မန်မိုရီကတ် အတွက် အကြံပြုချက်များ

 


Digital ခေတ်ရောက်လာတော့ ကင်မရာတွေက အရင်လို ဖလင် မလိုတော့ပဲ memory cards ထည့်ရတာတွေ ဖြစ်လာတာပေါ့။ ဖလင်မဟုတ်တော့ သယ်ရတာသက်သာ သလို process လုပ်ရတာလဲ ပိုမြန်တယ်လေ။ တခုရှိတာက memory card ပျက်တာတွေ ဖြစ်တတ်တော့ ကတ်တွေကို ဘယ်လို ထိမ်းသိမ်းသင့်တယ်ဆိုတာလေး ပြန်မျှဝေပါရစေ။

ကျွန်တော်တို့ ဓာတ်ပုံ ကင်မရာတွေမှာ အသုံးများတဲ့ ကတ် အမျိုးအစားတွေကတော့ Secure Digital Card လို့ခေါ်တဲ့ SD cards, microSD cards, Secure Digital High Capacity SDHC card, Secure Digital Extended Capacity SDXC card, Compact Flash card လို့ခေါ်တဲ့ CF card တွေ အသုံးများပါတယ်။

ဒီ အပေါ်ကပြောခဲ့တဲ့ ကတ် အမျိုအစားတွေကို flash memory card လို့ ခေါ်ပြီး လှုပ်ရှားတတ်တဲ့ အစိတ်အပိုင်း တခုမှမပါဝင်ပဲ solid state အမျိုးအစား ကတ်တွေပါ။

ဗီဒီယို ကင်မရာတွေမှာ Action camera တွေမှာ microSD card သုံးကြပြီး ကင်မရာအကြီးတွေမှာတော့ SD card, CF card, CFast 2.0 card, XQD card, SSD ကတ် စသဖြင့်သုံးကြပါတယ်။ ဗီဒီယိုကင်မရာတွေမှာ အထူးသဖြင့်ကွာတာက read / write speed မြန်တဲ့ ကတ်တွေဖြစ်လာပြီးတော့ RAW ရိုက်လို့ရတဲ့ ကင်မရာဆိုရင် SSD တွေ CFast Express တွေ သုံးတာမို့ တကတ်ကို ဒေါ်လာ ၅၀၀ အထက်ကနေ ထောင်ကျော်တန် ကတ်တွေအထိရှိပါတယ်။

ဘယ်လိုပဲ ကတ်အမျိုးအစားတွေ ကွဲပါစေ SSD အမျိုးအစားမို့ အကြမ်းခံတယ် ဆိုသော်လည်း ဘယ်အရာမှ မမြဲတဲ့ အတိုင်း ဒီကတ်တွေလဲ ပျက်တတ်တာပါပဲ။ ဒီအတိုင်းပျက်သွားရင် တော်ရုံ အကြောင်း မဟုတ်ပေမယ့် တခုခုရိုက်နေရင်း ပျက်ရင်တော်တော် ပြသနာကြီးပါတယ်။ အဲဒီလိုမျိုး ရုတ်တရက် မပျက်အောင် ဘယ်လိုလုပ်မလဲ ဘယ်လို ထိန်းသိမ်းမလဲဆိုတာကို အောက်ပါ အချက်လေးတွေ ဖတ်ရှုပြီး အလေ့အကျင့်လုပ်ပြီး ထိန်းသိမ်းနိုင်ပါတယ်။

Myth About Memory Cards

မမ်မိုရီ ကတ်တွေ ဝယ်ရင် အများစု အထင်မှားတတ်ကြတာရှိပါတယ်။ ဒါက မမ်မိုရီကတ်မှ မဟုတ်ပါဘူး thumbdrive, Hard disk တွေဝယ်လဲ တူတူပါပဲ။ သိထားသင့်တာက ဒီလို storage ကတ်တွေက 64GB ကတ်ဝယ်လဲ ကွန်ပျူတာမှာ ကြည့်ရင် 64GB အပြည့် မပါဘူးဆိုတာပါပဲ။ ဘာမှ မမှတ်ရသေးလဲ available မှာ 64 GB မဟုတ်ပဲ 62 GB စသဖြင့်လိုမျိုးဖြစ်နေတတ်ပါတယ်။ ဒါက အမှန်တော့ ကတ်မကောင်းတာမဟုတ်ပါဘူး ဒီ မမ်မိုရီကတ်တွေ USB drive တွေ Harddisk တွေ အကုန်လုံးမှာ အထဲကိုထည့်မယ့် ဒေတာဖိုင်တွေကို ဘယ်ဖိုင်က ဘယ်နားမှာ မှတ်ထားတယ်ဆိုတာ စာရင်းလုပ် စာအုပ်တွေမှာ မာတိကာလို့၊ အိမ်လိပ်စာလိုမျိုး နေရာချပေးတဲ့ စာရင်းမှတ်ထားတဲ့ နေရာကို ချန်ထားတာဖြစ်ပါတယ်။ ကင်မရာမှာသုံးတဲ့ memory card အများစုက မှတ်တဲ့ file system ကတော့ FAT table လို့ ခေါ်ပြီး အရှည်က File Allocation Table လို့ခေါ်ပါတယ်။ အဲဒီလို ဒေတာတည်ဆောက်ဖို့နဲ့ firmware တွေက နေရာယူထားလို့ space နည်းနည်းလျော့နေတာပါ။

ကျွန်တော်တို့ memory card တွေကို format ချတဲ့အခါ delete လုပ်တဲ့အခါ ကတ်မှာ တကယ်တမ်း အလုပ်လုပ်တာက ဒီ FAT ဖိုင်စာရင်းလေးထဲမှာ အဲဒီဖိုင်တွေကို စာရင်းထဲက ဖျက်လိုက်တာ သတ်သတ်ပါပဲ။ တကယ်က အဲဒီဖိုင်က delete လုပ်ပေမယ့် ကတ်ထဲမှာ ကျန်နေဆဲပါပဲ။ ဒါကြောင့်လဲ recovery software တွေနဲ့ format မှား ချမိတဲ့အခါ ပြန်ယူလို့ ရနေတာပါ။

Memory Card Tips

1 – မမ်မိုရီ ကတ်ထဲက ဓာတ်ပုံ၊ ဗီဒီယိုတွေကို ကင်မရာထဲမှာ ထည့်ထားတုန်း delete လုပ် မဖျက်ပါနဲ့

မမ်မိုရီကတ်တွေကို ကင်မရာထဲ ထည့်ထားပြီး ရိုက်နေရင်း ပြန်ကြည့်လိုက် မကြိုက်တဲ့ပုံဆိုရင် delete လုပ်ဖျက်တာမျိုးတွေ မလုပ်သင့်ပါဘူး။ ကင်မရာထဲမှာ format ရိုက်တာက ရိုက်လို့ရပါတယ် အဓိိကက မကြိုက်တဲ့ပုံတွေကို ရိုက်နေရင်း တပုံခြင်း delete လုပ်ဖျက်တာမျိုးတွေ မလုပ်သင့်တာပါ။ ဓာတ်ပုံရိုက်တဲ့ အခါ ကင်မရာက မမ်မိုရီကတ်ထဲကို အထက်က ပြောခဲ့သလိုပဲ FAT ဖိုင် စာရင်း အိမ်လိပ်စာလေးတွေနဲ့ ကတ်ထဲမှာ နေရာချပေးတာပါ။ ဒီလို အစီအစဉ်ကျကျ ချပေးထားတဲ့နေရာမှာ ကိုယ်က ရိုက်လိုက် မကြိုက်တဲ့ ပုံကို ကြည့် delete လုပ်လိုက်ဆိုရင် FAT နေရာချထားရေးက ဖျက်လိုက်တဲ့ပုံနေရာ စာရင်းကထုတ်ပြီး အဲဒီ လွတ်သွားတဲ့ အိမ်နေရာ နောက် အသစ်ရိုက်တဲ့ ပုံ အစားထည့်နဲ့ နေရာတွေ အစီအစဉ် မကျတော့ပဲ ကြာရင် memory card ကို ထိပြီး မြန်မြန်ပျက်ဆီး တတ်ပါတယ်။ နောက်တချက်က ပုံတွေကို အဲဒီလို ကင်မရာနဲ့ ကြည့်လိုက်ဖျက်လိုက် ရိုက်လိုက်လုပ်နေရင် အကောင်းစား ရိုက်ချိန်တွေ လွတ်တတ်ပါတယ် နောက် ဒီ ၃ လက်မလောက် စကရင်လေးနဲ့ ပုံတွေကို ကောင်းမကောင်းကြည့်ဆုံးဖြတ်မယ့် အစား ကွန်ပျူတာထဲမှာ အကြီးကြည့်ပြီးမှ မကြိုက်လို့ဖျက်တာက ပိုလက်တွေ့ကျပါတယ်။

