ဖလင်ကင်မရာ နဲ့ ဓာတ်ပုံရိုက်သင့်လား



အရင်အပတ်က ဖလင်ကင်မရာ အကြောင်းလေးတင်ပြီးတဲ့နောက် ကျွန်တော့်ကို သူငယ်ချင်းတွေကော၊ ဘလောဂ်က စာဖတ်သူ အချို့ကော ဖလင်ကင်မရာ ရိုက်ချင်လို့ ကင်မရာအကြောင်း၊ ဖလင်အကြောင်းမေးလို့ ကျွန်တော် တယောက်ခြင်း စာမပြန်တော့ပဲအချက်အလက်စုံအောင် စဉ်းစားပြီး စာတပုဒ်ရေးတင်လိုက်ပါတယ်။ အဓိကကတော့ ဖလင်ဓာတ်ပုံ ရိုက်သင့်လား မေးရင် ယေဘူယျအားဖြင့် မရိုက်သင့်ဘူးလို့ ကျွန်တော်ဖြေပါ့မယ်ဗျ။ Gatekeeping လုပ်တာမဟုတ်ပါဘူး အများစုအတွက် အခြေအနေမှန်ဖြစ်နေလို့ အဲဒီလိုပြောတာပါ။ ဘာလို့လဲအောက်မှာ ပြန်ရှင်းပါ့မယ်။ အဲဒီအချက်တွေနဲ့ ချိန်ပြီး ပြန်စဉ်းစားဖို့ပါ။


  • ဘာကြောင့် ဖလင်နဲ့ ရိုက်ချင်တာလဲ

ဒီမေးခွန်းကို ဖြေဖို့ ဖြစ်နိုင်ခြေတွေကို ကျွန်တော်စဉ်းစားကြည့်ပါတယ်။ အဓိကက ဖလင် look လိုချင်လို့ဖြစ်နိုင်တယ်၊ ဖလင်ရဲ့ slow ဖြစ်တဲ့ ဖီလင်ကိုလိုချင်တာလဲဖြစ်နိုင်တယ်၊ ဖလင်ရဲ့ လက်နဲ့ကိုင်လို့ရတဲ့ မီဒီယမ် အထိအတွေ့ကိုကြိုက်လို့လဲဖြစ်နိုင်တယ်၊ ဓာတ်ခဲမလိုပဲ သုံးလို့ရနိုင်တဲ့ မက္ကနီကယ် ဖီလင်နဲ့ ကင်မရာမျိုးကိုကြိုက်လို့လဲဖြစ်နိုင်တယ်၊ နောက်ဆုံး ဖလင်ကင်မရာနဲ့ဆိုတော့ အခြား digital နဲ့ ရိုက်သူတွေကြားထဲ ကြွယ်ချင်လို့ hipster, cool photographer အထာဖမ်းချင်လို့လဲ ဖြစ်နိုင်တာပဲ။


ဖလင်ကထွက်တဲ့ အရောင်၊ look ကာလာအနိမ့်အမြင့်ကို ကြိုက်လို့ဆိုရင်တော့ ကျွန်တော်အကြံပေးရမယ်ဆို digital ကင်မရာမှာလဲ အဲဒီလို ပြင်လို့ရတဲ့ preset တွေအများကြီးရှိပါတယ်၊ အဲဒါလိုချင်လို့ ဖလင်ရိုက်မယ်ဆိုရင်တော့ စဉ်းစားစေချင်တယ်။ တကယ်လို့ ဆက်ရိုက်ချင်တယ်ဆိုရင်အောက်မှာ ထပ်မေးမယ့် အချက်တွေကို ဆက်ဖတ်ပြီး စဉ်းစားပါဦးလို့ပြောချင်ပါတယ်။ ဖလင်ကာလာ preset တွေအများစုက အတော်ကို တူအောင်လုပ်ထားနိုင်ကြပါတယ် သာမန် film lab က developer တွေ၊ ရိုက်သက်ရင့်သူတွေ၊ အယ်ဒီတာတွေလောက်သာ digital ကို ဖလင်ကာလာပြန်လုပ်ထားမှန်းသိနိုင်တဲ့ အနေအထားထိရှိတဲ့ emulator တွေရှိပါတယ်။ တော်ရုံလူမခွဲနိုင်ပါဘူး။ film grain လိုမျိုးတွေကအစ အတော်တူအောင် လုပ်နိုင်တာတွေရှိတယ်။ အဖြူ၊ အမဲ အရောင် ကာလာအနိမ့်အမြင့်တွေက အစတူအောင်လုပ်ပေးနိင်တယ်။ 


အမှန်တော့ ဖလင်ကင်မရာအတွက်မှာတောင် ဒီနေ့အပြင်မှာ ဆက်မထုတ်တော့တဲ့ ဖလင်ကာလာမျိုးတွေ digital preset မှာရှိတယ်။ ဥပမာဗျာ Kodachrome လိုမျိုး ဖလင်ဆို အပြင်မှာ အဲဒီ ဖလင်လိပ်ဝယ်လို့မရတော့ဘူး Kodak က အဲဒီဖလင်မထုတ်တော့တာ 2010 လောက်ကတည်းကပဲ၊ သူဆက်ထုတ်နေရင်တောင် အဲဒီဖလင်က တော်ရုံဆိုင်မှာဆေးလို့မရဘူး သူ့ဆေးတဲ့ စက်သီးသန့်ဝယ်ရသေးတယ် K-14 ဆေးနည်းလို့ခေါ်တယ် တိုးတက်တဲ့နိုင်ငံတွေတောင် အဲဒီခေတ်က သီးသန့်ဆိုင်မှာပဲ ဆေးရတာ အဲဒီဆိုင်တွေလဲ ပိတ်သွားတာ ဖလင်မထုတ်တော့ကတည်းကပဲ။ ဇာတ်လမ်းတောင်ရှိသေးတယ် Kodachrome (2017) ဇာတ်ကားရှိတယ် ရှာကြည့်ကြည့်ပါ ဖလင်ဆေးဖို့ သားအဖတွေ ခရီးထွက်ရတဲ့ ဇာတ်ကားလေး။ digital preset မှာ အဲဒီကာလာမျိုးတွေရနိုင်တယ်။ ဖလင်မှာ ခုမရှိဘူး။ ဖလင်မှာရှိတဲ့ အခု ဆက်ထုတ်နေသေးတဲ့ ဖလင်အမျိုးအစားကွဲတွေက အရင် ဖလင်ခေတ်ကလို ရွေးစရာအများကြီးမရှိတော့ဘူး မထုတ်တော့တဲ့ ဖလင်အမျိုးအစားတွေ အများကြီးပဲ။ 





ဖလင်ရဲ့ slow ဖြစ်တာ ဆေးတာစောင့်ရတာ၊ ကိုင်လို့ရတဲ့မီဒီယမ် ဖလင်လိပ်ကြီးကိုကြိုက်တာ၊ ကင်မရာမှာ ဓာတ်ခဲမလိုတဲ့ မက္ကနီကယ် ကင်မရာကိုကြိုက်တာဆိုရင်တော့ ဝယ်ဖို့အကြောင်းတခု ခိုင်လုံနေပါပြီ အောက်က လာမယ့် မေးခွန်းတွေဆက်ဖတ်ပါ။ ဖလင်ရဲ့ အကန့်အသတ်ရှိတာ တွေကိုကြိုက်တာ ဥပမာ ISO အကန့်အသတ်ရှိတာ၊ ကလစ်တချက်နှိပ်ဖို့ စဉ်းစားပြီးမှ ရိုက်ရတဲ့ အကန့်အသတ်ရှိတာမျိုးကို ကြိုက်ရင်တော့ ကျွန်တော်က digital ပဲ ဆက်ရိုက်ဖို့အားပေးပါတယ်။ Digital မှာ အဲဒီ အကန့်အသတ်တွေအကုန်လုပ်လို့ရတယ်နော်။ စကရင်အပြီးပိတ်ထားတာမျိုး၊ ငါဒီနေ့ ၃၆ ပုံပဲရိုက်မယ်ဆိုတာမျိုး၊ burst mode ပိတ်ထားပြီး တချက်ခြင်းပဲရိုက်မယ်ဆိုတာမျိုး တွေလုပ်လို့ရတယ်။ မှန်ဘီလူးကို auto-focus ပိတ်ထားပြီး zone focusing နဲ့ ရိုက်မယ်ဆိုတာမျိုးလုပ်လို့ရတယ်။

ကျွန်တော်က digital ရိုက်သူဘယ်သူမဆို အဲဒီအတိုင်းရိုက်ဖို့ အားပေးပါတယ် ကျွန်တော်ကိုတိုင်လဲ အရင် ဆောင်းပါးလို ကင်မရာမှာ ပိတ်ထားသ့်တဲင့ setting ဆိုတဲ့ထဲကလို အကုန်ပိတ်ထားတယ်၊ စကရင်တနေကုန် မကြည့်ဘူး၊ ပြန်မဖျက်ဘူး၊ အိမ်ရောက်မှ ပုံကူးပြီးမှ ကွန်ပျူတာမှာ ကြည့်ပါတယ်။ ISO လဲ digital ကို တနေကုန် 400 ပဲထားတယ်၊ ညနေအရမ်းမှောင်လွန်းမှ ညဖက်မှ ISO ပြောင်းတယ်။ အဲဒီလို ရိုက်တာ နှစ်လောက်ရှိပြီဆိုတော့ digital မှာ မီတာပါလဲ နေ့ဖက်ဆို အလင်းရောင်အနေအထားမြင်တာနဲ့ setting ချိန်တတ်တယ်၊ ဖလင်ရိုက်တော့လဲ မီတာမပါတဲ့ ကင်မရာနဲ့ ရိုက်နေတာပါပဲ။ အပေါ်က အကြောင်းအရာပြန်ဆက်ရရင် cool ဖြစ်ချင်လို့ လူကြားထဲ ကြွယ်ချင်လို့ ရိုက်ချင်တာဆိုရင်တော့ ပိုက်ဆံတတ်နိုင်ရင် ဝယ်ပါ၊ ဒါပေမယ့် အောက်က နောက်မေးခွန်းတွေ ဆက်ဖတ်ပါဦး။


