ကြည့်ရှုသူကို မေးခွန်းထုတ်သော ဓာတ်ပုံများ
ကျွန်တော်တို့ ဓာတ်ပုံတွေအကြောင်းပြောရင် မြန်မာနိုင်ငံမှာ လိုအပ်နေပေမယ့်တွေ့ ရနည်းတဲ့ ဓာတ်ပုံအမျိုးအစားအကြောင်းတွေကို များများပြောချင်ပါတယ်။ အဲဒီထဲက အမျိုးအစားကတော့ မှတ်တမ်း နှင့် သတင်းဓာတ်ပုံ အမျိုးအစားပါ။ ကျွန်တော်တို့ဆီမှာ ဓာတ်ပုံဆရာလို့ပြောရင် အများစုက ရှုခင်းပုံ၊ ခရီးသွား ဒေသန္တရအလှပုံ နှင့် လူအလှပုံရိုက်သူတွေလို့ပဲ အများစုက ထင်ကြပါတယ်၊ တကယ်လဲ ဓာတ်ပုံ လောကရဲ့ နာမည်ကြီး ဓာတ်ပုံဆရာအများစု၊ ဓာတ်ပုံအသင်းအဖွဲ့တွေက ဒီအထက်ပါ အမျိုးအစားတွေကို အထူးပြုတဲ့ ဓာတ်ပုံတွေများကြတာပဲတွေ့ရပါတယ်။
ဒီဘက် ဆယ်စုနှစ်တခုကျော်အတွင်းမှာ မှတ်တမ်း ဓာတ်ပုံ၊ သတင်းဓာတ်ပုံ၊ အနုပညာရသ အထူးပြု နှင့် လမ်းပေါ်ကဓာတ်ပုံ အမျိုးအစားတွေ စပြီးကျယ်ပြန့်လာပေမယ့် အဆိုပါ အမျိုးအစားတွေနဲ့ ပက်သတ်တဲ့ ပညာရပ်မျိုး လေ့လာဖို့ခက်ခဲတာ၊ ပြန်လည်မျှဝေပေးမယ့်သူရှားပါးတာနဲ့ ထင်သလောက်တော့ ကျယ်ပြန့်မလာဘူးလို့ ကျွန်တော်က ယူဆပါတယ်။ အရင်ခေတ်တွေမှာလဲ ဒီလိုအမျိုးအစားကို အထူးပြုသူ ဓာတ်ပုံဆရာရှားပါးခဲ့ပုံရပြီး ထိမ်းသိမ်းမှုအားနည်းခဲ့တာကြောင့် ဒီနေ့ခေတ်မှာ လွန်ခဲ့တဲ့ အနှစ် ၃၀ နှင့် အထက်က မြန်မာနိုင်ငံက လူမှု့ရေး၊ နေထိုင်မှု့ပုံစံ နှင့် နိုင်ငံရေးအခြေအနေပြ မှတ်တမ်းဓာတ်ပုံဆို အင်မတန်နည်းပြီး အများစုက အဲဒီအချိန်တွေက မြန်မာနိုင်ငံကို အလည်လာဖူးတဲ့ နိုင်ငံခြားသားတွေဆီက ပုံတွေပဲ ပြန်ကြည့် ကိုးကားနေရဆဲပါ။
ဓာတ်ပုံအသင်းအဖွဲ့များ အနေနဲ့ဆိုရင်တော့ အများစုက ပြိုင်ပွဲဝင်ဖို့ နိုင်ငံတကာ ဆုများရယူဖို့နဲ့ ခေတ်ကိုထင်ဟတ်တဲ့ပုံဆိုတာမျိုးက တိုက်ရိုက်အနေနဲ့လဲမမြင်ရသလို၊ သွယ်ဝိုက်သရုပ်ဖော်တာမျိုးတောင် မမြင်ရဘူးလို့ပဲဝေဖန်ချင်ပါတယ်။ လွန်ခဲ့တဲ့ အနှစ်၂၀ ကျော်က ပုံတွေဆိုလည်း ပုဂံကလှည်းတန်း၊ ကိုရင်များစာဖတ်၊ ရှိန်းမကားမှာ ဆွမ်းလောင်း၊ အင်းလေးမှာ လှေလှော် ပဲဖြစ်သလို အနှစ် ၃၀ ကျော်က ပုံများလဲ ထို့အတူ၊ လက်ရှိအချိန်လဲ ဒီလိုပုံများပါပဲ။ ခေတ်အဆက်ဆက်က လမ်းပေါ်က မှတ်တမ်းတင်ခဲ့သူ ဆရာများ ရှိကောင်းရှိခဲ့နိုင်ပေမယ့် အသင်းအဖွဲ့ထဲတွေမှာ ဘောင်ဝင်ခဲ့ပုံမပေါ်ပါဘူး။ ရှုခင်းပုံ၊ ခရီးသွား ဒေသန္တရအလှပုံ တွေ လဲ ရှိသင့်တဲ့အမျိုးအစားဆိုတာလက်ခံပါတယ် ဒါပေမယ့် အမျိုးအစားစုံတဲ့ ဓာတ်ပုံတွေကို အားပေးဖို့ အသင်းအဖွဲ့တွေ ပျက်ကွက်ခဲ့တာ ငြင်းမရသလို၊ ဒီလို စီစဉ်ရိုက်ယူရတဲ့ အမျိုးအစားတွေက ဓာတ်ပုံလောကထဲ ကြီးစိုးလွန်ပြီး နောက်ပိုင်း အဲဒီလိုပုံတွေကိုပါ မှတ်တမ်း ဓာတ်ပုံ၊ street ဓာတ်ပုံ လို့ပါ ကြွေးကြော်လာတာမျိုးတွေတွေ့ရတာ အဆင်တော့မပြေနေပါဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် မြန်မာနိုင်ငံက visual arts မှာ ခေတ်အဆက်ဆက်က မြန်မာလူထုရဲ့ လူနေမှု့ဘဝ အခက်အခဲတွေကို ထင်ဟပ်အောင်ပြခဲ့တာ ဓာတ်ပုံဆရာတွေထက် ပန်းချီဆရာ နှင့် မဂ္ဂဇင်း သရုပ်ဖော်ပန်းချီဆရာတွေ၊ ကာတွန်းဆရာတွေကတောင် ပိုအားရဖို့ ကောင်းတယ်လို့ မြင်ပါတယ်။
ဓာတ်ပုံတပုံ ကနေ ပေးနိုင်တဲ့ ရသဟာ အမြင်အာရုံ ပသာဒဖြစ်စရာ သာယာပျော်ရွှင်တာမျိုးပဲဖြစ်ရမယ်ဆိုတဲ့ အယူအဆထက် ဓာတ်ပုံကနေ ရသစုံပေးနိုင်တယ်၊ ခေတ်နဲ့ လူထုရဲ့အခက်အခဲ ဒုက္ခတွေကိုလဲ မှတ်တမ်းတင်နိုင်ရမယ်၊ ဓာတ်ပုံကြည့်ရှုသူကို မေးခွန်းထုတ်ပြီး လူထုအဖိနှိပ်ခံရမှု့ မှတ်တမ်းတွေ အခုချိန်မှာပိုလိုအပ်နေပါပြီ။ ဆက်ရရင် ဓာတ်ပုံကနေ ကြည့်ရှုသူကို မေးခွန်းထုတ်လို့ရနိုင်လား၊ အဖြေရှာဖို့ ဖိအားပေးနိုင်လား ဒါမှမဟုတ် ဓာတ်ပုံစီးရီးထဲမှာပဲ အဖြေပါအောင် ပြနိုင်သလား မေးစရာတွေရှိပါတယ်။
တကယ်တော့ ဓာတ်ပုံကနေ ကြည့်ရှုသူကို မေးခွန်းထုတ်နိုင်ခဲ့တာ ဓာတ်ပုံကနေတဆင့် သတင်းအချက်အလက်တွေကို အပြောင်းအလဲဖန်တီးနိုင်မယ့် သူတွေလက်ထဲရောက်အောင်လုပ်နိုင်ခဲ့လို့ အပြောင်းအလဲတွေ၊ တရားမျှတမှုတွေ ဆောင်ပေးနိုင်ခဲ့တဲ့ ဓာတ်ပုံဆရာတွေအများကြီး ကမ္ဘာ သမိုင်းမှာ ရှိခဲ့ပါပြီ။ ဒီလိုမျိုးအပြောင်းအလဲတွေဖြစ်လာနိုင်ဖို့ ဓာတ်ပုံကနေ သတင်းအချက်အလက်မျှဝေရတာ ခက်ခဲသလို၊ ဒီနေ့ခေတ်လို ကမ္ဘာအနှံ့မှာ ပဋိပက္ခ၊ လူမှုရေး၊ စီးပွားရေး နဲ့ သဘာဝပတ်ဝန်းကျင် ဒုက္ခတွေအပြိုင်ဖြစ်နေချိန်မှာ အပြောင်းအလဲ တခုဖြစ်လာနိုင်ဖို့က ပိုခက်ခဲပါတယ်။ ဘာပဲဖြစ်ဖြစ် မှတ်တမ်းတင်နေရမှာကတော့ ဒီလို မှတ်တမ်းဓာတ်ပုံဆရာတွေရဲ့ တာဝန်ပါပဲ။
