ဓာတ်ပုံပညာနှင့် အခွင့်အလမ်း၊ ဝိရိယထုတ်လေ့လာခြင်း

 


ဒီတခေါက်တော့ အရင် ရက်ကလိုပဲ ရောက်တတ်ရာရာနဲ့ ကျွန်တော့ အမြင်အယူအဆ၊ ခံယူချက်တချို့ ရေးဖြစ်ပါတယ်။ ဒီတခေါက်ကတော့ ပညာရပ်တခုခု မှာ ဝါသနာပါလို့ ကြိုးစားကြတာခြင်းတူတူ ဘာကြောင့် ခရီးရောက်မှု ကွာခြားသလဲပေါ့။ 


အခွင့်အလမ်း၊ အခွင့်ထူး


ဝါသနာပေါ်အခြေခံတဲ့ ပညာရပ်ကို တကယ် စိတ်ပါဝင်စားပြီး တကယ်ကြိုးစားအားထုတ် လေ့လာခြင်းတူတူမှာ တိုးတက်မှု၊ ခရီးရောက်မှု ကွာရခြင်းထဲမှာ အခွင့်အလမ်း၊ အခွင့်ထူးကွာခြားခြင်း (privilege) ကွာခြင်းက အရေးကြီးတဲ့ တချက်ဖြစ်တယ်လို့ ကျွန်တော်က ယူဆတယ်။ 


ဒီ အခွင့်အလမ်းကွာခြင်းကြောင့် လေ့လာသူခြင်းတူတူမှာ ခရီးရောက်မှု ကွာခြားချက် ကြီးမားတယ်လို့ထင်တယ်။ တာထွက်တဲ့ အချိန်နေရာ မတူသလိုပေါ့ ပန်းတိုင်ရောက်ဖို့က အချို့အတွက်က သက်သာသလောက်၊ အချို့အတွက်က သူများရောက်တဲ့နေရာ ရောက်ဖို့ အများကြီး ပိုကြီးစားရတယ်။ 


မွေးကတည်းက ဓာတ်ပုံလုပ်ငန်းလုပ်ကိုင်တဲ့ အိမ်မှာ မွေးတဲ့ သူနဲ့ ခေါ်ပေါ် စက်ပစ္စည်း ဘာမှမဝယ်နိုင်တဲ့ မိသားစုမှာ မွေးသူ ဓာတ်ပုံပညာရှင် ဖြစ်ဖို့ အားထုတ်ခဲ့ရခြင်းမတူပါ။ သူများ ၁၀ လှမ်းလောက်နဲ့ ရောက်တဲ့နေရာကို ကိုယ်က အလှမ်း ၁၀၀ လောက်ရောက်ရတာ ဘဝ ကပေးလာတဲ့ တာထွက်ရတဲ့ privilege မတူနေလို့ပါ။ 


ပေးထားချက်မတူတဲ့ ဘဝ အခြေအနေမှာ ရှိနေခဲ့ရင် စိတ်ဓာတ်တော့ မကျစေချင်ဘူး။ ကြိုးစားရင်း တဖြည်းဖြည်း လျောက်စေချင်တယ်၊ သူများထက်ပို လျောက်ရမှာ ဖြစ်သလို စဉ်ဆက်မပြတ်လုံ့လထုတ်မှ ဖြစ်မှာပါ။ ဒီလို မိုတီ လိုစာတွေ ရေးရတာ နည်းနည်းတော့ လက်တွန့်ပါတယ်၊ ဒီစကားတွေက အခြေအနေ နည်းနည်း ကောင်းသူကိုပဲ ပြောမှ အဆင်ပြေတာမို့ပါ။ ကျွန်တော်ဆို အရင်နှစ်က ရေကြီးချိန်တုန်းက အွန်လိုင်း ဆယ်လီတယောက် နဲ့ သူ့ပို့စ်က comment section မှာ ရန်ဖြစ်ရသေးတယ်။ 


