာကို သုံးပြီး လူသက်လက်နက်တွေ၊ စောင့်ကြည့်စနစ်တွေ သုံးပြီး လူတွေကို ဖိနှိပ်မှာပါ။ နောက်အချိန်မှာ တော်လှန်ရေး၊ အာဏာရှင်ဖြုတ်ချရေးဆိုတာ မဖြစ်နိုင်တော့သလောက် ဖြစ်လာမှာဖြစ်ပြီး။ အတိုက်အခံမှန်သမျှကို Internet, surveillance စောင့်ကြည့်ရေးစနစ်တွေကနေ လှုပ်မရအောင် ထိန်းချုပ်လိမ့်မယ်။ လူအများစုရဲ့ အတွေးအမြင်၊ အယူအဆတွေကို AI သုံးထားတဲ့ တမင်စီစဉ်ဖန်တီးထားတဲ့ (curated news, narrative) တွေနဲ့ ဂျင်းထည့်လိမ့်မယ်။


ဘယ်လို တောင့်ခံ၊ တုန့်ပြန်မလဲ


ဒီဘက်ခေတ်မှာ ကိုယ်တွေ အဖေ၊ အမေ၊ အဘိုး၊ အဘွားတွေ ခေတ်ကလို အိမ်မပိုင်တော့ဘူး၊ အသက် ၃၀ ကျော်မှာ တည်ငြိမ်တဲ့ ဘဝ နဲ့ကိုယ်ပိုင်အိမ်လေး နဲ့ မနေရတော့ဘူး ဆိုတာဘာလို့လဲ ဆိုတော့ အရှင်းရှင်စနစ်က အဆမတန်ကြီးထွားလာလို့ပါပဲ။ အိမ်တွေ၊ ခြံတွေအများစုပိုင်တာ အရင်းရှင်တွေဖြစ်လာပြီး လူတန်းစားကွာဟလာပြီး လူလတ် တန်းစား ပျောက်လာတာလဲ အရင်းရှင် စနစ်ကြောင့်ပါပဲ။ နိုင်ငံတော်တော်များများမှာ အိမ်တွေ မပိုင်ကြတော့တာ အရှင်းရှင်တွေက အိမ်ခြံမြေဈေးတွေကို တက်အောင်လုပ်၊ သူတို့ ပိုင်ဆိုင်မှု တန်ဖိုးတက်လာအောင်လုပ်တာကြောင်ပါပဲ၊ နောက်တချက်က လူအတော်များများရဲ့ ဆန္ဒဟာ ကိုယ်ပိုင် အိမ်လေးရရင် တည်ငြိမ်တဲ့ ဘဝလေးရရင် ရှိတဲ့ အလုပ်ကိုစွန့်ပြီး သာမန် အလုပ်လေးနဲ့ ပေါ့ပေါ့ပါးပါး ဘဝကို ဖြတ်သန်းချင်တဲ့ ဆန္ဒရှိကြတယ်။ ဒီ ဆန္ဒက အရင်းရှင်စနစ်အတွက် အဆင်မပြေဘူး သူတို့ corporate တွေ၊ လုပ်ငန်းတွေမှာ လိုနေသေးတဲ့ လူတွေထွက်သွားမှာ ကြောက်တဲ့အတွက် မဖြစ်မနေခန့်ထားရသေးတဲ့ ဝန်ထမ်းတွေကို အလုပ်ကြိုးစားနေအောင် အိမ်မပိုင်ပဲ အငှားနေရအောင်၊ လက်လှမ်းမမှိအောင်လုပ်ထားကြတယ်။ နောက် ဝန်ထမ်းတွေ အလုပ်ကြိုးစားပြီးမထွက်အောင် ပစ္စည်းမက်ဝါဒ နောက်ဆုံးပေါ် luxary ပစ္စည်းတခုခုကို ဝယ်နိုင်အောင် ကြိုးစားတဲ့ goal တခုခု ရှိနေအောင်လုပ်ပြီး ငါးကြင်းဆီ နဲ့ ငါးကြင်းပြန်ကြော်တယ်ပေါ့။


