ကျွန်တော့အတွက် အရေးကြီးတဲ့ ကင်မရာ functions များ
တကယ်တော့ ကျွန်တော် ကင်မရာ နဲ့ ဝေးသွားတာ အတော်ကြာပြီဗျ ၂၀၂၁ ကတည်းကပဲ။ အဲဒီကတည်းက ကျပ်ငွေဈေးစကျတာကော၊ နိုင်ငံရေးမတည်ငြိမ် နောက် ကိုဗစ်တွေဖြစ်နဲ့ ကမ္ဘာကြီးနဲ့ အဆက်အသွယ်ပြတ်သွားတာပါပဲ။ နောက်တော့ ကျွန်တော် နိုင်ငံခြားပြောင်းဖြစ်တယ် အဲဒီမှာတော့ သိတဲ့အတိုင်း အရင်းရှင်စနစ် capitalism ထွန်းကားတော့ ဘာလိိုလိုအကုန်ရတယ် နောက်ဆုံးပေါ် ကင်မရာတွေလဲ ထွက်ပေမယ့် မကြည့်ဖြစ်တော့ဘူး။ ငွေမပေါတော့ မဝယ်နိုင်တော့သလို သွားကြည့်နေရင်လဲ လောဘတက် လိုချင်နေတာပဲဖြစ်မှာ စိုးလို့ မကြည့်ဖြစ်ဘူး။
အရင်အဲဒီမတိုင်ခင်ကတည်းကလည်း ကျွန်တော် gear တွေနဲ့ အလှမ်းဝေးနေတာကြာပါပြီ။ ဆိုတော့ ကျွန်တော့်ကို ကင်မရာအကြောင်းလာမေးရင် အားနာတယ်ဗျ ကျွန်တော် မညွှန်းတတ်သလို၊ ဘာမော်ဒယ်တွေထွက်နေပြီ ဘာတွေ အားသာလဲ၊ ဘယ်ဈေးလဲ မသိတော့ပါဘူး။ Digital တင်မသိတာမဟုတ်ပါဘူး ဖလင်ကင်မရာအကြောင်းလဲ ဘာမှမသိပါဘူး ကျွန်တော်ကိုင်ဖူးတဲ့ မော်ဒယ်ပဲသိပါတယ်။ ဒီနှစ်အစကမှ အသိမိတ်ဆွေတွေ သူတို့ရုံးအတွက် ကင်မရာလိုတယ်ဆိုမှ ချင်းမိုင်က Big Camera, Zoom တို့ လိုက်ပေးဖြစ်မှ Canon R series ဆိုလဲ အများကြီးရှိမှန်းသိပါတယ်။ ကျွန်တော် အရင်တင်ဖူးတဲ့ EOS R နဲ့ RP လောက်အထိပဲ သိခဲ့တာ အဲဒီကျမှ ကမ္ဘာကြီးက ဆက်လည်နေပါလား သိတော့တယ် Canon R8, R6 ဆိုတာကော R5 တော့ အွန်လိုင်းမှာ သတင်းတွေ့လိုက်တယ်။ အရင် G.A.S. Vlog ထဲက လို မဝယ်နိုင်ပဲ လောဘတက်နေမှာစိုးလို့ YouTuber တွေရဲ့ camera reviews တွေမကြည့်တော့ မသိတော့ဘူး။
ဗီဒီယိုကင်မရာဆိုဝေးရောပဲ ဒီအချိန်ကတော့ ဝယ်တာထက် အငှားဆိုင်ကနေ ဂျူတီနဲ့ ငှားတာ အကိုက်ဆုံးလို့ပဲ ပြောရမယ်။ ဆိုတော့ ကင်မရာတွေအကြောင်း မညွှန်းတတ်ပါဘူးခင်ဗျာ။ ရှိတဲ့ ကင်မရာတောင် အရင်လို productoin studio အရှိန်နဲ့ မ run နိုင်တော့ ရှိတာပြန်ရောင်းလိုက်တာကြာပါပြီ Blackmagic pockets ကင်မရာတွေလဲရောင်းလိုက်ပြီ ရှိတဲ့ လန်းစ်တွေလဲ ရောင်းလိုက်ပြီး Canon EOS R နဲ့ ပဲရိုက်ဖြစ်ပါတယ်။ နောက် နှစ်အကြာ့ကြီးကိုင်ခဲ့တဲ့ Canon 5D Mark III လေးချန်ထားတယ်ပေါ့။ 5D ကတော့ ၂၀၁၂ တုန်းက Canon club ရန်ကုန်မှာ ရှိတုန်းက