2 – မန်မိုရီကတ် ကို ဖော်မတ် format ချတဲ့ အခါ သုံးမယ့် ကင်မရာထဲမှာ format ချပါ computer ပေါ်မှာ မလုပ်ပါနဲ့

မမ်မိုရီကတ်တွေကို သုံးတဲ့အခါ format ချရင် ကိုယ်သုံးမယ့် ကင်မရာထဲမှာ ချတာ အကောင်းဆုံးပါပဲ။ နောက်တခုက တော်တော်များများ လုပ်တတ်တာက Canon ကင်မရာမှာ ရိုက်နေရင်း ကတ်ကို အခြား Nikon အစရှိတဲ့ ကင်မရာတွေမှာ format မချပဲ ပြောင်းထည့်ပြီး ရိုက်တတ်တာပါ။ Format ချပြီး ရိုက်ရင်ပြသနာ မရှိပေမယ့် format မချပဲ တဝက်လောက်မှာ ကင်မရာပြောင်းတာတွေကလဲ ကတ်ကို ဒဏ်ရာရစေတဲ့ အချက်တွေပါပဲ။ Brand တူ ကင်မရာသုံးရင်တောင် တတ်နိုင်ရင် format ချပြီးသုံးတာ အကောင်းဆုံးပါ ဥပမာ ဆိုရရင် Sony ကင်မရာဆို brand တူ သုံးရင်တောင် မော်ဒယ်မတူရင် format မချပဲသုံးရင် အထဲမှာ folder တွေ ရှုပ်ကုန်တတ်ပါတယ်။

3 – Read / Write speed မြန်တဲ့ memory card တွေကိုသာ သုံးပါ

မမ်မိုရီ ကတ်တွေ သုံးတဲ့ အခါ တတ်နိုင်ရင် အကောင်းဆုံး speed ကို ဘူးပေါ်က ပါတဲ့ စာသားအတိုင်း အာမခံချက်ရှိတဲ့ ကတ်တွေကိုသာ သုံးသင့်ပါတယ်။ အိမ်နားက ဖုန်းဆိုင်က နီးစပ်ရာ စတိုးဆိုင်က ဝယ်ထားတဲ့ နာမည်သိပ်မကြားဖူးတဲ့ SD card, microSD card တွေ ကွာလတီ ဘယ်လောက်ရှိမှန်းမသိတဲ့ ကတ်မျိုးတွေ မသုံးသင့်ပါဘူး။ နောက် တခုက ကင်မရာဝယ်ခါစက free ထည့်ပေးလိုက်တဲ့ ကတ်တွေကို သုံးမယ်ဆိုလဲ ကတ်ကို ကြည့်သင့်ပါတယ်။ မမ်မိုရီကတ်တွေမှာ 32GB, 64GB ခြင်းတူရင်တောင် ဈေးတွေကွာတာက read / write လုပ်တဲ့ speed၊ တည်ဆောက်ပုံ ကွာလတီ တွေကွာလို့ပါပဲ။

