အရေးပေါ်အခြေအနေတွင် သိထားသင့်သော Fight-or-flight နှင့် OODA စက်ဝိုင်း
ကျွန်တော် ဒီတခေါက်တော့ ဓာတ်ပုံအကြောင်း မဟုတ်ပဲ စစ်မြေပြင်နှင့် အန္တရာယ်ရှိတဲ့ ဒေသတွေမှာ ဘယ်လို အတတ်နိုင်ဆုံး အန္တရာယ်ရှိနိုင်တဲ့ အခြေအနေကို လျော့ချနိုင်မလဲဆိုတဲ့အကြောင်းပြောချင်ပါတယ်ဗျ။ ကျွန်တော်တို့ နိုင်ငံမှာက လက်ရှိမှာ စစ်ဘေးဒဏ်ကော၊ သဘာဝဘေးဒဏ်တွေကော ဆက်တိုက်ကြုံနေရတာမို့ အသက်အန္တရာယ်နီးတဲ့ အချိန်ဘယ်လို သတင်းအချက်အလက်နဲ့ ဘယ်လိုဆုံးဖြတ်ချက်ချမလဲ၊ ဘယ်လိုပြင်ဆင်ရမလဲဆိုတာတွေ ကျွန်တော်လေ့လာ ခဲ့ရသလောက် ပြန်မျှဝေမှာပါ။ ဒါတွေက လက်ရှိအချိန်မှာ လူတိုင်း သိထားတာ မမှားဖူးလို့ထင်ပါတယ်။ ဒီအချက်အလက်တွေက ကျွန်တော်ကိုယ်တိုင်လဲ HEFAT လို့ခေါ်တဲ့ Hostile Environment & First-Aid Training စစ်မြေပြင်နှင့် အန္တရာယ်ရှိတဲ့ဇုံတွေမှာ သတင်းယူဖို့ အန္တရာယ်ကင်း အထောက်အကူပြု သင်တန်းမှာ လေ့လာခဲ့ရတာတွေကို ပြန်မျှဝေခြင်းဖြစ်ပါတယ်။
Fight-or-Flight
လူတွေကော၊ သက်ရှိ အခြား သတ္တဝါတွေကောမှာ မျှော်လင့်မထားတဲ့ အရေးကြုံလာတဲ့အခါ ပထမဆုံးဖြစ်လာတဲ့ ဆုံးဖြတ်ချက်ချရမယ့် အခြေအနေမှာ ဒီလိုဖြစ်တတ်ပါတယ်။ Fight လို့ခေါ်တဲ့ ပြန်ချမလား၊ flight လို့ခေါ်တဲ့ ထွက်ပြေးမလားဆိုတာပါပဲ။ အထူးသဖြင့်တော့ အသက်အန္တရာယ်၊ ထိခိုက်စေနိုင်တဲ့ ရန်ပြန်မှုမျိုးကြုံရရင် ဒီလိုပဲ တွေဝေတတ်ပါတယ်။ တခါတလေ ဒီလို fight မလား flight မလား ဆိုတဲ့ အခြေအနေ ထိမဖြစ်ပဲ တခါတလေမှာ freeze လို့ခေါ်တဲ့ မှင်သက် ကြောင်တောင်တောင် ဖြစ်သွားတဲ့ အခြေအနေလဲဖြစ်နိုင်ပါသေးတယ်။
တချို့မှာကျတော့ ဒီလို အခြေအနေမှာ ခန္တာကိုယ်အတွင်းမှာ ပြင်းထန်တဲ့ ဇီဝ ပြောင်းလဲမှုဖြစ်တာတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် မျိုးဆက်ပေါင်းများစွာ လက်ဆင့်ကမ်းလာတဲ့ အထုံကြောင့် အန္တရာယ်ကြုံရတဲ့အချိန်မှာ ခန္တာကိုယ်က သူ့အလိုလို နှလုံးခုန်မြန်လာတာ၊ အသက်ရှုမြန်လာတာ တဲ့ တုံပြန်တာပဲဖြစ်ဖြစ်၊ ပြေးဖို့ပဲဖြစ်ဖြစ် အဆင်သင့်ဖြစ်နေအောင် ကြွက်သားတွေကို သွေးပိုလွှတ်တာလဲဖြစ်တတ်ပါတယ်။ တချို့အခြေအနေတွေမှာ ခန္တာကိုယ်က အာရုံကြောတချို့နဲ့ ကြွက်သားတချို့အထူးသဖြင့် အူများနဲ့ ဆီးအိတ်တွေကို လျော့ပေးလိုက်လို့ တခါတလေ အရေးကြုံမှာ အိမ်သာတက်ချင်တာ၊ သေးပေါက်ချင်တာလဲဖြစ်တတ်ပါသေးတယ်။ ဒါက ခန္တာကိုယ်က အရေးတကြီးတခုခုလုပ်ရတော့မှာမို့ ဝိတ်လျော့အောင် သဘာဝအလျောက်တွန်းပို့တဲ့ အခြေအနေလဲ ဖြစ်တတ်ပါတယ်။ ဆိုတော့ Fight-or-Flight အခြေအနေမှာ ဘာလုပ်သင့်သလဲ ဘယ်လိုဆုံးဖြတ်ကြမလဲ။
OODA loop (အူဒါစက်ဝိုင်း)
အပေါ်က Fight-or-flight ကို ဆက်ရရင် ဆုံးဖြတ်တဲ့အခါ ပြန်ချလို့ သတ္တိရှိတယ်လို့ပြောမရသလို ပြေးလို့ သတ္တိကြောင်တယ်လို့ ပြောမရပါဘူး။ အခြေအနေပေါ်မူတည်ပါတယ် လူအများနဲ့ ကိုယ်တယောက် ပြန်ချလို့ နိုင်ဖို့မလွယ်ပါဘူး။ ပြေးသင့်ရင်ပြေးရမှာပါ။ နိုင်ငံကျော် လက်ဝှေ့သမားလဲ ၁၀ ယောက်တယောက် ချဖို့မလွယ်နိုင်ပါ။ ဒီလိုအချိန်မှာ ဘယ်လို ဆုံးဖြတ်မလဲဆို OODA အူဒါစက်ဝိုင်းကို အခြေခံ ဆုံးဖြတ်သင့်ပါတယ်။ အူဒါ စက်ဝိုင်းဆိုတာက Observe, Orient, Decide, Act လို့ခေါ်တဲ့ အဆင့် ၄ ခုကို အတိုကောက်ခေါ်ဆိုတာပါ။
ပထမဆုံး Observe လို့ခေါ်တဲ့ ဖြစ်ပေါ်နေတဲ့ အခြေအနေကို လေ့လာသုံးသပ်ရပါမယ်။ ဘယ်လို အန္တရာယ်တွေရှိနေလဲ၊ အန္တရာယ်ရှိတဲ့ ခြိမ်းခြောက်မှုတွေကဘာတွေလဲ၊ အခြားနေရာတွေမှာကော ဘာတွေဖြစ်နေလဲ၊ ဒီအခြေအနေကနေ ကျော်ဖြတ်ဖို့ ဘာလိုလုပ်ရင်အကောင်းဆုံးဖြစ်မလဲ လေ့လာဖို့လိုပါတယ်။ ဥပမာ - ညဖက် ကိုယ်မသိတဲ့မြို့က ချောင်ကျတဲ့ လမ်းပေါ်မှာ ဓားထောက် လုခံရပြီဆို အခြေအနေကို သုံးသပ်ဖို့လိုတယ်၊ လုတဲ့သူက ဘယ်နှစ်ယောက်လဲ၊ လက်နက်ဘာတွေပါနိုင်လဲ၊ ပြန်ချမယ်ဆိုရင်ကော နိုင်နိုင်ခြေရှိလား၊ ဒါမှမဟုတ် အန္တရာယ်ကင်းအောင် ပါတာထုတ်ပေးပြီး ရန်ရှောင်သင့်သလား စသဖြင့် အခြေအနေတွေသုံးသပ်ဖို့လိုပါတယ်။
Orient ကတော့ စိတ်ရော၊ ကိုယ်ပါ ပြန်တည်ငြိမ်အောင်လုပ်ပြီး စိတ်ကို ပစ္စုပန်မှာ ပြန်တည်ငြိမ်အောင်လုပ်ဖို့ အခြေအနေပါ။ စိတ်က အကြောက်လွန်နေတာပဲဖြစ်ဖြစ်၊ အစိုးရိမ်လွန်တာပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်အမှားတွေလုပ်မိတတ်ပါတယ်။ ကိုယ်ရောက်နေတဲ့နေရာ မသိပဲ အန္တရာယ်ကင်းတဲ့ နေရာသွားဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်နေတဲ့အချိန် တိုက်အမြင့်ကြီးတွေထဲမှာ မီးသတ်လှေကား ရှိတဲ့နေရာသိဖို့လိုပါတယ်၊ ရေကြီး၊ မြေပြိုနေတဲ့အချိန် လက်ရှိနေရာကနေ အန္တရာယ်ကင်းတဲ့ ဘေးလွတ်ရာနေရာ ကိုသိဖို့ သိဖို့လိုပါတယ်။ အဲဒီနေရာနဲ့ ခုလက်ရှိနေရာနဲ့ ဘယ်လောက်ဝေးလဲ၊ ဘယ်လိုသွားမလဲကအစ သိအောင်လေ့လာရပါမယ်။
Decide ကတော့ အပေါ်က ၂ ချက် လေ့လာပြီးတဲ့အခါမှာ အဲဒီ ရလာတဲ့ သတင်းအချက်အလက်တွေပေါ် အခြေခံပြီး အကောင်းဆုံးဖြစ်နိုင်မယ့် အခြေအနေကို ဆုံးဖြတ်ရမှာပါ။ သတင်းအချက်အလက် အပြည့်အစုံမရပဲ ရမ်းဆုံးဖြတ်လို့မရပါဘူး။ ရေကြီးနေတဲ့အချိန် ဘယ်နား ရေဘေးလွတ်လဲ၊ ဘယ်နား ကယ်ဆယ်ရေးစခန်းရှိမလဲမသိပဲ ရမ်းသွားရင် ရေစီးနက်တဲ့နေရာ၊ ကျင်းတွေရှိတဲ့ နေရာဆို တန်းမြုတ်သွားမှာပါ။ အန္တရာယ်ကြုံနေတဲ့အချိန် အကောင်းဆုံး အဖြေဆိုတာ မရှိနိုင်ပေမယ့် အန္တရာယ် အနည်းနိုင်ဆုံး အခြေအနေကို စဉ်းစား ဆုံးဖြတ်ရမှာပါ။
Act ကတော့ ဆုံးဖြတ်ပြီးတဲ့ အခြေအနေကို လက်တွေ့ အကောင်အထည်ဖော်ခြင်းပါပဲ။ အပေါ်က ဥပမာ လို လမ်းပေါ်မှာ ဓားထောက် အလုခံရရင် ပြန်တုန့်ပြန်မှာလား၊ ပြေးမှာလားပေါ့ ပြေးမှာဆို လုတဲ့သူကို အာရုံဘယ်လိုလွှဲပြီး စက္ကန့်ပိုင်းလောက် လုတဲ့သူကြောင်သွားအောင် ဘယ်လိုလုပ်မလဲ၊ ပြန်ချမယ်ဆို ဓားကို ဘယ်လိုလုမလဲ ပြန်ချရင် ဘယ်နားက သူ့ရဲ့ အားနည်းချက်ကို ထိအောင်ချမလဲ၊ အနီးအနားမှာ ကာကွယ်စရာ၊ လက်နက်အဖြစ်သုံးစရာ ဘာရှိနိုင်လဲ အဲဒါတွေသုံးပြန်ချရမှာပါ။
ဒီ အူဒါ စက်ဝိုင်းက အချိန်တိုင်းမှာ အမြဲ ဆုံးဖြတ် လုပ်ဆောင်နေရမှာပါ။ အမှန်တော့ လူကြီးတွေတင် သိထားသင့်တာမဟုတ် လက်ရှိလို အန္တရာယ်မျိုးစုံ အချိန်မရွေးကြုံရချိန်မှာ အသက်ကယ်ဖို့ ကလေးတွေကိုပါ သင်ထားပေးသင့်ပါတယ်။ ရှောပင်းမောထဲမှာ လူကွဲသွားရင် ဘယ်လို ပြန်ဆုံကြမယ်၊ ကွန်ဒို၊ စာသင်ကျောင်းမှာ ထိခိုက်ပြိုကျမှုတွေရှိရင် ဘယ်လိုဆုံးဖြတ်ရမလဲ စုရပ်ဘယ်နား ဆုံမလဲ စသဖြင့် သိထားသင့်ပါတယ်။
ဖြစ်နိုင်ခြေများကို လေ့ကျင့်ရန် စဉ်းစားရန်