  • ဖလင်ကင်မရာ ဝယ်ဖို့ဆိုင်၊ ပြင်ဖို့ဆိုင် ကိုယ့်မြို့မှာ ရှိလား

ဖလင်က အခုနောက်ပိုင်း youtuber တွေကြောင့်ကော၊ hipster တွေကြောင့်ကော ကမ္ဘာမှာ တကျော့ပြန် ခေတ်စားနေတာမို့ ဖလင်ကင်မရာဈေးတွေလဲ အရင်ကထက် အများကြီးကို ဈေးပိုတက်သွားပါတယ်။ အနောက်တိုင်းက Celebrity တွေ hipster လုပ်ကိုင်လိုက်တဲ့ တချို့ကင်မရာတွေဆို ဈေး လောက်ကိုတက်သွားတာပါ။ လူကြိုက်များတဲ့ brand အကြမ်းခံတဲ့ ကင်မရာတွေဆို ဈေးက အများကြီးတက်သွားတာပါ။ ကျွန်တော် အရင် vlog တင်ဖူးတဲ့ Hasselblad ကင်မရာဆို ကျွန်တော် စင်ကာပူက ဝယ်တုန်းက 1,700 SGD ပါ accessories နဲ့ prism finder နဲ့ ပါ အခု အဲဒီကင်မရာတွေ စလုံးမှာ 3,500 SGD လောက်ဖြစ်ကုန်ပါပြီ။ အဲဒီတော့ စာဖတ်သူ ကင်မရာဝယ်မယ်ဆို ကိုယ်သုံးမယ့် ဘက်ဂျက်က တော်ရုံဘက်ဂျက်ဆို အကြမ်းခံ reliable ဖြစ်တဲ့ မော်ဒယ် စီးရီးရတော့မှာမဟုတ်ပဲ အနိမ့်မော်ဒယ်ပဲရပါတော့မယ်။ အရင် နှစ်လောက်က Nikon F3 ရနိုင်တဲ့ ပိုက်ဆံက ခု FE လောက်ပဲရတော့တယ်။

နောက် ဝယ်ဖို့ဆိုင် ကိုယ့်မြို့မှာ ရှိလား အခြား ကင်မရာအကြောင်း မသိတဲ့ လူကြုံကို မှာရမှာလား၊ ကင်မရာအကြောင်း သိတယ်ထားဦး ဖလင်ကင်မရာတွေက အကုန် အဟောင်းတွေပါ၊ တော်ရုံဆိုင်မှာ စမ်းကြည့်ရုံနဲ့ digital လိုကောင်းတယ် မကေင်းဘူးပြောမရဘူး၊ အလင်းဖောက်ဝင်နေလား မသိရဘူး။ ဖလင်ကင်မရာ အသစ်ကို ဒီခေတ်မှာ ဆက်ထုတ်တာ ဘရန်း နည်းနည်းပဲ ကျန်တော့တယ် ဝယ်ဖို့လဲမလွယ်ဘူး။ ပလပ်စတစ်နဲ့လုပ်ထားတဲ့ lomo, holga လိုမျိုးတွေဆိုရင်တော့မျိုးပေါ့။ မြန်မာပြည်က နယ်မြို့က ဓာတ်ပုံဆိုင်တွေမှာတော့ ကင်မရာလေးတွေ လိုက်ရှာရင် သူတို့ မသုံးတော့တဲ့ ရောင်းပေးမယ့် ဆိုင်ရှိနိုင်သေးတယ် ဒါပေမယ့် ဆိုင်အများစုက အလှထားကြတာများတော့ ပျက်ကုန်လောက်ပြီ၊ နောက် များသောအားဖြင့် အဲဒီခေတ်က ဆိုဗီယက် နဲ့ တရုတ်ကထုတ်တဲ့ ကင်မရာတွေပိုများတယ် ကွာလတီ အရမ်းမကောင်းကြဘူး။ နောက် ဘက်ထရီလိုတဲ့ ကင်မရာမျိုးဆို ခုခေတ်မှာ ဘက်ထရီအများစုက ဝယ်ရခက်ပြီးဈေး ကြီးကုန်ပါပြီ။ ရန်ကုန်မှာတောင် မရှိတော့တဲ့ ဓာတ်ခဲတွေလဲ ရှိတယ်။ 


နောက်အရေးကြီးတာ ပြင်ဆိုင်ပါ၊ ပြင်တတ်တဲ့ဆိုင် ရန်ကုန်မှာတောင် မရှိတော့ပါဘူး။ ရှိတဲ့သူတွေလဲ အသက်ကြီးကုန်တာပါသလို နာမည်ကြီး ကင်မရာ စီးရီး  မော်ဒယ်မဟုတ်ရင် ထိုင်းမှာလဲ ပြင်မရပါဘူး၊ စလုံးမှာလဲ ပြင်မရပါဘူး။ spare parts တွေမထုတ်တော့လို့ ပြင်ဖို့လိုတဲ့ ပစ္စည်းကို အခြား မော်ဒယ်တူ ကင်မရာ အပျက်တွေလိုက်ရှာဝယ်ပြီး အစားထိုးထည့်ပေးတာမို့ ပြင်လို့ရရင်လဲ နောက် မော်ဒယ်တူ အဟောင်းတလုံးဝယ်တာလောက် ဈေးတူပါတယ်။ Why I love rangefinder ဆိုတဲ့ ကျွန်တော့် vlog မှာ ပြင်မရတော့တဲ့ ကျွန်တော့် ဖလင်ကင်မရာတွေ ကြည့်နိုင်ပါတယ်။ နာမည်ကျော် မော်ဒယ် spare parts ရှိသေးတဲ့ ကင်မရာဆိုလဲ ဈေးကြီးပါတယ် ဥပမာ Hasselblad ဆို ကျွန်တော် lightseal အသစ်လဲရတာရှိတယ် ebay က မှာရပါတယ် 40 $ ကျတယ် အဲဒါလေးကို၊ filmback က ပင်နယံကျိုးသွားတာပြင်တာ ဘန်ကောက်မှာတင် လကြာပါတယ် ဘတ် ၃၀၀၀ ကျော်ကျပါတယ်။ Leica ဆို အဆိုးဆုံးပါပဲ ဘန်ကောက်က official Leica မှာ တောင်ပြင်မရပါဘူး အရှေ့တောင်အာရှအတွက်က စင်ကာပူ အော်ချက်က ဆိုင်မှာ အဓိကပြင်တာပါ အဲဒီကို ကိုယ့်စားရိတ်နဲ့ကိုယ် လူကြုံရှာပို့ရပါတယ်။ တချို့ဟာတွေ အဲဒီမှာ ပြင်မရလို့ ဂျာမနီ ပြန်ပို့ရတာရှိရင် 4 လလောက်ကြာပြီး ဆားဗစ်ခက SGD 1,000 အထက်ပါ။  ကျွန်တော် အခုပြောနေတာ ကြားဖူးနားဝမဟုတ်ပါဘူး ကျွန်တော်ကိုယ်တိုင် ကြုံခဲ့ရတဲ့ ဟာတွေပါ။

