ဝဿန်ရုပ်ရှင်ပွဲတော်နှင့် လွတ်လပ်သော လူငယ်များ၏ အနုပညာလက်ရာများ
မြန်မာ့ရုပ်ရှင်နှစ် ၁၀၀ ပြည့်နှစ်ဖြစ်တဲ့ ၂၀၂၀ မှာပဲ လွတ်လပ်တဲ့ ဝဿန်ရုပ်ရှင်ပွဲတော်ဟာလည်း ၁၀ နှစ်ပြည့်မြောက်ခဲ့ပြီဖြစ်ပါတယ်။ ရန်ကုန်မြို့မှာ ကိုဗစ်ရောဂါကူးစက်မှု့ကာကွယ်ဖို့ stay-at-home အမိန့်ထုတ်ထားဆဲကာလဖြစ်တဲ့ ယခုနှစ် အောက်တိုဘာလ အတွင်းမှာပဲ ဝဿန်ရုပ်ရှင်ပွဲတော်ကို ၁၀ ရက်နေ့မှ ၁၈ ရက်နေ့အတွင်း အွန်လိုင်းကနေပြောင်းလဲ ကျင်းပခဲ့တာ ဖြစ်ပါတယ်။ ယခင်နှစ်များမှာတော့ ရုပ်ရှင်ပွဲတော်ကို ရန်ကုန်မြို့လည်ရှိ ဝဇီယာ ရုပ်ရှင်ရုံ နှင့် Goethe-Institue က ကဇာတ်ရုံ တို့မှာ အမြဲကျင်းပခဲ့ပါတယ်။
ယခုနှစ်ပွဲတော်ကို အွန်လိုင်းမှ ပွဲတော်ကိုကျင်းပခြင်းက ပိတ်ကားပေါ်မှာ ရုပ်ရှင်ကားကိုကြည့်ရတဲ့ အရသာ မရနိုင်တော့ပေမယ့် အဆိုးထဲကကောင်းကွက်တစ်ခုကတော့ ရုပ်ရှင်ဆင်ဆာ ဖြတ်တောက်ခြင်းမှ ကင်းဝေးပြီး လွတ်လပ်တဲ့ ဖန်တီးမှု့များပြသနိုင်ခြင်းနှင့် မြန်မာနိုင်ငံနှင့် ကမ္ဘာအနှံ့မှ ရုပ်ရှင်ချစ်သူများ ပွဲတော်မှာ ပါဝင် ကြည့်ရှုဆင်နွဲနိုင်ခြင်းတို့ကတော့ အားသာချက်တွေဖြစ်ခဲ့ပါသည်။ ယခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်ကို နိုင်ငံ ၂၀ ကျော်မှ ရုပ်ရှင်ကြည့်သူများကနေ အကြိမ်ပေါင်း ၁၄၀,၀၀၀ ကျော် ကြည့်ရှုခဲ့တယ်လို့ ပွဲတော်စီစဉ်သူများရဲ့ သတင်းထုတ်ပြန်ချက် အရသိရပါသည်။
ယခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်မှာတော့ ဝဿန် ပြိုင်ပွဲဝင်ရုပ်ရှင်များ၊ တက်သစ်စ ပြိုင်ပွဲဝင်ရုပ်ရှင်များ၊ ဓလေ့သစ်ပုံစံ ရုပ်ရှင်များ၊ အထူးပြသသောရုပ်ရှင်များနှင့် S-Express အစီအစဉ်လို့ခေါ်တဲ့ Living Room Cinema Program ကနေပြသတဲ့ ထိုင်း၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှား၊ ကမ္ဘောဒီးယား၊ ဗီယက်နမ် နှင့် ဖီလစ်ပိုင်နိုင်ငံများမှ ရုပ်ရှပ်များဆိုပြီး အစီအစဉ် ၅ ခု ပါဝင်ခဲ့ပါတယ်။ ယခုနှစ်မှာတော့ ဇာတ်လမ်းတိုနှင့် မှတ်တမ်း ရုပ်ရှင်ကား ပေးပို့သူပေါင်း ၇၉ ကား ရရှိခဲ့ပြီး အဲဒီထဲကမှ ၃၂ ကားကို ပြသခဲ့တာဖြစ်ပါတယ်။ မဲခေါင်ဒေသနိုင်ငံများ နှင့် အရှေ့တောင်အာရှနိုင်ငံများမှ ပြိုင်ပွဲဝင်မဟုတ်သော အထူးပြသသော ဇာတ်ကားများလည်း ပြသခဲ့ပါသည်။
ရုပ်ရှင်ဆင်ဆာ နှင့် လွတ်လပ်စွာဖန်တီးမှု
မြန်မာနိုင်ငံတွင် အများပြည်သူကို ပြသမည့် ရုပ်ရှင်ဇာတ်ကားတိုင်းကို အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ မြန်မာ့ရုပ်ရှင်မြှင့်တင်ရေး ဦးစီးဌာန၊ ရုပ်ရှင်ဆင်ဆာအဖွဲ့က စိစစ်ပြီး ဇာတ်ဝင်ခန်းများ ဖြတ်တောက်မှသာပြသခွင့်ပေးခြင်း၊ သို့မဟုတ် လုံးဝ ပြသခွင့် ပိတ်ခြင်း စသည်တို့ကို ဆုံးဖြတ်ကာ ပြသခွင့် ချထားပေးခြင်း ဖြစ်သည်။
ရုပ်ရှင် ဆင်ဆာအဖွဲ့သည် လိင်နှင့်သက်ဆိုင်သည့် အကြောင်းအရာများ၊ နိုင်ငံရေးနှင့် သက်ဆိုင်သည့် အကြောင်းအရာများ၊ မြန်မာ့ ယဉ်ကျေးမှုနှင့် မဆီလျော်ဟုသော အကြောင်းခြင်းရာများဖြင့် ပြသခွင့်ပြုရန် လျှောက်ထားလာတော့ ဇာတ်ကားများအား မှတ်ချက်ပေး ဖြတ်တောက်လေ့ရှိသည်။
ဒီမိုကရေစီ စနစ်ဖြင့် အစိုးရသစ်တက်လာပြီးနောက်ပိုင်း စာပေ၊ ကဗျာ နှင့် ဂီတ ဆင်ဆာများ စိစစ်ခြင်းအား ဖြေလျော့ပေးလိုက်ပြီဖြစ်သော်လည်း ရုပ်ရှင် ဆင်ဆာစနစ်မှာ ယခင် စစ်အစိုးရလက်ထက်ကဲ့သို့ တင်းကျပ်ထားဆဲဖြစ်ပါသည်။
‘ကျွန်တော်က independent ရုပ်ရှင်တွေကို ဖန်တီးရတာကြိုက်တယ်။ ဇာတ်လမ်းနာမည် ‘လူငယ်ခြေကျ’ ဆိုတဲ့ စကားလုံးက သူငယ်ချင်းတွေကြားထဲ ပြောဖြစ်သုံးဖြစ်တယ်။ ဇာတ်လမ်းရိုက်ဖြစ်တော့ နောက် သူငယ်ချင်းတွေကြားထဲ ဖြစ်တဲ့ တစ်ယောက်ခြင်းရဲ့ ဝေဒနာတွေရှာ နောက် ကိုယ်ပြောချင်တဲ့ ဝေဒနာ သူငယ်ချင်းကို အပူကပ်ရတာတွေ စတာတွေကို ပေါင်းပြီး ‘လူငယ်ခြေကျ’ ဆိုပြီး ရိုက်ဖြစ်သွားတာပါ။’ ဟု ယခုနှစ် ဝဿန်ရှပ်ရှင်ပွဲတော်မှာ အကောင်းဆုံး ဇာတ်လမ်းတို ဆုကိုရရှိခဲ့တဲ့ လူငယ်ဒါရိုက်တာ ကိုမျိုးသာခင် က ပြောဆိုပါသည်။