အများစုက class လို့ခေါ်တဲ့ class 10 ကတ်လား ကြည့်ကြတယ် ကြည့်ဖို့ မေ့နေကြတာက အပေါ်က နမူနာပြထားတဲ့ ပုံကလိုပဲ read / write speed ပါပဲ။ ဥပမာ အပေါ်ပုံက  ဘယ်ဖက်က SanDisk Ultra က 120 MB/s လို့ရေးထားပြီး ညာဖက်က SanDisk Extreme Pro က 95 MB/s လို့ရေးထားတာကို ကြည့်ရင်အများစုက ဘယ်ဖက်က ပိုကောင်းမယ်လို့ ထင်ကြပါလိမ့်မယ် အမှန်တော့ အဲဒီ speed က read အတွက် ပဲပြောတာပါ read မြန်တာတော့ မှန်ပေမယ့် တကယ်က ကင်မရာအတွက် ပိုကောင်းတာက write speed က ပိုအရေးကြီးပါတယ်။ ဒီ အပေါ်က ၂ ကတ်မှာ ညာဖက်က ကတ်ကပိုကောင်းပါတယ်။ ကင်မရာသမားတွေကြည့်သင့်တာ write speed ပါ ဘယ်ဖက်က ကတ်က U1 ပဲရှိပြီး ညာဖက်က U3 ပါ၊ U1 က write speed 10 MB/s ပဲရှိပြီး U3 က 30 MB/s ရှိပါတယ်။ 

နောက် ဗီဒီယိုသမားတွေဆို ကြည့်သင့်တာက V နံပါတ်ပါ၊ Full HD 10080P ရိုက်ချင်သူတွေက V10 နဲ့ V30 ကတ်မျိုးဝယ်သုံးရမှာဖြစ်ပြီး၊ Full HD ကိုမှ super slomo 120fps, 240 fps တွေရိုက်ချင်ရင် V60 လောက်သုံးသင့်ပါတယ်။ 4K ရိုက်ချင်သူတွေအတွက်ကတော့ V10 နဲ့လဲရိုက်လို့ရပေမယ့် frame lost မဖြစ်ချင်ရင် V30, V60 တွေသုံးသင့်ပါတယ်။ 8K ကတော့ V60, V90 ကတ်မျိုးပေါ့။ ကင်မရာသုံးခါစ အများစုကြုံဖူးတဲ့ ဗီဒီယိုရိုက်နေရင်း ရပ်ရပ်သွားတာ များသောအားဖြင့် memory card က ကင်မရာကထုတ်ပေးတဲ့ ဒေတာကို အမီလိုက် မမှတ်နိုင်တဲ့အခါ ရပ်သွားတာပါ။ ဒါကြောင့် များသောအားဖြင့် ကင်မရာဝယ်တုန်းက ရတဲ့ ဈေးပေါတဲ့ မန်မိုရီကတ်တွေကို လုံးဝမသုံးသင့်ပါဘူး။ 

4 – ကတ် reader အကောင်းစားသုံးပါ

ကတ် reader တွေက မမ်မိုရီကတ်လောက် နီးနီး အရေးအကြီးပါတယ်။ အများစုက ကတ်သာအကောင်းသုံးချင်သုံးမယ် card reader ကို ကျ ဘာယူယူဘယ်လောက်ဆိုတဲ့ ဆိုင်က card reader သုံးတဲ့သူလဲ ရှိတယ်။ memory card တွေအများစုက ကတ်ပျက်ရင် ကင်မရာထဲမှာထက် ကတ် reader ထဲမှာ ပိုပျက်တာများပါတယ်။ ဒီတော့ အကောင်းဆုံးသုံးပါ ကွန်ပျူတာ laptop တွေမှာပါတဲ့ SD card လိုမျိုးသုံးရင် အဆင်ပြေပေမယ့် CF လို ကတ်တွေဆို card reader ကောင်းကောင်းလိုပါတယ်။ ကတ် reader မကောင်းရင် CF တွေမှာ card reader က ပင်ကောက်ပြီး ကတ်ကို ဒုက္ခပေးတတ်ပါတယ်။ နောက်ဒီခေတ်ကြီးထဲမှာ အပေါစား laptop က အစ USB 3 ဖြစ်နေတဲ့ အချိန်မှာ ကိုယ် card reader က 2.0. 2.1 ဆိုလဲ 32GB လောက်ကတ်ကိုကူးရင် အချိန်ကြာနေတတ်တာလဲ သတိပြုပါဦး။

5 – Memory card ပြည့်သည်အထိ မရိုက်ပါနဲ့

ဒါက တော်တော်များများ သတိမထားမိကြတဲ့ အချက်ပါ။ memory card တွေသုံးတဲ့အခါ ဓာတ်ပုံရိုက်ရိုက်၊ ဗီဒီယိုပဲ ရိုက်ရိုက် ကိုယ့်ကတ်ရဲ့ လက်ကျန် ဘယ်လောက်ရိုက်လို့ရဦးမယ် ဆိုတာက ကင်မရာတွေမှာ ပြပေးပေမယ့် ဘယ်သူမှ သတိမထားမိပဲ ပြည့်တဲ့ အထိရိုက်ပြီး ပြည့်မှ လဲကြတာပါ။ အကောင်းဆုံးကတော့ ကိုယ်ဘယ်လောက် ရိုက်လို့ရဦးမယ်ဆိုတဲ့ အခြေအနေပြပေးနေတဲ့ ကင်မရာက setting လေးကိုကြည့်ပြီး အကျင့်လုပ်ရိုက်ကြည့်ပါ။ ပြီးတော့ ရက်ရှည်ရိုက်ရတဲ့ ပရောဂျက်တွေမှာ တနေ့တာ ရိုက်ကတ်၊ နေ့ချင်း ပြန်ကူး back up ပွားပါ။

6 – Memory card တွေကို ကင်မရာထဲကနေ computer ထဲကနေ အသုံးပြုနေတုန်း မဖြုတ်ပါနဲ့

တော်တော်များများ သတိမေ့တတ်ကြတာက memory card တွေကို ကင်မရာထဲကနေ preview ပုံတွေ ကြည့်နေတုန်း နောက်ကတ်လဲဖို့ ဆွဲထုတ်တတ်တာ ကွန်ပျူတာထဲကနေ safe remove မလုပ်ပဲ ဆွဲဖြုတ်တာတွေ လုပ်တတ်ကြပါတယ်။ ဒီအကျင့်ကလဲ ကတ်ကို မြန်မြန်ပျက်စေတဲ့ အကြောင်းထဲပါပါတယ်။ အကောင်းဆုံးကတော့ ကွန်ပျူတာကနေ ကူးပြီးပြန်ထုတ်မယ်ဆို safe remove လုပ်ဖို့နဲ့ ကင်မရာထဲကို ကတ်ထည့်မယ်၊ ကတ်ထုတ်မယ်ဆို power ပိတ်ထားပြီးမှ အသွင်းအထုတ်လုပ်တာ အကောင်းဆုံးပါပဲ။