အူဒါ စက်ဝိုင်းနည်းနဲ့ ဖြစ်နိုင်ခြေရှိတာတွေကို လေ့ကျင့် စဉ်းစားတာကလဲ အထောက်အကူဖြစ်ပါတယ်။ နိုင်ငံခြားက ရုံးအများစုမှာ၊ ရှောပင်းမော၊ စာသင်ကျောင်းတွေမှာလဲ ဒီလို drill လို့ခေါ်တဲ့ လေ့ကျင့်တာတွေ အမြဲရှိပါတယ်။ မြန်မာမှာလဲ ရန်ကုန်က နေရာတွေမှာ ရှိပေမယ့် လက်ရှိ ရေဘေး၊ ရာသီဥတုရိုက်ခတ်မှုဘေး၊ စစ်ဘေးအတွက်တွေလဲ ကြိုပြီး ဖြစ်နိုင်ခြေတွေ ကျင့်ထားသင့်ပါတယ်။
ဥပမာ အခြေအနေတခု ပြောရရင် ကိုယ့်မြို့မှာ စစ်ဖြစ်လာတဲ့ အခါ ဘယ်နားတွေက အန္တရာယ်ရှိနိုင်လဲ၊ ဘယ်နားက ထွက်ပေါက်ဖြစ်နိုင်လဲ စသဖြင့် စဉ်းစားထားတာ မမှားပါဘူး။ Observe လို့ခေါ်တဲ့အဆင့်နဲ့ တိုက်ပွဲက မြို့ရဲ့ ဘယ်နားဖြစ်နေလဲ၊ အသံတွေက ဘယ်ကလာနေတာလဲ လေ့လာရပါမယ်။ Oreint နဲ့ လက်ရှိ ကိုယ်ရောက်နေတဲ့နေရာသိရမယ်၊ ကိုရှိနေတဲ့နေရာက ကျည်ကာမကာ စသဖြင့်လေ့လာရမယ်၊ ဒီလို အခြေအနေတွေကို သိပြီးမှာ decide ဆိုတဲ့ ဆုံးဖြတ်ချက်ချပြီး act နဲ့ လှုပ်ရှားသင့်ပါတယ်။
အူဒါ စက်ဝိုင်းပေါ်အခြေခံမစဉ်းစားပဲ အကြောက်လွန်နေတာ၊ ရမ်းပြီး အခြေအနေကို မလေ့လာပဲ တုန့်ပြန် လှုပ်ရှားမှုလုပ်ရင် အန္တရာယ်ပိုဖြစ်နိုင်ပါတယ်။ တိုက်ပွဲဘယ်နားဖြစ်နေမှန်းမသိပဲ ပြေးမိရင် ၂ ဖက်ကြား တိုက်ပွဲ အလယ်ရောက်သွားနိုင်ပါတယ်။ Orient ဆိုတဲ့ တည်ငြိမ်အောင် ကိုယ့်တည်နေရာသိအောင် အန္တရာယ်ကင်းနိုင်မယ့် နေရာကို အရင်မရှာပဲ ရမ်းပြေးလို့မရပါဘူး။ Sniper ပစ်နေပြီဆို ပစ်တဲ့သူရဲ့ တည်နေရာမသိပဲ ရမ်းပြေးလို့မရပါဘူး၊ သေနတ်သမားရဲ့ ဝေးတဲ့ဖက်ကို ပြေးရမှာပါ။ oreint လို့ခေါ်တဲ့ ယာယီ အန္တရာယ်ကင်းနိုင်ပြီး သေနတ်သမားရှိနိုင်ခြေ နေရာကိုသိမှ ဆုံးဖြတ်ချက်ချပြီး၊ လွတ်ရာကို ပြေးလို့ရမှာပါ။
ကိုယ့်ကိုကိုယ် အရင်ကယ်ပါ
အန္တရာယ်ရှိတဲ့ အခြေအနေတိုင်းမှာ ကိုယ့်ကိုကိုယ်အရင်ကယ်ဖို့ အရေးကြီးပါတယ်။ စစ်ပွဲဖြစ်တဲ့နေရာမှ မဟုတ်ပါဘူး ရေနစ်သူကယ်တာပဲဖြစ်ဖြစ်၊ လမ်းပေါ်မှာ ကားမတော်တဆမှုဖြစ်တာကို ကယ်တာပဲဖြစ်ဖြစ် အူဒါ နည်းနဲ့ ပထမဆုံး observe အရင်လုပ်သင့်ပါတယ်။ ရေနစ်နေတာ ရေစီးကြောင်းက အရမ်းသန်လား ကိုယ်က သူ့ကိုကယ်ပြီး ပြန်ကူးလာနိုင်လား၊ ရေနစ်နေတာအပြင် ဝါယာရှော့နဲ့ ဓာတ်လိုက်တာပါ တွဲဖြစ်နေသလားတွေ လေ့လာဖို့လိုပါတယ်။ ကား မတော်တဆမှုဆို ကိုယ်က ကယ်ဖို့ကြိုးစားနေတုန်း အခြားကားက ကိုယ့်ကို ဝင်တိုက်သွားနိုင်ခြေရှိလား၊ ကားကဆီယိုပြီး မီးလောင်နိုင်ခြေရှိနေသလား၊ ကားက တောင်စောင်းမှာဆို ဂျမ်းတုံး၊ ကျောက်ခဲတုံး အရင်ခုဖို့လိုလား ကြည့်ရပါမယ်။ စစ်ပွဲထဲမှာဆို လမ်းပေါ် ဒါဏ်ရာနဲ့ လဲနေသူကို ပြေးမထူခင် ပတ်ဝန်းကျင်မှာ သေနတ်သမား၊ စနိုက်ပါရှိနေနိုင်သလား၊ ဘယ်အရပ်ကပစ်နေသလဲ တည်နေရာတွေသိဖို့လိုပါတယ်။
ဒါက battle royale ဂိမ်းဆော့တဲ့သူတွေဆို ပိုသိကြမယ်ထင်တယ် Fortnite, PUBG လို ဂိမ်းတွေပေါ့။ သေနတ်သမား ဘယ်နားက ပစ်နေမှန်းမသိပဲ ကျည်ကွယ်ကနေထွက်လို့မရသလို၊ ကွင်းပြင်ပြောင်မှာ လဲနေတဲ့ team mate ကို ပြေးကယ်လို့မရပါဘူး။ တကယ် တိုက်ပွဲဖြစ်ပြီဆို ၁၅ ပေလောက်ပဲရှိတဲ့ လမ်းကိုတောင် တဖက်ခြမ်းကနေ တဖက်ခြမ်းကို ကူးဖို့မလွယ်ပါဘူး။ ဒါကြောင့် အရေးပေါ်အခြေအနေမှာ ကိုယ်ကိုတိုင် အူဒါ စက်ဝိုင်းနဲ့ အရင် ချင့်ချိန်ပြီးမှ အခြားသူကို ကယ်လို့ရပါတယ် မဟုတ်ရင် အကယ်ခံရမယ့်သူကော၊ ကယ်မယ့်သူကောပါ အန္တရာယ်ရှိပါတယ်။
ဟောလီးဝုဒ်က တင်သွင်းလာတဲ့ အယူအဆမှားများ
စစ်ပွဲ နဲ့ လက်နက် အန္တရာယ်တွေပြောရင် ဟောလီးဝုဒ်ကားတွေ တင်သွင်းလာတဲ့ အယူအဆ မှားတွေကိုလဲ သိထားဖို့လိုပါတယ်။ အထူးသဖြင့် ရိုင်ဖယ်ကျည် ကို ကားတံခါးနဲ့ ကာလို့မရပါဘူး ပစ်စတိုကျည်တောင် အခြေအနေအများစုမှာ ကားတံခါးကို ဖောက်ပါတယ်။ ကားတစီးလုံးရဲ့ ဘယ်နေရာမှာမှ ကျည်မကာပါဘူး ကျည်ကာနိုင်တာ အင်ဂျင်တုံးခံတဲ့နေရာတခုသာရှိပါတယ်။ ဒါတောင် လက်နက်ကြီး ကျရင် မလွယ်ပါဘူး။ တိုက်က အုတ်နံရံများကလဲ ကျည်မကာနိုင်ပါဘူး၊ အခြား မှန်ထရံဆိုပိုဆိုးပါတယ်။ ဟောလီးဝုဒ်ကားထဲကလို သေနတ်နဲ့ပစ်တဲ့အခါ သစ်သားစားပွဲ ထောင်ကာတာလဲ ကျည်မကာနိုင်ပါဘူး။