လူငယ်ခြေကျ ဇာတ်ကားဟာ ပလက်စတစ် ပစ္စည်းဆိုင်မှာ အလုပ်လုပ်ကြတဲ့ စည်သူ နှင့် မင်းထက် လူငယ်သူငယ်ချင်းနှစ်ယောက်အကြားပြသနာများ နှင့် မိန်းမခိုးပြေးရန်အတွက် ငွေကြေးအခက်အခဲဖြစ်နေသည့် စည်သူ၏ ပြသနာများကို သရုပ်ဖော်ထားတဲ့ လူငယ်သဘာဝ ဇာတ်လမ်းတို ဇာတ်ကားတစ်ကား ဖြစ်ပါတယ်။ ‘ကျွန်တော်ထင်တာကတော့ Rating စနစ်က ပိုကောင်းမယ်ထင်တယ်။ လိုက်ပြီးပိတ်ပင်တာကျတော့ ကျွန်တော်တို့က ငယ်ငယ်ကတည်းက ရုပ်ရှင်ကြည့်လာတဲ့ အတွေ့အကြုံတွေမှာလဲ ပိတ်ထားတာပဲကြည့်လာရတော့၊ ကိုယ်တိုင်ပြန်ရေးတဲ့အခါကျတော့လဲ ကိုယ့်ဖာသာကိုကိုယ် တော်တော်များများကို ပိတ်ဖြစ်သွားတယ်ပေါ့။ အဲဒါကတော့ လွတ်လွတ်လပ်လပ် ဖန်တီးချင်တဲ့ အခါ မကောင်းဘူးလို့ ထင်ပါတယ်။’ ဟု လူငယ်ဒါရိုက်တာ ကိုမျိုးသာခင် က ပြောသည်။
‘ညီမ ဇာတ်ကားကို အစကတည်းက ဝဿန်ကို တင်ဖို့ ရည်ရွယ်ထားတယ်။ အရင်နှစ်တွေတုန်းကလည်း သူငယ်ချင်းတွေ သူတို့ဇာတ်ကားကို ဝဿန်ကို ရုပ်ရှင်တင်တုန်းက ဆေးလိပ်သောက်တဲ့ အခန်းတို့ဆို sign ထည့်ကာတာမျိုးရှိတယ်။ ညီမကားမှာလည်း မိန်းကလေး ၂ ယောက် ဆေးလိပ်သောက်တဲ့ အခန်းပါတယ်။ အဲဒါကြောင့် ညီမလည်း မျှော်လင့်ထားတယ် အွန်လိုင်းမှာပြမယ် ဆင်ဆာမပါဘူးဆိုတာမသိထားတော့၊ ရုံမှာပြရင်တော့ ဒီအခန်းကို ဆင်ဆာကပြောမယ်လို့ထင်တယ်လို့ မျှော်လင့်ထားတယ်ပေါ့နော်။ ပွဲကျမှ ဆင်ဆာကို deal လုပ်မယ်တွေးထားပါတယ်။ ဒါပေမယ့် ဆင်ဆာကို ရိုက်တဲ့အချိန်မှာတော့ မတွေးထားပါဘူး။’ ဟု ‘နွေနှောင်းရက်’ ဇာတ်လမ်းတို ရိုက်ကူးသူ လူငယ်အမျိုးသမီး ဒါရိုက်တာ မနေဝန်းနီ က ပြောသည်။