သူရေးထားတာက ရေတောင်ပြန်မကျသေးဘူးဗျာ ကြိုးစားရင် ဘာမဆိုဖြစ်နိုင်တယ်။ သူဆို မိဘမတတ်နိုင်တဲ့ ကြားကနေ တအားကြိုးစားလို့ စကော်လားရှစ်ရပြီး နိုင်ငံခြားမှာ ကျောင်းတက်နေနိုင်တယ်ပေါ့ဗျာ။ မကြိုးစားရင်တော့ သူလိုအခြေအနေ မရောက်နိုင်ဘူးပေါ့။ တချို့လူတွေဟာ ကိုယ့်မှာ မွေးကတည်း ကိုယ်ကိုတိုင် သတိမထားပဲ ရနေတဲ့ အခွင့်ထူးကို သတိမမူမိတော့တဲ့ အခါ အဲဒီလို မင်းတို့ ဆင်းရဲတာ၊ တိုးတက်မလာတာ မကြိုးစားလို့ဆိုတဲ့ အတ္တနဲ့ အာချောင်ကောင်းတိုင်း အာချောင်တော့တာပဲ။ 


စစ်ရှောင်ကလေး တယောက်အတွက် သူလို စကောလာရှစ်ရဖို့ ကြိုးစားရမှာဆို သူမြို့ပေါ်မှာ အားထုတ်ရတာထက်ပိုခက်ခဲတယ်ဆိုတာ နားမလည်နိုင်ဘူး၊ တကယ်လို့ စစ်ရှောင်စခန်းမှာ သင်ပေးမယ့် ဆရာကောင်းရှိနေလို့ စကော်လာရှစ်ရတယ်ပဲထား၊ ဒီကလေးမှာ ပတ်စပို့လုပ်ခွင့်မရှိရင်ကော၊ ပတ်စပို့လုပ်လို့ရတယ်ပဲထား မိဘက မြေမြှပ်မိုင်းနင်း မိထားလို့ ခြေမရှိလို့ ဒီကလေးကပဲ ပြုစုပေးနေရတာဆို ဘယ်လိုသွားမလဲ။ 


အဲဒီလို တာထွက်မတူတာကြောင့် ဓာတ်ပုံရိုက်သူလူငယ်တွေဆို ကျွန်တော် အရမ်းမတိုက်တွန်းဖြစ်ဘူး။ အခက်အခဲ ရှိရင် ကူညီပေးနိုင်သလောက်ကူညီပေးဖို့ ပဲစဉ်းစားတယ်။ ဓာတ်ပုံအလုပ်က တကယ်တော့ အတ္တ ဦးဆောင်လုပ်ရတဲ့ အလုပ်ပဲ။ Commercial ဓာတ်ပုံလိုင်းမဟုတ်တဲ့ သတင်း၊ မှတ်တမ်း ဓာတ်ပုံအလုပ်မျိုးဆို အန္တရာယ်လဲများသလို အိမ်နားတင် ရိုက်လို့ရတဲ့ အလုပ်မဟုတ်၊ ငွေလဲမဝင်တဲ့ အလုပ်မျိုးဆိုတာ မိသားစုကို ပြန်ကြည့်စရာမလိုသေးတဲ့ အခွင့်ထူးရှိနေတဲ့ သူမှလုပ်လို့ အဆင်ပြေတဲ့ အလုပ်ပါ။ 


ဆရာကောင်း၊ ပညာရှင် ကောင်းနဲ့ ဆုံရခြင်း 


ဒါကလဲ အခွင့်ထူးတခု ပါပဲ ကိုယ့်ကို သင်ကြားလမ်းညွှန်ပေးမယ့် ဆရာကောင်းနဲ့ ဆုံတဲ့ အခါ သူများ ဒစ်လည်လမ်းပျောက်နေချိန် ကိုယ်က လမ်းညွှန်ပေးသူကြောင့် တောနက်ထဲက ထွက်လာနိုင်သလိုပါပဲ။ မြန်မာမှာဆို အလှဓာတ်ပုံ၊ ရှုခင်း၊ စီးပွါးရေးဆိုင်ရာ ဓာတ်ပုံပညာတွေအတွက် သင်တန်းကောင်းတွေများများ ရှိပေမယ့် အနုပညာဖန်တီးမှု၊ သတင်းနှင့် မှတ်တမ်း ဓာတ်ပုံအခန်းကဏ္ဍကတော့ သင်တန်းလဲ မရှိသလို ဒီပညာရပ်တွေကို လေ့ကျင့်သူက အရမ်းနည်းတော့ လေ့လာဖို့ ပိုခက်တာပေါ့။ 