မန်ဘာလဲဖြစ်နေတာကော၊ ဆုတခုရလို့ ဘောက်ချာနဲ့ ဈေးလဲအရစ်ကျပေးမယ်ဆိုတာကောကြောင့် ပထမဆုံးဝယ်ကိုင်နိုင်ဖူးတဲ့ full-frame ပါ။ 40mm pancake လေးနဲ့ တွဲပြီး နှစ်ပေါင်းများစွာ ခရီးမျိုးစုံ မြန်မာပြည်အနှံ့ သွားရိုက်ဖူးတာမို့ ခုထိသိမ်းထားတာပါ။ ၂၀၁၇ သင်္ကြန်တုန်းက ရေထဲထွက်ရိုက်လိုက်တာ ရေဝင်ပြီး ချောင်းကြည့်ပေါက်ကပြတဲ့ exposure meter တွေ ဘာမှမပြတော့ဘူး meter လဲပျက်သွားတယ် ဒါပေမယ့် အရင်တခေါက်ပြောသလို ISO 400 နဲ့ ရိုက်နေကြဆိုတော့ အလွတ်ရိုက်လဲ အဆင်ပြေနေဆဲပါပဲ။ အခြားဆို ရန်ကုန်က မထွက်ခင် Fujifilm X100f ကတော့ ရတဲ့ဈေးနဲ့ ရောင်းခဲ့လိုက်တယ် နောက် Nikon F3 ဖလင်ကင်မရာလဲ ရောင်းစားခဲ့လိုက်တာပါ။ Leica M6 ဝယ်လိုက်တော့ Nikon ထုလိုက်တယ်။
ကျွန်တော့်အတွက်က megapixel က အရေးမကြီးနေပါဘူး ကျွန်တော်တို့ 25º Studio အလုပ် အနေနဲ့လဲ client အများစု 80% လောက်က online ပဲသွားတာများကော၊ နောက် တော်ရုံ 20 megapixel လောက်ဆို billboard လောက်ထုတ်လို့ရနေတာမို့ megapixel က ကျွန်တော့်အတွက် အရေးမကြီးဘူးပေါ့။ Commercial ရိုက်တဲ့သူတွေအတွက်ကတော့ MP များတာ ရှိထားရင်ကောင်းပါတယ်။ ကျွန်တော့် personal project မှတ်တမ်း documentary ပုံတွေအတွက်ဆို megapixel ကအရေးမကြီးနေပါဘူး။ နောက် bit rate ပေါ့ raw လဲ အဲဒီလောက်ကြီး commercial, ads တွေလို ကာလာတွေပြင်တာ manipulate လုပ်တာမဟုတ်တော့ medium-format လဲမလိုသလို resolution ကောင်းတာမလိုနေတာလဲပါပါတယ်။
နောက် ဒီနေ့ခေတ် ကင်မရာတွေရဲ့ ပိုဆန်းသစ်လာတဲ့ feature တွေဆိုတာလဲ ကျွန်တော့်အတွက်တင် မဟုတ်ဘူး ရိုက်မယ့်သူ အတော်များများအတွက် အရမ်းကြီးမလိုဘူးလိုထ်တယ် လွန်ခဲ့တဲ့ ၂၀၁၅ လောက်နောက်ပိုင်း ထွက်တဲ့ ကင်မရာတွေမှာတောင် အဆင်ပြေနေပြီလို့ပြောလို့ရတယ်။ ဝယ်နိုင်တယ် ပိုက်ဆံတတ်နိုင်တယ်ဆိုရင်တော့ကောင်းတယ် ဝယ်ပေါ့။ မဟုတ်ဘူးဆိုရင်တော့ used ထဲက ပေါချောင်ကောင်း မော်ဒယ်အဟောင်းတွေက လဲ အဆင်ပြေပါတယ်။ ဥပမာ - auto-focus points တွေ အများကြီးပါတာဆိုလဲ ကျွန်တော့်အတွက်က focus point က center အလယ်တည့်တည့် တပွိုင့်ပဲသုံးပြီး၊ shutter ခလုပ်ကို တဝက်ဖိပြီး focus - re-compose ပြန်လုပ်တဲ့ ရိုက်နည်းပဲ သုံးတာမို့ပါ။ AI focus လဲ မလိုဘူး၊ animal focus လဲမလိုပါဘူး။ Frame per second အများကြီးရတာလဲ ကျွန်တော့်အတွက် လိုမနေပါဘူး။ တခါရိုက် တချက် ပဲရိုက်တာမို့လို့။ In body stablizer ဆိုတာလဲ မလိုဘူးပေါ့။ အခြား marketing terms လို့ခေါ်တဲ့ လူနားမလည်တဲ့ ဘာဆင်ဆာ၊ ဘာ processor ဆိုတာတွေကလဲ နောက်ဆုံးပုံထွက်လာပြီး အရမ်းသိသာနေတာမဟုတ်လို့ ကျွန်တော့်အတွက် overkill ဖြစ်နေတာများပါတယ်။
ဆိုတော့ ဒီတခေါက်မှာ ကင်မရာ အသစ်သာ ကျွန်တော် ဝယ်ဖြစ်မယ်ဆို ကြည့်မိမယ် ကျွန်တော့်အတွက်အရေးပါတဲ့ စဉ်းစားတဲ့ အချက်တွေ အကြောင်းနဲ့ ဘာကြောင့် ကျွန်တော် အဲဒါလိုချင်လဲ ပြောပြချင်ပါတယ်။ ဒီ အချက်တွေက ကျွန်တော့် လိုအပ်ချက်တွေသာမို့လို့ လူတိုင်းအတွက် ထည့်စဉ်းစားရမယ့် အချက်တွေမဟုတ်သလို ကျွန်တော် ရိုက်တဲ့ ဓာတ်ပုံ အမျိုးအစားပေါ်လဲ မူတည်ပြီး စဉ်းစားတာမို့ လူတိုင်းနဲ့ ကိုက်ချင်မှကိုက်မှာပါ။ ကျွန်တော့ လိုအပ်ချက်နဲ့ စဉ်းစားပုံကိုပဲ မျှဝေချင်တာဖြစ်ပါတယ်။ subjective လို့ခေါ်တဲ့ လူပေါ်မူတည်တဲ့ လူတကိုယ် အကြိုက်တမျိုးပါပဲ။
- အကြမ်းခံမှု
ကျွန်တော်ကတော့ ကင်မရာ စဉ်းစားမယ်ဆို ကိုယ်တတ်နိုင်တဲ့ ဘက်ဂျက်ထဲကနေ အကြမ်းခံနိုင်မယ့် ကင်မရာ မော်ဒယ်ကို စဉ်းစားဖြစ်မယ်ထင်တယ်။ entry level ထဲက အသစ်ယူမယ့် အစား semi, pro level ထဲက ကင်မရာ used အဟောင်း အကောင်းကို ရှာဖို့ကြိုးစားပါမယ်။ ဒီကာလမှ ဝင်ငွေနဲ့ ထွက်ငွေချိန်ရမယ့် ကာလဖြစ်သလို ခေတ်ကလဲပျက်နေတော့ used ထဲက အခြေအနေကောင်းတဲ့ အဟောင်းမျိုးကို စဉ်းစားသင့်တယ်လို့ထင်တယ်။ တတ်နိုင်ရင်တော့ အသစ်ဝယ်တာ အကောင်းဆုံးပေါ့ ကိုယ်ကငွေပေါရင်ပေါ့လေ။ မဟုတ်ရင်တော့ used ပဲစဉ်းစားသင့်ပါတယ်။ Latest ဖြစ်ဖို့ထက် နာမည်ရှိ အကြမ်းခံ error ကင်းတဲ့ မော်ဒယ် ဥပမာ 5D Mark III လိုမျိုးပေါ့ စဉ်းစားသင့်ပါတယ်။ Megapixel က အပေါ်က ပြောသလိုပဲ ကျွန်တော်ထင်တယ် လူအများစုအတွက် အရေးမကြီးဘူးလို့ ထင်တယ်။ ၂၀၁၂ က ထွက်ခဲ့တဲ့ Mark III တောင် ခုထိ internet ပေါ်ကော print ကော အဆင်ပြေပါတယ်။ လူအများစု ဒီခေတ် ဓာတ်ပုံရိုက်ပြီး print ထုတ်တဲ့သူဆိုတာတောင် လက်ချိုးရေလို့ရပါတယ် ဆိုတော့ 12 MP ကနေ 24 MP အထိ လုံလောက်ပါတယ်။