‘အရင်နှစ်တွေကတော့ ရုပ်ရှင်ဆင်တင်ရပြီး အခုနှစ်ကတော့ အွန်လိုင်းဖြစ်တာမို့ ဆင်ဆာတင်စရာမလိုပါဘူး။ ဒီနှစ်မှာတော့ ရုပ်ရှင်ကားတွေကို Parental Guide (PG), General audiences (G) အစရှိသဖြင့် rating အဆင့်သတ်မှတ်ချက် စမ်းသပ်ထားပြီးပြခဲ့ပါတယ်။ သေချာတာကတော့ ဒီမိုကရေစီစနစ်နဲ့သွားမယ်ဆို ၁၉၉၆ ရုပ်ရှင် ဆင်ဆာအက်ဥပဒေကို ပြင်ရမှာပါ။ အရှေ့တောင်အာရှ အခြားနိုင်ငံတွေမှာ ကြည့်ရင်လည်း rating စနစ်ကို သွားကြတာပါ။ ဒီစနစ်ကနေ ထိန်းကျောင်းသွားမှာပါ။ ၁၉၉၆ ရုပ်ရှင် ဥပဒေကို ပြင်ရပါမယ်။ ရုပ်ရှင်ဥပဒေ ပြင်ဖို့က လွှတ်တော်ကနေသွားရတာမို့ ကြာနိုင်လို့ လက်တွေ့ကျကျ အမြန်လုပ်လို့ရတာကတော့ ဝန်ကြီးဌာနကနေ နည်းဥပဒေကို ဘာတွေရှိလဲ ပိုပြီးပွင့်လင်းမြင်သာစွာ ချပြပြီး၊ နည်းဥပဒေမှာ ပြင်လို့ရတာဘာရှိလဲကနေ ပြင်လို့ရတာ အမြင်ဆုံးပြင်လို့ရနိုင်ပါတယ်။’ ဟု ဝဿန်ရုပ်ရှင်ပွဲတော် တည်ထောင်သူ တစ်ဦးဖြစ်တဲ့ ကိုသိဒ္ဓိက ပြောဆိုသည်။
လွတ်လပ်သောရုပ်ရှင်များ၏ အနာဂတ်
ယခုနှစ် ဝဿန်ရုပ်ရှင်ပွဲတော်တွင် ယခင်နှစ်များထက်ပိုပြီး အမျိုးသမီး ဒါရိုက်တာများရိုက်ကူးသော ဇာတ်လမ်းတိုများ ပါဝင်လာတာကိုလည်း တွေ့ရပါသည်။ ဇာတ်ကားအများစုမှာလည်း အဓိက ဇာတ်ကောင် အမျိုးသမီးများနှင့် သူတို့၏ စိတ်ခံစားချက်၊ ဘဝ အခက်အခဲများကို ဖော်ပြသော ဇာတ်ကားများ ပိုမိုပါဝင်လာသည်ကို ထူးထူးခြားခြား တွေ့မြင်ရသည်။
‘မိန်းကလေးဒါရိုက်တာရိုက်တဲ့ ဇာတ်ကားတွေမှာ မိန်းကလေးဇာတ်ကောင်ရဲ့ စိတ်ခံစားမှု့အခြေအနေ၊ အတွင်းပိုင်း complicated ဖြစ်တဲ့ သဘာဝကို ပိုပြီးဖမ်းဆုပ်နိုင်ကြတယ်လို့ ထင်တယ်။ မိန်းကလေးမို့လို့ မိန်းကလေး အဓိက အလေးထား ဇာတ်ကောင်ရေးတာတော့မဟုတ်ဘူး။ ကိုယ်နားလည်တာမျိုးမို့ရေးဖြစ်တာပါ။ အခုရေးနေတဲ့ နောက်ရိုက်မယ့် short film ဆိုလည်း မိန်းကလေး ဇာတ်ကောင်နဲ့ ရေးနေပါတယ်။’ ဟု လူငယ်အမျိုးသမီး ဒါရိုက်တာ မနေဝန်းနီ ကပြောသည်။