ဒီအခါ နိုင်ငံခြားက သင်တန်းတွေကိုမှ အခမဲ့ စကော်လားရှစ်ပေးတဲ့ webinar, zoom workshops တွေ တက်မှ အဆင်ပြေတယ်။ ဒီဟာတွေတက်ဖို့ဆိုတာကလဲ မီး၊ အင်တာနက်ရှိဦးမှ နောက် အင်္ဂလိပ်လိုလဲ ရဖို့လိုလာတယ်။ 


စူးစမ်း စမ်းသပ်ခြင်း


ပညာရပ်တိုင်းမှာ တိုးတက်လာတာနဲ့ အမျှ အမျိုးအစားကွဲတွေ အများကြီး ရှိပါတယ်။ ဂီတ မှာတောင် ဟစ်ဟော့၊ ဂျက်ဇ်၊ ပေါ့၊ ရောခ့်တွေ ကွဲသလိုပေါ့။ ဓာတ်ပုံမှာလဲ အမျိုးအစားတွေ အများကြီးရှိသလို၊ ရှိတဲ့ အမျိုးစားကွဲ ခေါင်းစဉ်အောက်မှာကို သိမ့်မွေ့တဲ့ ချဉ်းကပ်ပုံ အယူအဆကွဲလွဲတာ။ ဒီအကြောင်း အရာကိုပဲ ဓာတ်ပုံဆရာ ၂ ယောက် ရိုက်တဲ့အခါ ချဉ်းကပ်ပုံ မတူတာဖြစ်နိုင်ပါသေးတယ်။ 


ဆိုတော့ ဓာတ်ပုံပညာ စပြီး စိတ်ဝင်စားပြီဆို လိုင်းစုံ စမ်းကြည့်ပါ လူအလှပုံ၊ ရူခင်းပုံ၊ တောရိုင်းတိရိစ္ဆာန်ပုံ၊ အနုစိတ် မာခရို ဓာတ်ပုံ၊ ပြန်ဆင်သရုပ်ဖော်တဲ့ပုံ စသဖြင့်ပေါ့။ ဒါမှ ကိုယ်က  ဘယ် ဟာကို ဝါသနာပါလဲ သိမှာ ဒါမှ ကိုယ်စိတ်ဝင်စားတဲ့ လမ်းကို ဆက်လျောက်လို့ရမှာ။  ကိုယ်က ဓာတ်ပုံတွေ သုံးပြီး ဘာအကြောင်းကို အဓိကပြောချင်တာလဲ ပြန်ဆန်းစစ်။ သူများတွေ ဘော်ဒါတွေယောင်လို့ လိုက်ယောင်တာတော့ အဓိပါယ်မရှိဘူး။ 


နောက်တခုက ကျွန်တော်ကို အထင်လွဲနေမှာ စိုးလို့ ကိုရင်တွေ၊ မြင်းလှည်းတွေ စတဲ့ ဆင်ရိုက်တာကို တိုက်ခိုက်တယ်ထင်နေမှာ စိုးလို့ ဆင်ရိုက်တာ၊ အတိတ်၊ ပျောက်ကွယ်သွားတဲ့ ယဉ်ကျေးမှုကို ဆင်ပြီး ပြန်ဖော်ထုတ်တာ ကျွန်တော် ကြိုက်ပါတယ်။ မကြိုက်တာ ဖန်တရာတေ မြင်ကွင်း၊ အော်ဂနိုက်ဇာကဆင်ပေးပြီး ပိုက်ဆံပေး photo tour ကို လိုက်ကြပြီး အားလုံး စက်ရုံထုတ်ထွက်လာသလို ဆင်တူလေးတွေပုံရပြီး နှစ်ပေါင်းများစွာ ဒီပုံတွေနဲ့လည်နေတဲ့ ရပ်ဝန်းကို လှောင်ပါတယ်။ ယဉ်ကျေးမှုအခြေခံ ပြန်ဖော်ထုတ်တဲ့ ဆရာတယောက်ဆို တော်တော်သဘောကျမိတယ် နာမည်တော့ မရေးတော့ပါဘူး၊ လူချင်းလဲမသိပါဘူး သူရဲ့ အချိန်ပေးထားမှု၊ prop ပစ္စည်းလေးတွေကအစ သေချာ ဆင်နိုင်မှု၊ ဆန်းသစ်မှု၊ ကိုယ်ပိုင်ဟန်နဲ့လမြင်တာနဲ့ သူရိုက်တာမှန်း တန်းသိနိုင်တဲ့ အစအစ ကိုယ်ပိုင်ဟန် ရှိသူ အဲဒီဆရာကိုတော့ လေးစားပါတယ်။ အချုပ်ဆိုရရင် သူများလုပ်တာမို့ လိုက်လုပ်တာထက် ကိုယ်က ဘယ်လိုမျိုးပုံရိုက်ချင်တာလဲ ကိုယ့်ကိုကိုယ် ရှာဖွေသင့်ပါတယ်။


English ဘာလို့ လေ့လာဖို့လိုလဲ


အင်္ဂလိပ်လို လေ့လာဖို့ ကျွန်တော်အားပေးပေမယ့် အရမ်းကြီး ကျွမ်းကျင်အောင်ထိ တော့ လေ့လာဖို့တော့ မလိုပါဘူး။ တော်ရုံ စကားပြော အဆက်အဆံလုပ်နိုင်လောက်တဲ့ အဆင့်ဆို အဆင်ပြေပါတယ်။ မှားပြောမိမှာ၊ ထောက်တာလဲ ရှက်စရာမလိုပါဘူး။ ကျွန်တော်လဲ မကျွမ်းဘူး အဓိကက ကိုယ်ပြောချင်တာပြောနိုင်ဖို့ AI မျိုးမှာ prompt ရိုက်တတ်ရင် သဒ္ဒါအထားအသိုက အစပြန်ပြင်ရေးခိုင်းလို့ရပါတယ်။ 


အင်္ဂလိပ် ဘာသာစကားကို လေ့လာသင့်တယ် ဆိုတာကို သဘောမကျတဲ့ အနုပညာရှင်တွေလဲ ရှိပါတယ် အဓိကက ကိုလိုနီစနစ်ကနေ ကြီးစိုးသွားတဲ့ ဘာသာ စကားဖြစ်နေတာကြောင့်ပါ။ ခက်တာ လက်ရှိအထိက ကမ္ဘာမှာ အတွင်အကျယ်ဆုံး ဘာသာစကားဖြစ်နေတာ၊ ပြင်သစ်လို ကြီးကျယ်တဲ့ကောင်တွေ ပါ အောင့်သက်သက်နဲ့ သုံးနေရတာ၊ တကယ့် အတွင်းကျကျ သင်ပေးနိုင်တဲ့ သင်တန်းတွေမှာ မြန်မာ ဘာသာပြန် ထားမပေးနိုင်တာ၊ လောလောဆယ် အင်္ဂလိပ် - မြန်မာ စကားပြော ဘာသာပြန်စနစ်တွေဟာ မမှန်မကောင်းသေးတာကြောင့် မကြိုက်သော်လဲ ဒီ ဘာသာ စကားကိုတော့ နည်းနည်းလောက် သိထားတာ မမှားဘူးလို့ အကြံပေးပါရစေ။ 


စဉ်ဆက်မပြတ် အားထုတ်တဲ့ ဝိရိယ 


ပညာရပ်တွေ လေ့လာတဲ့အခါ ဆရာကောင်းတွေ့ ရုံနဲ့ မပြီးပါဘူး၊ ကိုယ်က ဒီပညာရပ်ကို လေ့ကျင့်၊ စဉ်ဆက်မပြတ် အားထုတ်တဲ့ ဝိရိယ ရှိမှ တိုးတက်တာပါ။ ဆရာတွေဟာ သင်တန်းမှာ အလုပ်ရုံ ဆွေးနွေးပွဲမှာ အတွေးအခေါ်၊ အယူအဆပိုင်း၊ ချဉ်းကပ်ပုံ ကို ပဲပြောပြပေးလို့ရတာပါ။ တကယ် လုပ်ရမှာ သင်တန်းသား တာဝန်ပါ။ 