ဖလင်ကင်မရာတွေက digital နဲ့ မတူတာက moving parts လို့ခေါ်တဲ့ ယန္တယား အစိတ်အပိုင်းတွေ ဒါဇင်ချီပြီးပါတော့ ပျက်နိုင်ခြေက အရမ်းများပါတယ်၊ မပျက်ရင်တောင် နှစ်တကြိမ် အနည်းဆုံး CLA လို့ အတိုခေါ်တဲ့ clean, lube နဲ့ adjust ဆိုတာတွေလုပ်ပေးရပါတယ်။ ဖုန်ဝင်တဲ့ နေရာတွေ သန့်ပေးရတယ်၊ ချောဆီလိုမျိုးနဲ့ သံပတ်တွေ ပြန်ချိန်တယ် ပင်နယံတွေပြန်ချိန်ရတယ်၊ adjust လို့ခေါ်တဲ့ မှန်ဘီလူး ဖိုးကပ်တွေပြန်ချိန်ပေးရတယ်၊ shutterspeed စက္ကန့်မှန်အောင်ပြန်လုပ်ပေးရတယ်။ မလုပ်ပေးရင် ဥပမာ သံပတ်တွေအားပျော့နေတဲ့အခါ ကိုယ်က 1/125 နဲ့ ဆက်တင်ချိန်ထားပေမယ့် ကင်မရာက လစ်နေတော့ 1/60 လောက်အထိကျပြီး နှေးနေတဲ့ ပြသနာတွေရှိပါတယ်။ ကိုယ့်က ဒီဟာတွေအတွက်လဲ အဆင်ပြေတယ် ပိုက်ဆံလဲရှိတယ်၊ ပြင်ဆိုင်လဲ နီးတယ်ဆို အောက်က မေးခွန်းတွေ ဆက်ဖတ်ပါဦး။


  • ဖလင်ဝယ်ဖို့ဆိုင်ရှိလား၊ အမျိုးအစားစုံလား၊ ဖလင်ဖိုးတတ်နိုင်ပြီလား

ကိုယ်နေတဲ့ မြို့ အနီးအနားမှာ ဖလင်ကင်မရာရောင်းတယ်၊ ရိုက်တဲ့သူတွေလဲရှိရင်တော့ ဖလင်လဲရောင်းမှာ သေချာပါတယ်။ မရှိရင်တော့ စဉ်းစားရတော့မယ်ပေါ့ မှာရင် ပို့ခ ဘယ်လောက်ကျမှာလဲ ဘယ်လောက်စောင့်ရမှာလဲ။ အထူးသဖြင့် မြန်မာနိုင်ငဲံထဲက ရန်ကုန်မဟုတ်တဲ့နေရာတွေဆိုရင်ပေါ့။ သိတဲ့ စာဖတ်သူတွေလဲ သိကြမှာပါ ကျွန်တော် အရင်က ရန်ကုန်မှာ Film Lake ဆိုပြီး ဖလင်ဆေးတာ ဖလင်ရောင်းတာတွေ လုပ်ခဲ့ပါတယ်။ ၂၀၂၁ မှာ အပြီးပိတ်လိုက်ပြီး နိုင်ငံခြားထွက်သွားခဲ့တာပါ။ ကျွန်တော် မလုပ်ဖြစ်တော့ပေမယ့် ဖလင်ရောင်းနေတဲ့ ဆိုင် page တွေ ရန်ကုန်မှာ ရှိသေးတာတော့ တွေ့ပါတယ်။ ဒီခေတ်ငွေလဲနှုန်းနဲ့ ကုန်သွယ်ရေးအခက်အခဲနဲ့ အများစု ဆက်ရောင်းသေးလားတော့ မသိပါဘူး။ နောက်ဝယ်ရင်ကော ကိုယ့်မြို့ကို ပို့ဖို့ ဘယ်လောက်ကြာသလဲ သိမှရမယ်ပေါ့။