နောက် ကာလာ science တို့ဘာညာတွေက ကင်မရာအသစ်မှာ ပိုကောင်းတယ်တို့ brand တွေက ကြေငြာလိမ့်မယ့် ပိုကောင်းတာ ဟုတ်ပါလိမ့်မယ် ဒါပေမယ့် တော်ရုံဘယ်သူမှ ဓာတ်ပုံကြည့်ပြီး ဒါကတော့ ဘယ် ဘရန်း၊ ဘယ်မော်ဒယ် နဲ့ ရိုက်တာဆိုပြီး ခွဲနိုင်တာမျိုးမရှိပါဘူး။ ဖြဲပြီး pixel by pixel ကြည့်မှပဲ သိရမယ့် ကိစ္စတွေက အရမ်းကြီးတော့ အရေးပါမနေဘူးလို့ ကျွန်တော်ယူဆတယ်။ ကျွန်တော် ရိုက်တဲ့ ဓာတ်ပုံ အမျိုးအစားအတွက်လဲ အရေးမပါနေပါဘူး စောစောက အပေါ်မှာပြောတဲ့ color bit rate တွေဆိုတာလဲ တူတူပဲ 14-bit raw ရတဲ့ ကင်မရာလဲ JPG ထုတ်ရင် 8-bit နဲ့ ထုတ်ရမှာပါပဲ client တွေ display တွေ printer တွေမှာ အဲဒီ bit rate နဲ့ ပြတာမဟုတ်လို့ပါ။ အဓိက bit rate များတော့ manipulation လို့ခေါ်တဲ့ photoshop heavy ကိုင်ပြီး export ထုတ်တဲ့အချိန်မှာ ကျသွားမယ့် ကွာလတီကို 14-bit ကနေ ကျတာဆိုတော့ ကွာလတီကျန်နေအောင်လို့ billboard ရိုက်သူတွေသုံးကြတာပါ။ Video raw လဲ သဘောတရား တူတူပါပဲ Arri raw, Red .r3d raw, CDNG အကုန်တူတူပါပဲ ကာလာ grading လုပ်ပြီး export လုပ်ရင် user friendly ဖြစ်တဲ့ color space ဥပမာ Rec709 မျိုးနဲ့ ပြန်ထုတ်ရတာမို့ ကိုယ်က အဲဒါတွေ edit တွေ အဲဒီလို လုပ်မှာမဟုတ်ရင် overkill ဖြစ်နေပါလိမ့်မယ်။ ဆိုတော့ marketing terms လို့ခေါ်တဲ့ အသစ်လို့ထင်ရအောင် ရေးထားတဲ့ spec တွေက အရေးမပါပါဘူး။ အကြမ်းခံ၊ ယုံကြည်ရပြီး တော်ရုံ မပျက်နိုင်တဲ့ ကင်မရာမျိုးဆို ကျွန်တော့်အတွက်က ရပြီ။
- ကင်မရာ setting ကို ချောင်းကြည့်စရာမလိုပဲ မြင်ရတဲ့ ကင်မရာမျိုး
ကျွန်တော့် အတွက် နောက်အရေးကြီးတဲ့ အချက်က ကင်မရာ shutter speed, ISO, aperture နောက် focus (hyper-focal distance) ကို အမြဲချောင်းကြည့်စရာမလိုပဲ မြင်နေရမယ့် ကင်မရာမျိုးဖြစ်ဖို့ အရေးကြီးပါတယ်။ shutter speed dial, aperture dial ပါတဲ့ကင်မရာမျိုး ဒါမှမဟုတ် ကင်မရာအပေါ်မှာ shutter speed, ISO, aperture setting တွေပြပေးတဲ့ screen အသေးလေးပါတဲ့ ကင်မရာမျိုးပေါ့။ ဒါက ကျွန်တော် အမြဲ photojouranlism, documentary, street photo လိုမျိုးတွေ ရိုက်နေကြမို့ candid လို့ခေါ်တဲ့ လျှပ်တပြတ်ဖြစ်တဲ့ အခိုက်အတံ့ moment လေးတွေရဖို့ setting ကို ချောင်းကြည့်စရာမလိုပဲ မြင်နေရဖို့လိုအပ်ပါတယ်။ ချောင်းကြည့်မှမြင်ရတယ် ဆို အဆင်မပြေဘူး ကင်မရာကို မျက်နှာနား အရင်ကပ်ပြီးကြည့်ရတဲ့အတွက် အရိုက်ခံရမယ့်သူ mood ပျက်သွားနိုင်တယ်။