ကျွန်တော့်အမြင်ကတော့ ဓာတ်ပုံမှတ်တမ်း သမားတွေအနေနဲ့ လမ်းပေါ်ကဓာတ်ဆရာတွေ အနေနဲ့ လက်ရှိခေတ်ကို ထင်ဟပ်တဲ့ လူမှုရေး၊ စီးပွားရေးတွေကို လက်ရှိအချိန်မှာ များများ မှတ်တမ်းတင်စေချင်ပါတယ်။ ဖမ်းဆီးစစ်ဆေးတာတွေ ရှိနေပေမယ့် အခြား နေ့စဉ်ဘဝလေးတွေကနေ အန္တရာယ်အနည်းဆုံးနည်းနဲ့ မှတ်တမ်းတင်နေလို့ရသလို၊ ကိုယ့်မိသားစု နဲ့ အနီးအနားက မိသားစုတွေရဲ့ လူနေမှုဘဝ ပြောင်းလဲနေပုံတွေကို မှတ်တမ်းတင်ရင်းလဲဖြစ်နိုင်ပါတယ်။ အရင်လို မီးမမှန်တော့တာ၊ ရေမီးခက်ခဲတာ၊ ငွေကြေးဖောင်းပွမှု ရိုက်ခက်ခံရတာလေးတွေကိုလဲ ဓာတ်ပုံကနေ မှတ်တမ်းတင်နေလို့ရပါတယ်။ သတင်းမှတ်တမ်း ဓာတ်ပုံဆိုရင် အများစုက စက်ရပ်သတင်း၊ လူအများစုစိတ်ဝင်စားမယ့် လက်ရှိ သတင်းတွေ ရိုက်သင့်တယ်လို့ ထင်ကြပေမယ့် ကျွန်တော့်အမြင်ကတော့ ဒီလို သတင်းတွေက များသောအားဖြင့် မှတ်တမ်းအနေနဲ့ ဖြစ်တာများပြီး နောက်ဆက်တွဲ သတင်းတွေ ဆက်မရိုက်တဲ့အခါ ဘာမှသိပ်ပြီး ထူးခြားမကျန်ဘူး လို့ထင်ပါတယ်။
ဓာတ်ပုံသမား အများစုနောက်ထပ် လုပ်မိတဲ့ အမှားကတော့ အမြင်ပသာဒ ဖြစ်ဖို့ကို ဦးစားပေးကြတာရယ်၊ shock value လို့ခေါ်တဲ့ ရသထက် ထူးဆန်းအံ့ဩစရာတွေကို ဦးစားပေးကြတာ လို့ ကျွန်တော်ယူဆပါတယ်။ သတင်း မှတ်တမ်း ဓာတ်ပုံဆရာတွေ လမ်းပေါ်က ဓာတ်ပုံဆရာတွေဟာ ဇာတ်လမ်း ဖြစ်စဉ် အကြောင်းအရာ တွေကို ဦးစားပေးဖို့အထက် ကိုယ့်ပုံကြည့်လိုက်ပြီး လူအများစု နားလည် အားကျစေနိုင်မယ့် အရောင်တွေ၊ composition ဓာတ်ပုံအထားအသိုတွေ၊ ဓာတ်ပုံကို စစမြင်မြင်ချင်း ၅ စက္ကန့်လောက်သာ အံ့ဩစေမယ့် ပုံမျိုးတွေ ဦးစားပေးကြတာများပါတယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင်လဲ ဒီလို အတွေးနဲ့ forced perspective မျိုး၊ အံ့ဩသွားစေမယ့် ပုံမျိုးကို အရင်ရှာပြီး ဇာတ်လမ်း၊ ရည်ရွယ်ချက် မျိုးသိပ်မပါတာကို မြင်ရတာပိုများပါတယ်။ ဓာတ်ပုံမှာ တပုံကောင်းအပြင် အကြောင်းအရာတခုကိုပဲ တစိုက်မတ်မတ် အချိန်ပေး သတင်းမှတ်တမ်းယူတာမျိုးဆို ပိုရှားပါတယ်၊ အဖြစ်အပျက်တခုကို လူစိတ်ဝင်စားမယ့် အချိန်လောက် ကာဗာ လုပ်ပြီး နောက်ဆက်တွဲ မှတ်တမ်းတင်တာမျိုး တွေ့ရခဲပါတယ်။