သီအိုရီတွေ သိပြီး လက်တွေ့မသိတဲ့ သူတွေ အပြင်လောကမှာ အများကြီးပါ။ လက်တွေ့ နဲ့ ပေါင်းစပ်မှ အော် ဆရာ ပြောတာ ဒီနည်းနဲ့လုပ်ရင် သွားရင် ဒီလမ်းဆုံရောက်ပါလားဆိုတာ မျိုး တကယ်ခရီးရောက်မှာပါ။ ဆရာကောင်းဆီမှာ တူတူသင်ခဲ့ရတာခြင်း တူခဲ့ရင်တောင် ခရီးရောက်မှုကွာတာ လက်တွေ့လေ့ကျင့်ဖို့ အခွင့်အလမ်း ဘဝ ပေးထားချက် အခြေအနေ ရှိနေခြင်း၊ အခက်အခဲကြုံရပေမယ့် စဉ်ဆက်မပြတ် ကြိုးစား အားထုတ်ခြင်းတွေက စကားပြောသွားမှာပါ။ 


နောက်တခုက ပညာရပ်တခုကို လေ့လာတဲ့အခါ စာအုပ်အလွတ်တအုပ်လို့ ကိုယ့်ကိုကိုယ်ခံယူ၊ လက်ဖြန့်ပြီး သင်ယူဖို့ အရေးကြီးပါတယ်။ ကိုယ်က အရင်အခြား နာမည်ကြီး ဆုပေါင်းရာချီရ ဆရာဆီမှာ တက်ဖူးတယ် ခုဆရာက အရင်ဆရာလောက် မကောင်းနိုင်ဘူးဆိုတဲ့ အတွေးအခေါ်တွေ၊ လက်သီးဆုတ်ထားပြီး လေ့လာရင်တော့ လက်ထဲဘာမှမရနိုင်ပါဘူး။ ဆရာတိုင်းက ကောင်းနေတာတော့ မဟုတ်ပါဘူး၊ ကိုယ်တိုင်ရိုက်တာကောင်းပေမယ့် အသင်အပြ မကောင်းတဲ့ ဆရာလဲ ရှိနိုင်ပါတယ်၊ သိပ်ပညာမပြည့်ဝ သေးပဲ သင်တန်းဆရာပြန်လုပ်သူလဲ ရှိနိုင်ပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် သင်မယ်ဆိုရင်တော့ နားထောင်၊ လိုက်လုပ်ကြည့် ပြီးမှ ပြန်ချိန်ဆကြည့်ပေါ့။ 


နောက် အခြား အနေနဲ့ ဆရာစားချန်တယ်ဆိုတာ ရှိနိုင်လားပေါ့။ ဆရာစားချန်တယ်ဆိုတာ ရှိနိုင်တယ်၊ မချန်တဲ့ ဆရာလဲ ရှိနိုင်ပါတယ်။ ဒါပေမယ့် ဆရာစားမချန်လဲ ပညာရပ်တခုကို ဘယ် ဆရာမှ ၁ ပတ်ကနေ ၁ နှစ် ၂ နှစ်အတွင်း ကုန်အောင် သင်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဆိုတော့ မချန်ပဲ သင်ပေးတောင် ကိုယ်က အဲဒီ အဆင့်မြင့်တဲ့ လယ်ဗယ် ရောက်နေမှ လေ့ကျင့်ထားမှ ဆရာက ရှင်းပြလို့ ရနိုင်တာလဲ သတိချပ်သင့်ပါတယ်။ ကိုယ်က တတိယ တန်းလောက်ပဲ ရသေးချိန် ၅ တန်းမှာ မှ သင်ရမယ့် သင်္ချာ မျိုး ဆရာတွေကို ရှင်းပြခိုင်းလို့ မရနိုင်သလိုပေါ့။ 


အချိန်


ဘယ်ပညာရပ်မဆို သင်ယူပြီး လေ့ကျင့်ဖို့ အချိန် လိုပါတယ်။ အစောက ရေးခဲ့သလိုပဲ တာထွက် ချိန်မတူတဲ့အတွက် အဆင့်တခုရောက်ဖို့ အချိန်အများကြီး ပေးရသူရှိသလို၊ ဆရာကောင်း လမ်းညွှန်မှု နဲ့ အချိန်တိုနဲ့ ရောက်သူလဲရှိနိုင်ပါတယ်။ ဒါပေမယ့် လုံး၀ အချိိန်မပေး၊ မကျင့်ကြံပဲတော့ ခရီးရောက်တာမရှိပါဘူး။ 