ဆိုတော့ ဒီစနစ်ကို အပြီးဆန့်ကျင်ဖို့ ခက်ပေမယ့် လက်ရှိလုပ်လို့ရတာကတော့ တတ်နိုင်ရင် ကိုယ်တိုင် ဘာမှမလိုပဲ မဝယ်ပဲနေ၊ တကယ်လိုအပ်လို့ ဝယ်ရရင် သဘာဝပတ်ဝန်းကျင်ကိုလဲ ကယ်တင်ရာလဲရောက်တဲ့ used, good second ထဲက ရှာဝယ်။ Minimal ဘဝနေနည်းကို ကျင့်သုံး။ Corporate နဲ့ လူအစား စက်သုံးထားတဲ့ ဆိုင်တွေမှာ အတတ်နိုင်ဆုံး လူသုံးကုန်ပစ္စည်းကို ဝယ်ဖို့ ကျင့်လို့ရနိုင်မယ်။ နောက် အတတ်နိုင်ဆုံး super market ထက်စာရင်၊ ရပ်ကွက်က ဈေးလေးတွေမှာ အိမ်ဆိုင်လေးတွေမှာ အားပေးစေချင်တယ်။ ကျွန်တော် ဥရောပ အလည်ရောက်တုန်းက ဆို တချို့ နယ်မြို့လေးတွေ အေးချမ်းပြီး လှသလောက် super market, corporate တွေက ဖျက်ဆီးထားတာ ဒေသခံ စီးပွားရေးမှန်သမျှ ဘာတခုမှမရှိတော့ပဲ ဘာဝယ်ချင်တာမဆို Jumbo, Lidl, Carrefour လို ကော်ပိုရိတ်ကြီးတွေကပဲ ဝင်ကြီးစိုးထားလို့ မြို့က လူငယ်တွေ  အလုပ်အကိုင်မရှိ၊ မိသားစု အမွေခံစီးပွားရေး သိပ်မရှိတော့ပဲ မြို့ကြီးတွေ တက် ရရာအလုပ်လုပ်နေကြရာတမျိုးတွေ မြင်ခဲ့ရတယ်။ လက်ရှိဘာအလုပ်ပဲ လုပ်လုပ် ရောက်ရာနိုင်ငံမှာ တတ်နိုင်ရင် မလိုတာ ဘာမှမဝယ်ပဲ ဘဝတည်ငြိမ်ဖို့ ကိုယ်ပိုင် အိမ်နဲ့ တည်ငြိမ်တဲ့ ဘဝ ပိုင်ဆိုင်ဖို့ ဦးစားပေးသင့်တယ်လို့ ယူဆတယ်ပေါ့။ ကျွန်တော်တို့ နိုင်ငံအနေနဲ့ကတော့ တော်လှန်ရေးအောင်ဖို့ လိုတာက ဦးစားပေးပေါ့။ နောက် ကိုယ်နဲ့ ကိုယ့်ပတ်ဝန်းကျင် အသိုင်းအဝိုင်း အဆင်ပြေဖို့လဲ ဦးစားပေးသင့်တယ်။

လက်ရှိ အရင်းရှင်စနစ်ကိုတော့ အပြီး ဆန့်ကျင်ဖို့က ခက်နေဦးမှာပေမယ့် အတတ်နိုင်ဆုံး လူသားဆန်၊ လူသားပါတဲ့ စီးပွားရေးတွေကို အားပေးစေချင်တယ်။ ပစ္စည်းဝယ်ရင် ဈေးပေါပေါနဲ့ ခဏတာပဲ ခံတဲ့ ပစ္စည်းထက် ရေရှည် အသုံးခံမယ်၊ အကြမ်းခံမယ်ဆိုတဲ့ ပစ္စည်းကို ဦးစားပေးတာပိုကောင်းပါတယ်။ အသစ်မတတ်နိုင်ရင် good second ပေါ့။ နောက် ပြင်လို့မရအောင် ညစ်ပြီးထုတ်ထားတဲ့ ပစ္စည်းတွေ မဝယ်မိစေနဲ့ပေါ့၊ ဥပမာဆို airpod လို ဘက်ထရီမကောင်းတော့ရင် ပြင်လို့မရ spare parts လဲမလာ၊ ပြင်ခွင့်လဲ မပေး၊ သဘာဝပတ်ဝန်းကျင် အမှိုက်ပွအောင် ထုတ်ထားတဲ့ ပစ္စည်းမျိုးတွေပေါ့။ နောက် ကျွန်ပြုစနစ်ကင်းတဲ့ ပစ္စည်းတွေ၊ လူမှုဖူလုံရေး အခွင့်အရေးအပြည့်အဝရတဲ့ လုပ်သားတွေ ထုတ်ထားတဲ့ ပစ္စည်းတွေကို ဦးစားပေးဝယ်စေချင်တယ်။ Shein လို လပိုင်းခံ ဖက်ရှင်အထည်တွေ၊ တရက်ကို မြန်မာငွေ ၇၂၀၀ ကျပ် ပဲပေးတဲ့ စက်ရုံက ဝန်ထမ်းတွေ အသေအကျေ တောင်းဆိုနေရတဲ့ adidas တို့လို brand တွေ ဝယ်တာထက် အခြား နောက်ကြောင်းရှင်းတဲ့ ကျွန်စနစ်ကင်းတဲ့ အဝတ်အထည်၊ စားသောက်ကုန် စတာတွေကိုပဲ ဝယ်စေချင်တယ်။ 


စာလဲရှည်ပြီမို့ လောလောဆည်တော့ ဒီလောက်နဲ့ပဲရပ်ပါဦးမယ်ဗျ နောက်မှ အခြား ဘဝဒဿနတွေ အကြောင်းဆက်ရေးပါဦးမယ်နော်။ 






Comments

My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.

Popular posts from this blog

ကျွန်တော့အတွက် အရေးကြီးတဲ့ ကင်မရာ functions များ

Blackout ဖြစ်တဲ့ ကင်မရာ နဲ့ မဖြစ်တဲ့ ကင်မရာ

ဝဿန်ရုပ်ရှင်ပွဲတော်နှင့် လွတ်လပ်သော လူငယ်များ၏ အနုပညာလက်ရာများ