ဓာတ်ပုံတွေကို တပုံကောင်းမဟုတ်ပဲ အကြောင်းအရာတခုကို အချိန်ပေးရိုက်ကူးပြီး ဓာတ်ပုံစီးရီး အနေနဲ့ မှတ်တမ်းတင်တာရှားသလို၊ ဓာတ်ပုံ editing ပညာဆိုလျင်လဲ ဓာတ်ပုံအရောင်ချိန်တာ၊ photoshop ပြင်တာလောက်ကို edit လို့ အယူအဆရှိကြပါတယ်။ တကယ်တော့ ဓာတ်ပုံ edit ဆိုတာ ပုံတပုံခြင်းစီပြင်တာတင်မဟုတ်ပဲ ဒီပုံပြီးရင် နောက်ဘာပုံလာသင့်သလဲ၊ ဒီပုံပြီးရင် နောက်ထပ် ဒီပုံလာလိုက်ရင် ဘယ်လိုရသပေးသလဲ။ သွယ်ဝိုက်ပြီး ဘာတွေပြောလို့ရသလဲ၊ ရှေ့ပုံနဲ့ နောက်ပုံယှဉ်ကြည့်ရင် တိုက်ရိုက်အဓိပ္ပါယ် တခုကို ပြောတာမျိုးရှိလား၊ သွယ်ဝိုက်ပြီး အတ္တိသရဝုတ္တိ အလင်္ကာ လို တင်စားပြီး စီထားမလားဆိုတဲ့ ပညာရပ်မျိုးတွေ ရှိပါသေးတယ်။ ဒီထဲမှာ ကြည့်ရှုသူရဲ့ မျက်လုံးက ပထမပုံမှာ ဘယ်နေရာကို အဓိကကြည့်နေနိုင်ပြီး နောက်တပုံကိုမြင်တဲ့အခါမှာ သူမျက်လုံးကို ဘယ်လောက် ကစားစေချင်သလဲ ဘာကြောင့် ကစားမှာလဲ ဆုံးဖြတ်ရမယ့် ပညာရပ်တွေ စဉ်းစားရမယ့် အချက်တွေ ရှိပါသေးတယ်။ ဒီလို တည်းဖြတ် ဓာတ်ပုံစီ ပြီးမှ ကိုယ့်ဓာတ်ပုံကို ပြပွဲ အင်တာနက် စတာတွေကနေ တင်ဆက်ပြသပြီး ရသနဲ့ အတွင်းကျကျ အချက်အလက်တွေကို ပေးနိုင်ဖို့ စဉ်းစားရမှာ ဓာတ်ပုံဆရာတာဝန်ဖြစ်ပါတယ်။
ဒီလို မှတ်တမ်း ဓာတ်ပုံ ပညာစိတ်ဝင်စားသူတွေ အနေနဲ့ လက်ရှိ ရှိနေတဲ့ ဘယ်လို ကင်မရာအမျိုးအစားနဲ့မဆို ဖုန်းကင်မရာနဲ့ပဲဖြစ်ဖြစ် အန္တရာယ်မရှိနိုင်တဲ့ အနေအထားတခုကနေ ခေတ်ကိုမှတ်တမ်းတင်ဖို့ဆိုတာ သမိုင်းပေးတာဝန်တခုလိုဖြစ်လာပြီလို့ ကျွန်တော်ထင်ပါတယ်။ ကိုယ့်အနီးအနားမှာ ဖြစ်ပျက်နေတာတွေကို မှတ်တမ်းတင်ရင်းကနေ ဒီထက်ပိုကြီးတဲ့ ခေတ်ကိုထင်ဟပ်တဲ့ စတိုရီမျိုး ရိုက်လို့ရသလို၊ ရိုက်ထားတာတွေကိုလဲ ရန်သူ ၅ ပါးကြောင့် မပျက်စီးနိုင်အောင် မှတ်တမ်းတွေ သိမ်းထားဖို့လိုအပ်နေပါတယ်။ နောင်များမှာ အလျဉ်းသင့်သလို နိုင်ငံတကာက အားကျအတုယူစရာ အပြောင်းအလဲတွေနဲ့ သမိုင်းမှတ်တမ်းတွေတင်ခဲ့သူ ဓာတ်ပုံဆရာတွေ အကြောင်းရေးပါဦးမယ်။ အခုလက်ရှိရေးထားတာတွေကတော့ ကျွန်တော့်အယူအဆ မို့ လွတ်လပ်စွာအမြင် အယူအဆကွဲလွဲနိုင်ပါတယ်။
Photo by Marcus Bleasdale
Comments
Post a Comment