ဈေးကွက်ဝင် ရုံတင် မြန်မာ့ရုပ်ရှင်အများစုသည် မင်းသား ဦးစားပေး ဇာတ်ကားများ အများစုလွှမ်းမိုးနေပြီး၊ နာမည်ကျော် မင်းသား ကို ရွေးချယ်ရိုက်ကူးမှု့ အပေါ်မူတည်ပြီး ဇာတ်ကား လူကြည့်များခြင်း၊ ရုံတင်ခွင့်ရရန်အခွင့်ပိုများခြင်းတို့ကလည်း ကြီးစိုးနေသည်။ ပင်မဈေးကွက်ဝင် ရုပ်ရှင် ရေစီးကြောင်းတွင် အမျိုးသမီး ဒါရိုက်တာများ မရှိသလောက်နည်းပါနေချိန်တွင် ဝဿန်ရုပ်ရှင်ပွဲတော်မှ အမျိုးသမီး ဒါရိုက်တာများ ပေါ်ထွက်လာခြင်းက ဝဿန်ရုပ်ရှင်ပွဲတော်၏ ထူးခြားချက် တစ်ခုဖြစ်လာသည်။
‘ဒီနှစ်မှာတော့ အမျိုးသမီး ဒါရိုက်တာတွေ ပိုများလာတယ်။ သူငယ်ချင်း အမျိုးသမီး ဒါရိုက်တာတွေ ဇာတ်ကားတွေလဲ ပွဲတော်မှာပါတယ်။ အရင်ကလဲ ဝဿန်ပွဲတော်မှာ အမျိုးသမီး ဒါရိုက်တာတွေ ပါပေမယ့် အရမ်းမများသလို မှတ်တမ်းရုပ်ရှင်အနေနဲ့ ပါကြတာများပါတယ်။ ဒီနှစ်ကတော့ မိန်းကလေး ဒါရိုက်တာပိုများလာတယ်၊ fiction ဖက်အခြမ်းမှာ ပိုများလာတယ်။ ဒီနှစ်ဇာတ်ကားတွေကို ကြည့်ပြီး ရိုက်ချင်တဲ့သူတွေကလည်း အားတက်လာပြီး နောက်နှစ်တွေမှာ မိန်းကလေးဒါရိုက်တာတွေ ပိုများလာမယ်လို့ ထင်ပါတယ်။’ ဟု လူငယ်အမျိုးသမီး ဒါရိုက်တာ မနေဝန်းနီ ကပြောသည်။
‘ကျွန်တော်ကတော့ လွတ်လပ်တဲ့ ဇာတ်လမ်းတိုတွေ ဆက်ရိုက်နေဦးမှာပါ။ အဓိကက နိုင်ငံတကာက ရုပ်ရှင်ပွဲတော်တွေကို သွားပြချင်တယ်။ နောက် ထုတ်လုပ်မယ့်သူတွေရှာတယ်၊ နိုင်ငံတကာနဲ့တွဲပြီးရိုက်ဖို့ စတာတွေက လွတ်လပ်တဲ့ independent မှာ ပိုပြီးရုန်းကန်ရတယ်ပေါ့။ အဲဒါမျိုးတွေ စိတ်ဝင်စားလို့ ဆက်ရိုက်ဖြစ်ဦးမှာပါ။’ ဟု လူငယ်ဒါရိုက်တာ ကိုမျိုးသာခင် ကပြောသည်။
‘ညီမတို့နိုင်ငံမှာ လူငယ်လဲဖြစ်တယ်၊ ရုပ်ရှင်လဲရိုက်ချင်တဲ့သူတွေ အတွက်ကတော့ ဝဿန်ရုပ်ရှင်ပွဲတော်က လမ်းစတစ်ခုလိုဖြစ်တယ်၊ ပထမဆုံး စပြီးတက်လှမ်းရမယ့် လှေခါးထစ်တစ်ခုလိုပါပဲ။ ပွဲတော် တည်ထောင်လာတာလဲ ၁၀ နှစ်ရှိပြီဆိုတော့ ဒီ ဝဿန်ပွဲတော်ကနေပဲ စသင်တယ်လို့ထင်တယ်။ ညီမ ဝဿန်ကို ၂၀၁၇ မှ စသိပြီးတော့ ဝဿန်ကဖွင့်ပေးတဲ့ Filmmaking သင်တန်းကို ၂၀၁၈ မှာ တက်ခဲ့တယ် ဆိုတော့ ဝဿန်ကို သံယောဇဉ်ရှိတယ်ပေါ့။ ဝဿန်က မြန်မာ indie filmmaker တွေအတွက် အတော်အရေးပါတဲ့ အပိုင်းမှာ ရှိတယ်လို့ ညီမ ထင်တယ်။’ ဟု ဒါရိုက်တာ မနေဝန်းနီ က ပြောဆိုသည်။