နောက်ပြသနာက ဖလင်က expired date ရှိပါတယ်။ ဝယ်တင်ထားပေမယ့် မရောင်းရရင်ပြသနာရှိတယ်။ နောက်ပြသနာက မြန်မာမှာ X-ray လုံခြုံရေးစက်တွေက နောက်ပိုင်း ပြင်းအားအရမ်းတင်ထားတာမို့ အဲဒီစက်တွေမှာ အဖြတ်ခံရရင် ဖလင် ထိခိုက်သွားနိုင်ခြေအရမ်းမြင့်သွားတယ်ပေါ့။ နောက် အခုခေတ်ငွေဈေးနဲ့ဆို ဖလင်လိပ်တွေဈေးက အရမ်းများနေလောက်ပြီထင်တယ်။ ထိုင်းမှာ လိပ် ဘတ် 350 ဆို လက်ရှိငွေဈေး အကြမ်း 350 x 160 = 56,000 ကျပ်ဖြစ်နေပါပြီ။ ဒါတောင် သယ်ယူစားရိတ်၊ တင်ရောင်းမယ့် ဆိုင် အမြတ်မပါသေးဘူး။ ဆေးခထည့်မတွက်ရသေးဘူးနော်။ ထိုင်းမှာ ဘတ် ၂၃၀ ဆို မူကထ အဝစားလို့ရတယ်၊ ထိုင်းလူလတ်တန်းစားအတွက်တောင် ဈေးကကြီးပါတယ်။ ရတယ် တခါတလေမှရိုက်မှာ၊ ရတယ် ပိုက်ဆံ ရှိတယ် တတ်နိုင်တယ်ဆို အောက်က နောက်မေးခွန်း နဲ့ ဆက်စဉ်းစားပါဦး။


  • ဖလင်ဆေးမယ့်ဆိုင်ရှိလား

ဖလင်က ရိုက်ပြီး ပုံတန်းမမြင်ရဘူး ဆိုတာတော့ အားလုံးလဲသိမှာပါ။ ရိုက်ပြီးတဲ့ ဖလင်ကို ဆေးရပါတယ် ဆေးပေးမယ့် ဆိုင်ရှိလား၊ မရှိရင် ဘယ်မြို့ကို ပို့ရမှာလဲပေါ့။ ဈေးကကောဘယ်လောက်လဲ။ ကျွန်တော်အရင်က ဖလင်ဆေးတယ် ကိုယ်ရိုက်တာ ကိုယ်ဆေးရင်းနဲ့ အမြတ်သိပ်မတင်ထားပဲ ဖလင်ရိုက်သူတွေတိုးလာအောင် ဆေးတဲ့ဆိုင်ဖွင့်တာပေါ့။ တကယ်တော့ အဲဒီကတည်းက မကိုက်ဖူးခင်ဗျ၊ ကျွန်တော့်ဖလင်ဆေးရင်းနဲ့ ဆေးဖိုးထွက်လာလဲ အမြတ်ဆိုပြီးဆေးတာ။ ရိုက်တဲ့သူနည်းလေ မကိုက်လေပါပဲ။ ဆေးဖို့အတွက်က အဖြူအမည်းဖလင်ဆို ရေခဲသေတ္တာ သုံးဖို့လိုတယ်၊ ကာလာဆို ရေပူရဖို့ လျှပ်စစ်ရေနွေးကယားလိုတယ်။ အဲဒီတုန်းက မီးမှန်တယ်ဗျ ဒါတောင် အတော်လက်ဝင်တယ်။ ဖလင်ဆေးတဲ့စက်ကြီးတွေဝယ်ဖို့ မတတ်နိုင်တော့ လက်နဲ့ ဆေးရတာမို့ တခါဆေးရင် ၃၊ လိပ်ပါတဲ့ ဘူးနဲ့ ဆေးရင် အဖြူအမည်းဆို နာရီဝက်ကြာတယ် ဆေးတာသီးသန့်ပဲနော်၊ ကာလာဆို နာရီလောက်ကြာတယ်။ ကာလာဖလင်ဆေးတဲ့ C-41 method ဆေးရည်က လီတာဘူးတွေနဲ့ပေါ့ ဆေးစပ်ပြီးရင် ၁၅ လိပ်လောက်ပဲဆေးလို့ရတယ် အဲဒီဆေးက ပတ်လောက်ပဲခံတယ် အဲဒီရက်အတွင်းမှာ ဖလင်လိပ်ဆေးမယ့်သူ ၁၅ လိပ်မပြည့်ရင် ဆေးဖိုး ဆုံးပါတယ်။ ကျွန်တော်ကိုယ်တိုင်လဲ ပညာဒါန ဖလင်ဆေးတာတွေ သင်ပေးဖူး သရုပ်ပြဖူးပါတယ်၊ စိတ်ဝင်စားတယ်ဆိုပြီး လာကြည့်ကြပေမယ့် ဒီပညာရပ်ကလဲ ကိုယ်တိုင်မလုပ်ရင် မတတ်ပါဘူး။ ကျွန်တော်ပဲ ဖီးလ်လာပြီး ပြောပြရတာ ညောင်းတာ အဖတ်တင်လို့ ဆေးတာသင်ချင်တယ်ဆိုရင်ကို လန့်နေတဲ့ အထိဖြစ်သွားသေးတယ်။ 