ဥပမာ - လမ်းမှာ စိတ်ဝင်စားစရာလူတယောက် ရှေ့ကနေ ကျွန်တော်ရှိတဲ့ဖက်ကို လျောက်လာတယ်ဆိုပါစို့ ကျွန်တော်ရပ်နေတဲ့ ဘေးမှာလဲ အခြား element တွေ လူတွေ စိတ်ဝင်စားစရာတွေဖြစ်နေပြီ အစောက ပြောတဲ့ လူကျွန်တော့်ရှေ့မှာဖြစ်တာလဲ foreground, mid, background layers လိုမျိုးတွေ ဖြစ်တော့မှာဆို ကျွန်တော် ကင်မရာ setting ကို ချောင်းကြည့်ပြီး မချိန်ချင်ပါဘူး။ လည်ပင်းမှာပဲ ကြိုးနဲ့ ကင်မရာကိုလွယ်ထားတဲ့အတိုင်း shutter speed, ISO, aperture ကို လက်နဲ့လှည့်ပြီးချိန်ထားချင်တယ်။ focus က အစ ကျွန်တော်ဖြတ်မယ့်နေရာကို lens ပေါ်က marking ကြည့်ပြီး ချိန်ထားမှာ။ အဲဒီလူ လျောက်လာလို့ ကျွန်တော်လိုချင်တဲ့ layers ဖြစ်လောက်ချိန်မှ ကင်မရာကို စချောင်းကြည့်ပြီး အဲဒီအချိန်မှာ ကျွန်တော် ခန္တာကိုယ်ကို လိုချင်တဲ့ အနေအထား ရအောင် ဒူးကွေးချင်ကွေးမယ်၊ ညာဖက် တလှမ်းတိုးချင်တိုးမယ် compose နဲ့ focus ပဲ လုပ်ချင်ပါတယ်။ အဲဒီအချိန်ကျမှ shutter speed က တလွဲ၊ aperture ring က ထလှည့်နေရမယ်ဆို အဆင်မပြေဘူး။
Cowboy ဇာတ်ကားတွေထဲကလိုပဲ ဆိုကြပါစို့ အန္တရာယ် ရှိတဲ့ ဘားထဲဝင်တော့မယ့် အခါ ခါးက ခြောက်လုံးပြူး သေနတ်ကို ချုပ်ထားတဲ့ လည်သာ မသိမသာလေးကြိုဖြုတ်ထားမယ်။ အခြေအနေတခုရှိတာနဲ့ ခါးကနေထုတ်ပြီး တန်းပစ်လို့ရမယ့် အခြေအနေလိုချင်တာပေါ့။ ဖလင် mechinal camera တွေကတော့ ရှင်းတယ် အဲဒါမျိုးကြိုမြင်ရတယ် Leica လိုပဲ ဖြစ်ဖြစ် အခြား Nikon, Canonet လိုပဲဖြစ်ဖြစ် အပေါ်က dial မှာ shutter speed ဘယ်နားထားထားလဲ လည်ပင်းဆွဲထားတာကို အောက်ငုံ့ကြည့်ရင်မြင်ရတယ်။ Aperture လဲမြင်ရတယ် ဖလင်ကလဲ အရင်ကျွန်တော်ပြောသလို ISO 400 ဒါမှမဟုတ် အခြားတခုခု ပုံသေထားထားမယ်ဆို တန်းသိနေမယ်ဗျာ ဒါဆို sunny 16 rules နဲ့ တန်းတွက်ချိန်ထားလို့ရတယ်။ အခုခေတ် mirrorless, DSLR တွေမှာ ဆို အပေါ်က dial က mode dial (M,Av,Auto) စသဖြင့်တွေဖြစ်ကုန်ပေမယ့် semi-pro, pro DSLR ဥပမာ Canon 5D, Nikon D800 တို့လိုတွေမှာ အပေါ်မှာ စကရင်အသေးလေးပါတယ်ဗျ အဲဒီကနေ ချောင်းကြည့်စရာမလိုပဲ ကြည့်လို့ရမယ်။ အဲဒါမျိုးကျွန်တော့်အတွက် အရေးကြီးတယ်ပေါ့ အခု Canon EOS R မှာ စကရင်လေးအပေါ်မှာပါတော့ အဆင်ပြေတယ် RP, R6 တွေမှာပါတာမတွေ့ဘူး။ Fujifilm ဆို retro စတိုင်ဆိုတော့ ပါတဲ့မော်ဒယ်မျိုးကြိုက်တယ် ဥပမာ X100 ဆို စကရင်မပါပေမယ့် ဖလင်လိုပဲ shutter dial ပါတယ်။ XH-1 လိုမျိုးဆိုပါတယ်။ ပြသနာက Sony ပဲ A7 series တွေမှာမပါနေဘူး display လဲမပါနေတာတော့ ကျွန်တော့် အတွက် အရမ်းကြီး အဆင်မပြေဘူးပေါ့။ ချောင်းကြည့်မှ သိရမယ်ဆို compose နဲ့ moment ကို ဖမ်းတာအပြင် setting ပါ ထပြောင်းရရင် အလုပ်များတယ်ပေါ့။
- Charger ခုံ မပါပဲ ကင်မရာထဲတင် ဘက်ထရီကို အားသွင်းလို့ရတာလိုတယ်
နောက် ကျွန်တော်ရိုက်တဲ့ ဓာတ်ပုံ အမျိုးအစားက ခရီးအရမ်းထွက်ရတယ်ပေ့ါ။ မှတ်တမ်း ဓာတ်ပုံက ခက်ခဲတဲ့ဒေသတွေ၊ ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ ရိုက်ရတာမို့ တခါတလေ ဆိုင်ကယ်နဲ့ တနေကုန်စီးပြီးမှ ရောက်တဲ့ဒေသရှိသလို တခါတလေ တနေကုန် ဝေးလံခေါင်တဲ့ ဒေသ၊ တောင်ပေါ်တွေလဲ လမ်းလျောက်ရတာမို့ ကိုယ်သယ်နိုင်တဲ့ အိတ်အလေးချိန်က အကန့်အသတ်ရှိပါတယ် အဲဒီအခါမျိုးဆို ကျွန်တော်က ကင်မရာ အားသွင်းခုံ သီးသန့် မသယ်ချင်ဘူး။ ပုံမှန် အပျော်ခရီးထွက်လဲ အမှန်တော့ မသယ်ချင်ပါဘူး အလုပ်ရှုပ်နေရာယူလို့ပါ။ ကံကောင်းတာက ၂၀၁၅ လောက်ကတည်းက ကင်မရာတော်တော်များများမှာ အားသွင်းခုံ သီးသန့်မလိုပဲ ကင်မရာထဲထည့်ထားတဲ့ ဘက်ထရီကို ဘေးက micro-usb, usb type-C ကနေ အားသွင်းလို့ ရတဲ့ ကင်မရာတွေ ပေါ်လာတော့ ကျွန်တော့်အနေနဲ့ ကင်မရာတလုံးသာနောက်ထပ်ဝယ်ဖြစ်မယ်ဆို အဲဒီလို ကင်မရာဘေးပေါက်က နေအားသွင်းလို့ ရတဲ့ ကင်မရာကို ရွေးပါမယ်။ အနည်းဆုံးတော့ မီးမရှိတဲ့ ဒေသတွေမှာလဲ power bank နဲ့ အားသွင်းလို့ရတာပေါ့။ ဘယ်ကင်မရာတွေ အဲဒီလိုရလဲကတော့ Google ကြည့်ပါ။ ကျွန်တော်ကတော့ ကိုင်ဖူးတာပဲသိတာမို့ အရင် သုံးဖူးတဲ့ Fujifilm X100f ရတယ်၊ Canon EOS R ကိုမှ original LPE6-N battery ဆိုရတာသိပါတယ်။ ဒါကလဲ ကျွန်တော့်အတွက်လိုအပ်ချက်ပဲ။
- သေးတဲ့ ကင်မရာလိုချင်တယ်