‘ဒီနှစ်မှာဆို ၂၀ နှင့် ၃၀ ကြား ရုပ်ရှင် ဒါရိုက်တာတွေ အများကြီးထွက်လာတာကို အားရစရာတွေ့ရတယ်၊ ဒီ ဇာတ်ကားတွေကို ကြည့်ပြီးတော့ အားကျတဲ့ လူငယ်တွေလဲ အများကြီးထွက်လာမယ်လို့ မျှော်လင့်တယ်ပေါ့နော်၊ ပိုပြီးတော့ အားကောင်းလာမယ်လို့ ထင်ပါတယ်။ ကျွန်တော်တို့ ဝဿန်အနေနဲ့ ဒီတောက်လျောက်မှာ နိုင်ငံတော်ကကော ပြည်တွင်း အဖွဲ့အစည်းတွေကကော ပံ့ပိုးပေးလာရင် ပိုအားကောင်းလာမယ်လို့ မျှော်လင့်ပါတယ်။ အခုလက်ရှိအခြေအနေထိ ဝဿန်ပွဲတော်အတွက်ကတော့ နိုင်ငံတကာအဖွဲ့အစည်းတွေဖြစ်တဲ့ Goethe-Insitute, Czech သံရုံးနှင့် ဂျပန်ဖောင်ဒေးရှင်းတို့ရဲ့ ထောက်ပံ့မှု့ကို အားပြုပြီး လုပ်နေရတာဖြစ်ပါတယ်။ ရေရှည်ရပ်တည်ဖို့အတွက်ဆို ပြည်တွင်းထောက်ပံ့မှု့တွေလည်း ပိုလိုအပ်ပါတယ်။ ဒါမှမြန်မာနိုင်ငံက independent ရုပ်ရှင်တွေက ပိုပြီးအားကောင်းလာမယ်၊ နိုင်ငံတကာကလည်း အသိအမှတ်ပြုလာနိုင်ပါတယ်။ မနှစ်ကစပြီးတော့ ဝဿန်ရုပ်ရှင်ပွဲတော်က ဇာတ်ကားတွေက စင်ကာပူ ရုပ်ရှင်ပွဲတော်တွေ၊ အခြား နိုင်ငံတကာပွဲတော်တွေအထိသွားပြီး ဆုတွေရခဲ့တယ်။ ဒီနှစ်ဆိုရင်လည်း ဝဿန်က ကားတစ်ကားကို စင်ကာပူ international film festival မှာ အရွေးခံရပါတယ်။ မြန်မာနိုင်ငံကထွက်လာတဲ့ ဇာတ်ကားတွေကို စိတ်ဝင်စားလာကြပြီလို့ ပြောလို့ရပါတယ်။ ဒီလမ်းကြောင်းကို ဆက်ပြီးတော့ support လုပ်ပေးနိုင်ရင်တော့ အားပိုကောင်းလာမယ်လို့ ထင်ပါတယ်။’ ဟု ဝဿန်ရုပ်ရှင်ပွဲတော် တည်ထောင်သူ ကိုသိဒ္ဓိမှ ပြောသည်။
မှတ်ချက် - ယခုဆောင်းပါးကို ၂၀၂၀ တုန်းက Goethe-Institute အတွက် ရေးခဲ့တာဖြစ်ပါတယ်။ ခုတော့ ရုပ်ရှင်ပွဲတော်တွေလုပ်ဖို့ ဆိုတာ အရမ်းခက်သွားပြီး လူငယ်တွေအတွက်လဲ လွတ်လပ်တဲ့ ရုပ်ရှင်တွေဆက်ရို က်ကူးဖို့ ခက်ခဲနေမယ်လို့ ထင်ပါတယ်။
Comments
Post a Comment