ပြီးရင်အခြောက်လှန်းရတယ် ရက်လောက်၊ ဖလင်ကကွေးနေရင် ပြန်ဖြောင့်ဖို့လုပ်ရတယ်။ ခြောက်ပြီဆိုတော့မှ scan ဖတ်ရတယ် စကင်ဖတ်ရင် resolution အကောင်းဆို ကွက်ကို မိနစ်လောက် အချိန်ပေးရတယ်။ Scanner ကလဲ ဈေးကြီးပါတယ်။ စာရွက်စာတန်းဖတ်တဲ့ စကင်နာနဲ့ မရပါဘူး ဖလင် စကင်နာ သီးသန့် ဝယ်ရပါတယ်။ စကင်နာတင် U.S. က အဲဒီတုန်းကမှာတာ သယ်ခနဲ့ USD 400 ကျသွားတယ်။ ထိုင်းတို့ စလုံးတို့မှာတောင် စကင်နာက stock မရှိပါဘူး မှာမှ ဆိုင်ကသွင်းပေးတာပါ။ နောက်ပြသနာက used ဝယ်မယ်ဆိုလဲ စကင်နာက ရှားပါတယ်၊ နောက် CCD ဆင်ဆာတွေနဲ့လာတဲ့ မော်ဒယ်အဟောင်းဆိုလစ်ပြီ။ ဖြစ်နိုင်တာက digital ကင်မရာနဲ့ macro lens တပ်ပြီး ဖလင်ကို ရိုက်ပြီး စကင်ဖတ်လဲရပေမယ့် အဲဒီ set up အတွက်လိုတာတွေဝယ်တာကလဲ ဈေးမသေးပါဘူး။ နောက် ဆေးတွေက အရည်တွေက သောက်မိရင်သေတတ်ပါတယ်၊ ဓာတုဆေးရည်မို့ မျက်စိထဲဝင်ရင် ကန်းပါတယ်။ အလားဂျစ်ရှိရင် အသားလောင်ပါတယ်။ ဆိုတော့ ကိုယ်တိုင်ဆေးမယ်ဆို အဲဒီ အခက်အခဲတွေရှိပါတယ်။ မီးမလာရင်ပိုခက်ပါမယ်။ ဖလင်တွေဆေးပြီး စကင်ဖတ်ပြီးရင်ထည့်ရတဲ့ acid free ပလပ်စတစ် အိပ်လေးတွေကလဲ ဈေးကြီးပါတယ် အဲဒီ ကုန်ကျစားရိတ်လဲရှိပါသေးတယ်။ ဆိုင်ရှိရင်လဲ ဖလင်ဖိုးထည့်တွက်ရမှာဖြစ်ပြီး ကိုယ်တိုင်ဆေးဖို့ကတော့ အထက်ကပြောသလို မလွယ်ပါဘူး။ ဖလင်ကနေ အမှောင်ခန်းထဲ ဖလင်ကနေ တိုက်ရိုက်ပုံထုတ်တာကတော့ ကျော်လိုက်တော့မယ်ဗျာ ဖလင်ဆေးတာတောင်မလွယ်ရင် ပုံထုတ်ဖို့ဆိုဝေးသွားပြီဆိုတော့ scan ဖတ် digital ပြောင်းပြီး မြို့ထဲက digital ပုံထုတ်ဆိုင်မှာပဲ ထုတ်ကြတာပိုအဆင်ပြေမှာဆိုတော့။


  • မမျော်လင့်တဲ့ ဖလင်ပြသနာတွေ ဖြေရှင်းဖို့ အတွေ့အကြုံလိုပါတယ်
လင်မှာ မမျော်လင့်တဲ့ ပြသနာတွေ အများကြီးရှိပါတယ်။ ဥပမာ - ကိုယ်ဝယ်ထားတဲ့ ကင်မရာက နှစ်လောက်နေမှ ထဖောက်တာ၊ ကင်မရာထဲမှာ ဖလင်ညှပ်သွားတာမျိုးတွေရှိနိုင်တယ်။ ကိုယ့်ကင်မရာကို တယောက်ယောက်ကယူကိုင်ရင် နောက်ဖုံးဖွင့်မိသွားတာ ရှိတယ်။ ဖလင်ကို X-ray အရမ်းပြင်းတဲ့ စစ်ဆေးရေးစက်မှာ ဖြတ်မိလို့ ထိသွားတာရှိနိုင်တယ်။ ISO push လုပ်တာ pull လုပ်တာတွေ သိထားဖို့လိုတာရှိတယ်၊ expired ဖြစ်နေတဲ့ ဖလင်ဆို ဘယ်လို လုပ်သင့်လဲသိမှရတာမျိုးတွေရှိပါတယ်။ နောက် ကရိကထများပါတယ် အလင်းလုံတဲ့အိပ်မျိုးတွေနဲ့ သယ်တာပိုကောင်းတယ်၊ ရေလုံတဲ့ ပလပ်စတစ် zip lock အိတ်မျိုးတွေလိုပါတယ်။ နောက် 35mm ဆို ဖလင်လိပ်အသစ်ကြီး အစက အထဲဝင်သွားရင် ဘယ်လိုပြန်ထုတ်ရမလဲ စတဲ့ ပြသနာတွေကြုံရမှာ။