နောက်တခုက ကျွန်တော့ အယူအဆ အရတော့ ဓာတ်ပုံရိုက်တာမျိုးဆို မရိုက်တာကြာလို့ လက်ပျက်နေတယ်ဆိုတာမျိုး လက်မခံပါဘူး။ တကယ်လို့ လက်ပျက်တယ်ဆိုရင်လဲ ရုပ်ပိုင်းဆိုင်ရာ ပြန်ကျင့်ရတာမျိုးပဲဖြစ်နိုင်တယ်၊ စိတ်အတွေးအခေါ် အယူအဆ ပိုင်းဆိုင်ရာ ပျက်တာတော့ မရှိနိုင်ပါ။ ကင်မရာနဲ့ setting အသားပြန်မကျတာပဲ ဖြစ်နိုင်တယ်၊ moment, ဖွဲ့စည်းပုံ စတာတွေက စိတ်ထဲက အပိုင်းတွေဟာ အသက်ကြီးလာလို့ မှတ်ဥာဏ်ထိခိုက်လို့ မေ့တာကလွဲရင် သာမန်လူအနေနဲ့ ဒါမျိုးမမေ့နိုင်ပါ။ ဥပမာ ဆို ကားမမောင်းတာကြာလို့ ကားပေါ်ပြန်ထိုင် စတီယာရင် ကိုင်ရင် ပြန်စိမ်းသွားနေတာမျိုးဖြစ်နိုင်ပေမယ့်၊ ကားမောင်း၊ ယာဉ်ကြော အယူအဆတွေ မေ့သွားတာမျိုး မဖြစ်နိုင်ပါ။ 


နောက်ထပ် အချိန် နဲ့ ပတ်သက်တဲ့ အယူအဆကတော့ အချိန်၊ စိတ်နှစ်ပေး ပြီး ဒီပရောဂျက်အပေါ်ကို ရင်းနှီး မြှပ်နှံ့ထားသူရဲ့ ဖန်တီးမှုတွေဟာ သာမန်သူတွေ မသိနိုင်ပေမယ့် တကယ် ခံစားတတ်သူဟာ အနုစိတ်လေးက အစမြင်တတ် ခံစားတတ်ပါတယ်။ တကယ် စိတ်ပါတဲ့ အနုပညာသမားတယောက်ဟာ သူ့ ပရောဂျက်အပေါ်မှာ ဒီလို ရင်းနှီးသင့်ပါတယ်။ အချိန်မပေးထားတဲ့ ပေးထားသယောင် ဟန်ဆောင်ထားရင်၊ မမှည့်သေးတဲ့ အသီးကို ဓာတုဆေးအုပ်မှည့်ခိုင်းထားသလို စားသုံးသူက သိပါတယ်။ 


ဘယ်အချိန်မှာ ကိုယ်ကိုတိုင် ဆရာတယောက်အနေနဲ့ လမ်းညွှန်မှုတွေ စလုပ်နိုင်သလဲ


ဒါကတော့ ကျွန်တော့် အမြင်ကတော့ ကိုယ်ဖြတ်သန်းပြီးတဲ့ အချို့ အပိုင်းတွေကို အခြားသူတွေကို လမ်းညွှန်ဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ အကုန် သိမှ ဆရာ တယောက် ဖြစ်ရမယ်ဆိုတာတော့ မဟုတ်ဘူးပေါ့။ အဓိကကတော့ လမ်းညွှန်ဆရာအနေနဲ့ ရိုးသားဖို့လိုတယ်။ မရောက်ဖူး မသိဘူးသေးတဲ့ အခြေအနေတွေကြောင်းပြောရင် ကိုယ်တိုင်မရောက်ဖူးသေးကြောင်း ခန့်မှန်းချက်ဖြစ်ကြောင်း အမဘန္တေ စကားခံထားသင့်တယ်လို့ယူဆပါတယ်။ နောက်တခုက ပညာရပ်တွေက ပုံသေနည်းတခုထဲ၊ အမှန်တရားတခုထဲ သွားနေတာမဟုတ်ပဲ ဘယ်နည်းကမဆို ချဉ်းကပ် ကိုယ့်ဟန်နဲ့ကို သွားလို့ရတာမို့ လမ်းညွှန်ဆိုပေမယ့် တခါတလေ သင်တန်းသားဆီက ချဉ်းကပ်ပုံတွေပြန်သင်ယူရတာလဲ ရှိတတ်ပါတယ်။