နောက် အပေါ်က ပြောသလိုပဲ ခရီးထွက်ရတာများလို့ ဘော်ဒီသေးတဲ့ ကင်မရာက ကျွန်တော့အတွက်အရေးကြီးပါတယ်။ တခါတလေ တနေကုန်ရိုက်ရတာ တောင်တက် တောင်ဆင်းလုပ်ရတာတွေလဲရှိတယ်ဆိုတော့။ နောက် street လိုမျိုးတွေဆိုလဲ သေးလေ လူတွေရဲ့ အာရုံစိုက်ခံရဖို့ နည်းလေကောင်းလေပါပဲ။ မှန်ဘီလူးဆိုလဲ ကျွန်တော်က သေးတာပဲသုံးတာများပါတယ်။ Aperture f/1.4 လိုမျိုးရတဲ့ auto-focus ရတဲ့ lens အကြီးကြီးတွေ မလိုအပ်ဘူးပေါ့။ အရင်က 5D Mark III တုန်းက Canon 40mm f/2.8 pancake lens သုံးပြီးနောက်ပိုင်း Fujifilm X100s, X100f သုံးတယ် နောက်ကျတော့ A7S တုန်းကကျတော့ Nikon 35mm f/2 D lens ကို adapter ခံပြီး manual ပဲရိုက်ခဲ့ပါတယ်။ အခုကတော့ Leica M6 မှာ 35mm lens အသေးလေးပဲရိုက်ပြီး Canon EOS R မှာလဲ အဲဒီ lens ကိုပဲ adapter ခံပြီးရိုက်တယ်ပေါ့။ Leica M240 မှာလဲ ဒီ 35mm lens maual ပဲ တပ်ရိုက်နေတာပါ။ auto-focus လန်းစ် မဟုတ်တော့ မှန်ဘီလူးလေးက အသေးလေးနဲ့ ပေါ့ပေါ့ပါးပါးရှိပါတယ်။ တကယ်လို့ ကင်မရာနောက်ထပ်သာဝယ်ဖြစ်မယ်ဆိုရင်လဲ ဒီ manual 35mm lens ကိုပဲ adapter နဲ့ တပ်ရမယ့် ကင်မရာအမျိုးအစားကိုပဲ စဉ်းစားဖြစ်မှာပါ။
- Shutter အသံတိုးတဲ့ ကင်မရာလိုချင်တယ်
ကျွန်တော့်အတွက် နောက်ထပ်အရေးကြီးတဲ့ အချက်က ကင်မရာ shutter သံ အရမ်းကြီး မကျယ်တဲ့ ကင်မရာအရေးကြီးပါတယ်။ ကျွန်တော်က ရိုက်ရင် burst mode နဲ့ ဆက်တိုက် ရိုက်လေ့မရှိပေမယ့် single ရိုက်တာတောင် အသံကျယ်တဲ့ ကင်မရာကျတော့ အဆင်မပြေဘူးပေါ့။ ဒါက ဒီဖက်ခေတ်မှာတော့ အရမ်းကြီး အရေးပါတဲ့ အချက်တော့မဟုတ်တောပါဘူး mirrorless တွေ အကုန်လုံးက အသံတိုးသွားပြီဆိုတော့ အရင်ခေတ်က DSLR တွေတုန်းက အသံတော်တော်ကျယ်တယ်။ သူ့မှာက finder prism မှန်ချပ်ပါ မလိုက်၊ ချလိုက် လုပ်ရတဲ့ စနစ်ကြီးပါနေတော့ အသံကျယ်တာပေါ့။ 5D Mark I ကော Mark II ကော ရိုက်ခဲ့တုန်းက အသံတော်တော်ကျယ်တော့ အဆင်သိပ်မပြေဘူး အရိုက်ခံရတဲ့သူ mood ပျက်တာပေါ့။ တိတ်ဆိတ်နေတဲ့ သာသန အဆောက်အအုံတွေ၊ ဆေးရုံ ဆေးခန်းတွေ မှာရိုက်ရင် အရမ်းသိသာတယ်။ အခုခေတ်ကတော့ electronic shutter တွေပါပါလာတော့ အသံမထွက်သလောက်ဖြစ်သွားပြီ ဆိုတော့ အဆင်ပြေပါတယ်။
- Blackout မဖြစ်တဲ့ ချောင်းကြည့်ပေါက်ပါတဲ့ ကင်မရာလိုချင်တယ်