နောက် အထူးသဖြင့် နိုင်ငံခြားကလို ဖလင်ကို ရေခဲသေတ္တာထဲ ထည့်ထားရမယ်ဆိုတဲ့ အယူအဆက မြန်မာပြည်နဲ့ ပူတဲ့ဒေသတွေမှာ ပြသနာရှိပါတယ်။ ဖလင်ကော ဖလင်ဆေးတဲ့ ဓာတုဆေးရည်တွေကောက ရေခဲသေတ္တာထဲထည့်ရင် ပိုအထားခံတာ မှန်ပါတယ်၊ အေးရင် ဓာတ်ပြုတာ နှေးတာကိုး။ အနောက်နိုင်ငံ ဥရောပ လိုအေးတဲ့နိုင်ငံတွေမှာ အဲဒီလိုတာ ပြသနာမရှိဘူးဆိုတာက သူတို့ဆီမှာ မီးမှန်တယ်ဗျ၊ နောက် အအေးခန်းထဲကနေ အပြင်ယူသွားလဲ သူတို့ဆီမှာက အေးတာကိုး ဘာမှမဖြစ်ဖူး။ ဒီမှာက အဲဒီလို လိုက်လုပ်ရင်ပြသနာက မီးပျက်ရင် ရေခဲတွေအရည်ပျော်သလို ရေငွေ့တွေက ဖလင်လိပ်ကြားထဲဝင်ကုန်ရော အဲဒီမှာ အကွက်တွေဖြစ်တတ်တာပေါ့။ နောက် မီးမပျက်ရင်တောင် ရေခဲသေတ္တာထဲကနေ ရိုက်ဖို့ အပြင်ယူသွားတော့ အပူအအေး ရုတ်တရတ်ပြောင်းတာမြန်တော့ ရေငွေ့နဲ့ အစက်တွေ ဖြစ်တတ်ပါတယ်။ အဲဒါမျိုးတွေလဲ ဆေးတုန်းကကြုံရတယ် ခဏတိုင်း။ ကောင်းတာကတော့ အခန်းထဲမှာပဲ အလင်းတိုက်ရိုက်မထိတဲ့နေရာမှာ ထားရင် အဆင်ပြေပါတယ်။




အဲဒီလို ပြသနာပေါင်းစုံတွေက ကြုံလိုက် ရိုက်လိုက် ဆေးလိုက်နဲ့မှ နားလည်လာတာမျိုးပါ။ youtube က အနောက်နိုင်ငံက hipster များရဲ့ vlogs တွေမှာလဲ အဲဒါမျိုးတွေပါမှမဟုတ်ပါဘူးဗျ။ သူတို့ရိုက်နေတာကြည့်ရင်ကို သိသာပါတယ် nostalgic effect လို့ခေါ်တဲ့ အရသာရအောင်ပဲ ဖလင်ကင်မရာ တမျိုးဝယ်လိုက် ရှေးဟောင်းစတိုင်နဲ့ ဓာတ်ဆီဆိုင်ကြီးရိုက်လိုက်၊ ရှေးဟောင်းကားလေးတွေရိုက်လိုက်၊ dinner လေးရိုက်လဲနဲ့ ပြီးနေတာပဲ တွေ့ရလိမ့်မယ်။ အဲဒါကြောင့် ကျွန်တော်က အမြဲညွှန်းတာကတော့ ဖလင်နဲ့ ရိုက်မယ်ဆို နှစ်ကျော်လောက်မှ တကယ် စိတ်ထည့်ပြီး အတည်အတံ့ပရောဂျက်လုပ်ပါလို့ မဟုတ်ပဲ ဖလင်ကင်မရာဝယ်ပြီး ဒါနဲ့ ပရောဂျက်ရိုက်တော့မယ် digiital မသုံးတော့ဘူးဆိုပြီးမှ အဲဒီလို ပြသနာတွေဖြစ်လို့ ဆေးတဲ့အခါ တပုံမှပေါ်မလာပဲ ဆုံးရှုံးရတာတွေ ကြုံဖူးလို့ အကြံပေးချင်တာပါ။ 


  • မေးခွန်းတွေပြီးပါပြီ

ဒီအထိ စာဖတ်သူက ဖတ်ပြီးပြီ ဖလင်နဲ့ပဲ ဆက်ရိုက်ဖို့ ဆန္ဒရှိတယ်၊ အပေါ်က မေးခွန်းတွေအတွက်လဲ အဖြေရှိပြီဆို ဂုဏ်ယူပါတယ်။ နောက်ဆုံးအပိတ်ကို ဖလင်နဲ့ ဘာကြောင့်ရိုက်သင့်သလဲ ကျွန်တော်ပြောပါတော့မယ်။ ကျွန်တော့်အတွက် ဖလင်နဲ့ ရိုက်ရတာ အတန်ဆုံးလို့ ယူဆတဲ့ အချက်ကိုစပြောပါမယ်။ အဲဒါကတော့ ဖလင်ကထွက်လာတဲ့ ပုံ visual look, tone တွေမဟုတ်ပါဘူး၊ ရိုက်တဲ့အချိန်မှာ ရိုက်နေတဲ့ သူခံစားရတဲ့ ဆုံးဖြတ်ချက်ပြတ်သားမှု နဲ့ အခိုက်အတန့် moment လေးကို ရလိုက်တယ်ဆိုတဲ့ ခံစားချက်ပါ၊ နောက် အဲဒီ ရလိုက်တယ်ဆိုတာကို ပြန်သေချာသွားစေတဲ့ ဆေးပြီးသား စကင်ဖတ်ပြီးသားပုံကို ကွန်ပျူတာပေါ်မှာ ပြန်မြင်ရတဲ့ အခိုက်အတန့်ပါပဲ။ အဲဒီ ခံစားချက်က ဘာနဲ့တူလဲဆိုတော့ ငယ်ငယ်က ကိုယ်သေချာစာလုပ်ပြီး ယုံကြည်ချက်အပြည့်နဲ့ စာမေးပွဲဖြေ တွက်ချက်ဖြေခဲ့တာကို အမှတ်စာရင်းထွက်ချိန်မှာ ကိုယ့်ဖာသာ အတည်ပြုလိုက်နိုင်ချိန်မှာ ရတဲ့ personal ခံစားချက်က ဖလင်ကပေးတဲ့ အကောင်းဆုံး အချက်ပါပဲ။ အဲဒီ အရသာ က ကျွန်တော် ရိုက်ထားတဲ့ပုံကြည့်တဲ့သူလဲ မရဘူးဗျ။ သူတို့အတွက်လဲ မဟုတ်ဘူး ကျွန်တော့် တကိုယ်စာအတွက်ပဲ။ Digital နဲ့ကော မရနိုင်ဘူးလားဆို စောစောကပြောသလို screen ပိတ်ထား တနေကုန်မကြည့်နဲ့ အိမ်ရောက်မှ ကြည့်ရင်လဲ ရနိုင်ပါတယ်။ ဖလင်နဲ့ကျတော့ အချိန်တခုစောင့်ပြီးမှ မြင်ရတာကော တပုံရိုက်တပုံကောင်းဖို့ ပိုလိုအပ်တာကောကြောင့် ရိုက်တဲ့ အချိန်မှ ထားတဲ့ အာရုံစုစည်းရမှု နဲ့ ရလာဒ်ကို ပြန်သိရတဲ့အချိန်မှာ ခံစားရမှု့ က ကျွန်တော့် အတွက် အခရာပါပဲ။ ကျွန်တော့်အတွက်ပြောတာပါ။ ဒါက ကိုယ့်ပုံကို ကြည့်မယ့်သူတွေ ဘယ်လိုခံစားရတယ် သူတို့ကို ဘယ်လို ကာလာ vibe လေးပြချင်တာနဲ့ လုံးဝမဆိုင်ပါဘူး။