အကောင်းဆုံးက တိုက်ပွဲဖြစ်နေတဲ့အခါ မြေကြီးအကာအကွယ်ယူတာ အကောင်းဆုံးပါ။ ဗုံးခိုမြေအောက်ကျင်း၊ ဒါမျိုးမရှိရင် ရပ်ကွက်ထဲက ရေနှုတ်မြောင်း၊ မြေကျင်း၊ မရှိရင် မြေနိမ့်တဲ့နေရာ လို မြေသားထုကြီး ခံနေတဲ့နေရာများကသာ ကျည်ကာနိုင်ပါတယ်။ တိုက်ပွဲဖြစ်နေတဲ့နားရောက်တဲ့အခါ အူဒါ စက်ဝိုင်းနဲ့ အခြေအနေကို သုံးသပ်သင့်သလို ရမ်းပြေးတာ၊ လေယာဉ်လာလို့ထ ပြေးတာမျိုးတွေလဲ မလုပ်သင့်ပါဘူး။ လေယာဉ်သံအကျယ်ကြီးကြားရခြင်းက လေယာဉ်က ဗုံးကျဲတော့မှာမို့ ဒိုက်ထိုးဆင်းလာခြင်းဖြစ်ဖို့များပြီး အဲဒီအချိန်မှာ ပြေးရင် လွတ်ဖို့မလွယ်သလို အစမှန်ဖို့ အန္တရာယ်ပိုများတာမို့ ရှိရာနေရာမှာပဲ ပြားကပ်နေအောင် ဝပ်သင့်ပါတယ်။ လက်နက်ကြီး၊ ဗုံးလိုအရာများက မြေပြင်မှာပေါက်ကွဲတဲ့အခါ အစတွေက များသောအားဖြင့် စက်ဝိုင်းခြမ်း သဏ္ဏန် မြေပြင်ညီနဲ့ အပေါ်ဖက်တွေကို ပြေးတာမို့ မြေကျင်း၊ ရေနှုတ်မြောင်းများကသာ ကာကွယ်နိုင်ဖို့များပြီး အထပ်မြင့်လိုတိုက်မျိုးတွေက အစလာ မှန်ဖို့ အခွင့်အရေးများတာကြောင့် တိုက်အမြင့်တွေကိုလဲ ရှောင်သင့်ပါတယ်။
ရေနှုတ်မြောင်းလိုကျင်းများက ပေါက်ကွဲမှုကာတယ်ဆိုပေမယ့်လဲ ၂ ဆင့်ကွဲလိုမျိုး လနက များ၊ ဖောစဖောရပ်နဲ့ ကျင်းထဲတည့်ကျတဲ့ လက်နက်ကြီးတွေကိုတော့ မကာနိုင်ပါဘူး။ အပြင်လောကမှ ဟောလီးဝုဒ်ထဲကလို ပေါက်ကွဲခါနီးအချိန် ပြေးပြီး ခုန်တာမျိုးလုပ်လို့မရပါဘူး။ ရှိတဲ့နေရာမှာ ပေါက်ကွဲနိုင်ခြေရှိတဲ့အရပ်၊ ကျည်လာရာအရပ်ကို ခြေထောက်ထားပြီး ဝပ်နေခြင်းက အန္တရာယ်ကို အခြေအနေတခုအထိ လျော့ချနိုင်မှာပါ။ ဝပ်တဲ့အခါ ခေါင်းကို လက်နှစ်ဖက်နဲ့ ကာကွယ်ပြီး၊ ပါးစပ်ဟ ထားခြင်းက shockwave ရိုက်ခတ်မှုကြောင့် နားစည်ကွဲနိုင်ခြေကို လျော့ချပေးပါတယ်။ နောက်တခုက ဒီလို အခြေအနေတွေမှာ မပေါက်ကွဲသေးတဲ့ လက်နက်အကျွင်းအကျန် စတာတွေ ကို မကောက်ယူဖို့၊ ကလေးများလဲ မဆော့မိစေဖို့၊ လူသူမရှိတဲ့ အိမ်ခြေ၊ ရပ်ရွာတွေထဲ ရမ်းမဝင်ဖို့လဲ အရေးကြီးပါတယ်။
အခုက စာရှည်သွားပြီမို့ ဒီတခေါက်တော့ fight-or-flight နဲ့ OODA loop စက်ဝိုင်းအကြောင်း မျှဝေခြင်းဖြစ်ပါတယ်။ အရေးပေါ်အခြေအနေမှာ အသုံးတည့်လိမ့်မယ်လို့လဲ ယူဆပြီး အားလုံး လူကျန်းမာ၊ စိတ်ချမ်းသာဖို့ ဆုတောင်းပါတယ်။ နောင်များမှ အရေးပေါ် ရှေးဦးသူနာပြုစုနည်း နှင့် အရေးပေါ်အိတ်ပြင်ဆင်တာမျိုးတွေ ဆက်ရေးပါဦးမယ်ခင်ဗျာ။
Comments
Post a Comment