နောက် အခြား တချက်ဆိုရင်တော့ အရမ်းတော့ အရေးမကြီးပေမယ့် blackout လို့ခေါ်တဲ့ shutter ခလုပ်ကို နှိပ်လိုက်တဲ့ အချိန်မှာ စက္ကန့်ပိုင်းလောက် ချောင်းကြည့်ပေါက် မည်းသွားတာမျိုးမဖြစ်တဲ့ ကင်မရာလိုချင်တယ်ပေါ့။ ဒါက အရမ်းတော့ အရေးမကြီးပါဘူး ခုကိုင်နေတဲ့ Canon EOS R ဆို ရိုက်လိုက်တဲ့ စက္ကန့်ပိုင်းလောက်တော့ ချောင်းကြည့်ပေါက်က မည်းသွားတာပဲဆိုတော့။ အရင် Why I love Rangefinder Camera vlog ထဲကလို rangefinder အမျိုးအစား ချောင်းကြည့်ပေါက်က လန်းစ် ဆင်ဆာ၊ ဖလင် ဖက်တွေနဲ့ တွဲမနေတဲ့ ကင်မရာမျိုးကတော့ အားအရဆုံးပေါ့။ ကိုယ်ရိုက်လိုက်တဲ့ အချိန်မှာ ဘယ်လို အခိုက်အတံ့ moment လေးရလိုက်တယ်ဆိုတာ သေချာမြင်လိုရတာကိုး။
DSLR, mirrorless အများစု (Sony A9 မပါ) တွေမှာတော့ electronic viewfinder မှာလဲ မည်းသွားတာမို့ ကိုယ်ရိုက်လိုက်တဲ့အချိန် ကိုယ်ရိုက်လိုက်တဲ့သူ mood ပြောင်းသွားသေးလား၊ မျက်စိမှိတ်သွားလား စသဖြင့် မသိလိုက်ရတာမျိုးရှိတတ်တာပေါ့။ ရိုက်နေကြရင်တော့လဲ ကိုယ်ရိုက်မယ့် subject ဘာလုပ်တော့မလဲ ကြိုမှန်းလို့တော့ ရပါတယ် ဒါပေမယ့် အဲဒီလို ချောင်းကြည့်ပေါက် မမည်းသွားတာ၊ သီးသန့် သက်သက်ရှိနေတဲ့ ကင်မရာမျိုးဆိုရင်တော့ အကောင်းဆုံးလို့ ကျွန်တော့်အတွက်က ယူဆပါတယ်။ Fujifilm X100 စီးရီးလိုမျိုးပေါ့၊ ဒါမှမဟုတ် XPro ပေါ့ အခြား brand မှာတော့ လက်ရှိ မရှိသလောက်ပဲ။ Sony A9 ကတော့ processor အရမ်းကောင်းတော့ sensor ကလာတဲ့ ဒေတာကို တပြိုင်နက်ထဲ process လုပ် memory မှာ မှတ်သလို EVF မှာလဲ မည်းမသွားပဲ ပြပေးနိုင်တာရှိတယ်ပေါ့။ သူကတော့ ဈေးကြီးတယ် အပေါ်ကပြောသလို ချောင်းကြည့်ပေါက်က မကြည့်ပဲ setting ကို မသိရနေဘူး၊ ကျွန်တော့်သာဆိုရင်တော့ အဲဒီ A9 လောက်ဆို Leica used ထဲက ပဲဝယ်ဖို့ကြည့်မိမယ်ထင်တယ်။
ဒီအချက်တွေကတော့ ကျွန်တော်သာ အခုချိန်ကင်မရာဝယ်ရမယ်ဆို ကြည့်မယ့် အခြေခံ လိုအပ်ချက်တွေပါပဲ။ ဆောင်းပါးအစမှာ ရေးထားသလို လူတိုင်းလိုမှာမဟုတ်သလို ကျွန်တော်မလိုတဲ့ functions တွေက မိတ်ဆွေတို့အတွက် လိုတာ၊ အရေးကြီးတာလဲဖြစ်နိုင်တာမို့ ဒီအကြောင်းအရာတွေက လူတကိုယ်၊ အကြိုက်တမျိုးပါ လို့ရေးရင်း နောက်တခေါက်မှ အခြားအကြောင်းအရာတခုနဲ့ ပြန်ဆုံမယ်နော်။
Comments
Post a Comment