ဒီနေရာမှာ တခုဖြည့်ပြောချင်တာကတော့ မြန်မာပြည်က ဆရာမွေး၊ တပည့်မွေး ရိုးရာကြီးကတော့ စိတ်ညစ်ဖို့ကောင်းပါတယ်။ ငါက တော့ ဘယ်ဆရာကြီးရဲ့ သားတပည့်တို့၊ ငါ့တပည့်တွေ ကတော့ ဘယ်သူတွေလေဆိုတဲ့ ဂိုဏ်းဖွဲ့တာလိုလိုကြီးက စိတ်ညစ်ဖို့ကောင်းတယ်။ မှားမှား၊ မှန်မှန် အုပ်စုလိုက် ဝင်ပါကြ ငြင်းကြခုန်ကြနဲ့ ဓာတ်ပုံရိုက်လဲ အုပ်လိုက်ကြီးပေါ့။ နောက် အချင်းချင်း ခေါ်တာကိုက သားရေတို့၊ သမီးရေတို့ ပညာ ဝါအားဖြင့်၊ နာမ်ဖိနှိပ်ခွဲခြားတဲ့ အသုံးအနှုန်းတွေ သုံးကြတာလဲ မြင်ရတာ အဆင်မပြေပါ။ အသက်သိပ်မကွာတဲ့ သူတွေအကြားမှာ ညီ၊ ညီမ၊ အကို၊ အမ ထက်ပိုတဲ့ စကားလုံးနဲ့ လွှမ်းမိုးမှုလို့ယူဆတယ်။ ကိုယ်က ဆရာပဲဖြစ်ဖြစ် တပည့်ပဲဖြစ်ဖြစ် အချင်းချင်း လေးစားမှုနဲ့ ဆက်ဆံတာပဲ အဆင်ပြေပါတယ်။ ဒီပညာရပ်နယ်ပယ်ကို စောပြီးရောက်လို့တို့ နောက်ကျရောက်လို့တို့ဆိုတဲ့ ဝါ၊ သက်တမ်းက အရေးမကြီးဘူး။ ဘာတွေကို ဘယ်လို အယူအဆနဲ့ ဘယ်လိုဖန်တီးထားသလဲတွေကမှ အနှစ်။


နောက်တခုက ကျွန်တော့် တကိုယ်ရေ အနေနဲ့ကတော့ တပည့်ဆိုပြီး ဘယ်သူ့ကိုမှ လျောက်ခေါ်ရမှာ အားနာပါတယ်၊ ဆရာ၊ တပည့်ဆိုတာ သင်ပေးသူ ဆရာက သတ်မှတ်ရတယ်လို့ မယူဆဘူး။ ပညာသင်ယူသူကသာ လိုလိုလားလား သူဟာ ဒီ ဆရာရဲ့ တပည့်ပါဆိုပြီး သူခံယူထားမှ ပညာမျှဝေသူက ဆရာအနေနဲ့ ခံယူခွင့်ရှိတယ်လို့ယူဆတယ်။ ကျွန်တော်ဆိုလဲ ပညာ ဒါန အတန်းတွေ မိုးတွင်းမှာ ၁ နှစ် ၁ ခါတော့ လုပ်ခဲ့တာ ၂၀၂၁ မတိုင်ခင်အထိပါပဲ တက်ဖူးတဲ့သူတွေ များပေမယ့်၊ တပည့်လို့သတ်မှတ်မထားပဲ အတွေ့အကြုံလာနားထောင်တယ်လို့ပဲ သဘောထားပါတယ်။ အများစုကလဲ ဆရာအနေနဲ့ မသတ်မှတ်သလို ကျွန်တော့်အနေနဲ့ကလဲ အဲဒီအတွက် ဘာမှမဖြစ်ပါဘူး ကိုယ်ကြုံခဲ့တဲ့ အတွေ့အကြုံတွေကြောင့် ဒီတက်တဲ့သူတွေ အကျိုးရှိ၊ ဘဝ ရပ်တည်လို့ရရင် အဆင်ပြေပါတယ်။ 