နောက်တချက်ကတော့ ဖလင်မှာ sensor ဆိုဒ်စုံတယ်။ ဒါက digital ရိုက်သူတွေနားလည်အောင်ပြောတာပါ။ ဖလင်မှာ cropped-frame ရှိတယ်၊ 35mm full-frame ရှိတယ်၊ medium-format ratio အစုံရှိတယ်။ Large-format ရှိတယ် အဲဒါလို ဆင်ဆာ ဆိုဒ်အစုံ digital မှာမရသေးပါဘူး။ Digital မှာ medium-format ရှိပေမယ့် အဲဒီ digital sensor အချိုးက ဖလင်ခေတ်က medium-format 6x6, 6x8 တို့လိုတွေခုထိမရသေးဘူးဗျ။ Digital medium-format လို့ခေါ်တဲ့ ကင်မရာတွေအကုန်လုံး ဆင်ဆာတွေက full-frame 35 mm ထက်ကြီးတယ်ဆိုရုံပဲရှိသေးတယ် အခုခေတ်မှာတောင်။ Hasselblad က ထုတ်တဲ့ medium-format sensor digital filmback ကို hasselbald 500 စီးရီး ဖလင်ကင်မရာမှာတပ်ရင် 6x6 မရသေးဘူး cropped factor နဲ့ 645 အချိုးလောက်ပဲရပါသေးတယ်။ 6x19 လို panorama ဆိုလဲမရှိဘူး။ Large-format ရဲ့ အသေးဆုံးဆိုဒ် 4 လက်မ x 5 လက်မ ဆင်ဆာမျိုးဆို ရှိမှမရှိသေးတာ။ အဲဒီလို ကိုယ်က ratio, format နဲ့ အဲဒီဖော်မတ်ကပေးတဲ့ depth-of-field လိုချင်ရင် ဖလင်ရိုက်သင့်ပါတယ်။

 
ဆိုတော့ ဖလင်နဲ့ ရိုက်ချင်တယ်ဆို အပေါ်ကမေးခွန်းတွေရယ် ကျွန်တော် အခုပြောခဲ့တဲ့ ရိုက်သင့်တဲ့ အကြောင်း ချက်ရယ်ကို ချိန်ထိုး ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပြီး ဆုံးဖြတ်စေချင်ပါတယ်။ ကျွန်တော် အပေါ်မှာပြောခဲ့သလိုပဲ film tone လိုချင်ရင် ငွေကုန်ကြေးကျသက်သာတဲ့ preset သုံးဖို့ပဲ အားပေးပါတယ်။ ဟောလီးဝုဒ်ကားတွေတောင် အတော်များများက အခုခေတ်မှာ ဘက်ဂျက်တော်ရုံလောက်ဆိုရင် ဖလင်အစစ်မရိုက်ကြပဲ emulate ပြန်လုပ်နေတဲ့ခေတ်မို့ အစစအရာရာ ပိုပြီး flexible ဖြစ် ယုံကြည်ရတဲ့ digital ကင်မရာကို ပိုအားပေးပါတယ်။ Gate keeping လုပ်တာမဟုတ်ပဲ စေတနာနဲ့ အကြံပေးချင်တာမို့ digital ကိုပဲ အားပေးပြီး ဖလင်အတွက်က အပေါ်ကလို ရသ၊ ဖလင်မှာမှရနိုင်တဲ့ အချိုးတွေ လိုအပ်မှ ရိုက်ဖို့ တိုက်တွန်းပါတယ်။ နောက်တခေါက်မှ နောက်အကြောင်းအရာတခုနဲ့ ပြန်ဆုံမယ်နော်။ 


Comments

My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.

Popular posts from this blog

ကျွန်တော့အတွက် အရေးကြီးတဲ့ ကင်မရာ functions များ

Blackout ဖြစ်တဲ့ ကင်မရာ နဲ့ မဖြစ်တဲ့ ကင်မရာ

ဝဿန်ရုပ်ရှင်ပွဲတော်နှင့် လွတ်လပ်သော လူငယ်များ၏ အနုပညာလက်ရာများ