7 – ကင်မရာမှာ memory card ၂ ကတ်လက်ခံရင် backup တကတ်ထည့်သုံးပါ

Professional ကင်မရာတွေ အများစုမှာ memory card ကို ၂ ကတ်ထည့်လို့ရတာများပါတယ်။ SD card ၂ ကတ်လဲ ဖြစ်ချင်ဖြစ်မယ်၊ SD တကတ် CF တကတ်လဲဖြစ်ချင်ဖြစ်မယ် CF ချည်း ၂ ကတ်လဲဖြစ်မယ် ဘယ်လိုဖြစ်ဖြစ် ၂ ခုလုံးကို တပြိုင်ထဲမှတ်ခိုင်းထားရင် ကတ်တခုခုပျက်ခဲ့ရင် နောက်တကတ် backup ရှိတာလဲ ကောင်းတဲ့ အလေ့အကျင့် တခုပါပဲ။

8 – အကောင်းစား နာမည်ရှိ memory cards တွေကိုသုံးပါ

ဒါကတော့ ရှင်းပါတယ် နာမည်ကြီး အမျိုးအစား speed မြန်တဲ့ကတ်တွေကို သုံးရင် လက်တွေ့လဲ ကြာကြာပိုခံပါတယ်။ တော်တော်များများက ကင်မရာရရင် lens ဝယ်ဖို့ အရင် အားစိုက်ကြတယ် ကတ်အကောင်းစားကို ဘယ်သူမှ မဝယ်ချင်ကြပါဘူး SD card ဆိုရင် အိမ်မှာ အရင်ကသုံးတဲ့ point-n-shoot ကင်မရာက ကတ်ပြန်ထည့်လဲ ရပါတယ်ကွာ ထင်ကြတယ်။ ကင်မရာကောင်းလာလေ မှတ်တဲ့ data ပိုများလာတာမို့ ပိုကောင်းတဲ့ကတ်သုံးဖို့က မှန်ဘီလူးနောက်တလုံးဝယ်ဖို့ ထက်ပိုအရေးကြီးပါတယ်။ ကျွန်တော့လာမေးရင်တော့ မှန်ဘီလူး second hand ဝယ်သုံးတာ shaprness ကျရင် contrast ကျရင် အကောင်းကြီးမဟုတ်တောင် software ထဲမှာ ပြန်တင်လို့ရတယ်၊ memory card မကောင်းတာသုံးမိလို့ ကတ်ပျက်ရင်တော့ recovery software လဲ ကယ်လို့မရတဲ့ အခြေအနေတွေ အများကြီးပါ။ ဒါကြောင့် ကိုယ်ရိုက်မယ့် အခြေအနေ RAW ကို ဆက်တိုက် wildlife ငှက်ပျံတာမျိုး event လိုမျိုးမှာရိုက်ချင်တာမျိုး၊ ဗီဒီယို ရှယ်ရိုက်ချင်တာမျိုးက အစ ကိုယ့်အခြေအနေ ကိုယ်ဆန်းစစ်ပြီး MB/s များတဲ့ ကတ်ဝယ်တာမျိုး လုပ်သင့်ပါတယ်။

နောက်တခုက brand ကောင်းတာဝယ်ရင် အလကားမဖြစ်ပါဘူး SanDisk ဆို ရွှေရောင်နဲ့ အနက်ရောင်ကတ်တွေမှာ SanDisk Rescue Pro လို recover software အတွက် serial code ပါတယ်၊ Lexar ဆို Image Rescue ဆော့ဝဲတွေအတွက် serial key တွေပါလို့ ကွန်ပျူတာထဲ ထည့်ထား serial key ဖုန်းနဲ့ ဓာတ်ပုံရိုက် သိမ်းထားရုံပါပဲ။ တော်ရုံ ဖော်မတ်မှားချမိတာလောက်ကတော့ အေးဆေး ပြန်ယူလို့ရပါတယ်။