အစကတည်းက သူတို့ဆီက ဘာမှ မမျော်လင့်ထားပါဘူး။ နောက် ကိုယ့်ဆီလာချဉ်းကပ်အကျိုးအမြတ်လာရှာပြီး မကောင်းပြောတာမျိုးကလဲ ရှိတတ်ပါတယ်။ ကိုယ် ကင်မရာထုတ်ပေး သင်ပေးခဲ့တဲ့ ကိုယ့် studio ထုတ်လုပ်ရေးကကောင်တချို့က အစ နောက်ကွယ်မှာ စော်ကားတာလဲ ပြန်ကြားရတာပဲ။ အစကတည်းက သူတို့ ဆီက ဘာမှမမျှော်လင့်ထားလို့ ကိုယ့်အတွက်ကတော့ ဘာမှမဖြစ်သွားပါဘူး။ ဒါတွေသင်ပေးတာ။ အလုပ်ခန့်ထားလို့ ခိုင်းကောင်းရုံမဟုတ်ပဲ ဘဝ တက်လမ်းအတွက် ပညာမျှပေးခဲ့တာမို့ အဆင်ပြေပါစေပဲ ဆုတောင်းပေးပါတယ်။


နောက်တခုက ဓာတ်ပုံပညာ ဟာလဲ မီဒီယမ်တခုဖြစ်သလို၊ လေ့လာမယ်ဆို တသက်တာလေ့ကျင့်လို့ရတဲ့ မီဒီယမ်ဖြစ်တာမို့ ကိုယ့်ကိုကိုယ် ပြည့်စုံ ကျွမ်းကျင်ပြီထင်ရင် ဘာကို ပြည့်စုံပြီး ကျွမ်းကျင်တယ်ထင်တာလဲ ပြန်သုံးသပ်ဖို့ အရေးကြီးပါတယ်။ ကိုယ့် ပတ်ဝန်းကျင် အဝန်းအဝိုင်းဟာ ဘုတ်ကျီးမြှောက်၊ ဘုတ်ကို ကျီးမြှောက်တဲ့ အဝန်းအဝိုင်းဆို တိုးတက်ဖို့ရှိပဲ မောက်မာဖို့ပဲ ရှိမယ်။ ရိုးသားပြီး အပြန်အလှန်ဖေးမ၊ အကြံဥာဏ်ပေးတဲ့ အဝန်းအဝိုင်းရှိဖို့က အရေးကြီးတယ်။ တခါတလေတော့လဲ ရန်ကုန်မြို့ထဲမှာ လမ်းဘေးဆိုင်ထိုင်ပြီး အမြဲ ဓာတ်ပုံအကြောင်း လေထန်နေကြ ကိုမျက်လုံးတို့ ကိုပြည့်ဖြိုးတို့နဲ့ ထိုင်ခဲ့ချိန်တွေသတိရတယ်။ ဓာတ်ပုံက ဆက်သွယ်ရေးကြားခံမို့ ကိုယ်ဘယ်လို ဖန်တီးထား၊ တည်းဖြတ်စီစဉ်ထားလဲ ဒီလို ယုံကြည်စိတ်ချရတဲ့ အဝန်းအဝိုင်းနဲ့ ကိုယ်ပုံတွေပြ ဝေဖန်ခံ အကြံဥာဏ်ယူ ကော်ဖီလေးစုပ်ရင်းနဲ့မှ အရသာရှိတာမလား။ စာရှည်ပြီမို့ တော်သေးပြီ နောက်အခေါက်မှ အခြား အကြောင်းတွေဆက်ရေးပါမယ်။


Comments

My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.

Popular posts from this blog

ကျွန်တော့အတွက် အရေးကြီးတဲ့ ကင်မရာ functions များ

Blackout ဖြစ်တဲ့ ကင်မရာ နဲ့ မဖြစ်တဲ့ ကင်မရာ

ဝဿန်ရုပ်ရှင်ပွဲတော်နှင့် လွတ်လပ်သော လူငယ်များ၏ အနုပညာလက်ရာများ