9 – memory cards တွေကို ဘူး၊ အိတ် အဖုံးအကာနဲ့ ထားပါ

Memory cards တော်တော်များများ ဝယ်ကတည်းက ပလပ်စတစ်အဖုံး ကာဗာဘူးလေးတွေ ပါတတ်ပါတယ် အဲဒီမျိုးလေးတွေ သိမ်းထားပြီး အမြဲပြန်သုံးပါ။ ဒါဆို ကတ်ရဲ့ အဓိက လျပ်ကူး ငုတ်လေးတွေ ဖုန်ဝင်၊ ချေးတစ်သွားတာတွေ ကာကွယ်ပြီးသားဖြစ်သလို microSD card လိုမျိုးတွေဆို အိတ်ထဲ တစစီထည့်ထားမိပြီး အလွယ်တကူ ထွက်ကျပျောက်သွားတာတွေကလဲ ကာကွယ်ပြီးသာဖြစ်ပါတယ်။ ကတ်တွေအများကြီးထည့်လို့ရတဲ့ ဘူးတွေ အိတ်တွေလဲ ကင်မရာဆိုင်တွေမှာ အလွယ်တကူ ဝယ်ယူလို့ ရပါတယ်။

10 – Memory card တွေပေါ်မှာ နာမည်၊ ဖုန်းနံပါတ်၊ ကတ်အမှတ်တွေရေးထားပါ

ဒါက လုပ်လဲရတယ် မလုပ်လဲရပါတယ်။ ကောင်းတာကတော့ ကတ်ပေါ်မှာ ရေးလို့ရရင် နာမည်၊ ဖုန်းနံပါတ် နဲ့ ကတ်အမှတ်တွေရေးထားပေါ့ ကတ်မှာ ရေးလို့မရရင်လဲ ဈေးနှုန်းကပ်တိတ်လိုမျိုးလေးဝယ်ထားပြီး ရေးထားပါ။ တခုတော့ သတိထားပေါ့ စတစ်ကာကပ်ရင် ကင်မရာထဲ ညပ်မနေနဲ့နေရာမှာ ရေးဖို့ပါပဲ။ ဒီလိုရေးထားတော့ ကတ်ပျောက်တဲ့အခါ သေချာပေါက်ပြန်ရမယ် မပြောနိုင်ပေမယ့် ဖုန်းနံပါတ်လေးပါတော့ ကောက်ရတဲ့သူ ပြန်ပေးချင်ရင် ဖုန်းဆက်လို့ရတာပေါ့ဗျာ။ နောက် ကတ်နံပါတ်တွေရေးထားတော့ တနေကုန်ရိုက်မယ့် ရိုက်ကူးရေး၊ လူအများကြီးနဲ့ ရိုက်မယ့် ရိုက်ကူးရေးမျိုးဆို ဘယ်ကတ်က ဘယ်အချိန်၊ ဘယ်နေရာ၊ ဘယ်သူရိုက်တယ်ဆိုတာ note မှတ်လို့ရတာပေါ့။ ရုပ်ရှင်ရိုက်ရင်သုံးတဲ့ SSD card တွေကတော့ ကျွန်တော်တို့က များသောအားဖြင့် စက္ကူတိပ်နဲ့ A001, B001 စသဖြင့် ကင်မရာ အလုံးပေါ်မူတည်ပြီး စာကပ်ပြီးမှတ်ကြပါတယ်။ 

ကဲ စာလဲရှည်သွားပြီမို့ အဆုံးသတ်လိုက်တော့မယ် အထက်ပါ အချက်တွေကို ဂရုစိုက်အသုံးပြုမယ်ဆိုရင် မိတ်ဆွေ memory card တွေက အသက်ရှည်ကျန်းမာပြီး မိတ်ဆွေ ကင်မရာမော်ဒယ်တွေ မျိုးစုံပြောင်းသွားသည့်တိုင်အောင် ကတ်တွေက မပျက်ဆီးပဲ အကောင်းအတိုင်းအသုံးပြုလို့ ရနေမှာပါ။

Comments

My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.

Popular posts from this blog

ကျွန်တော့အတွက် အရေးကြီးတဲ့ ကင်မရာ functions များ

Blackout ဖြစ်တဲ့ ကင်မရာ နဲ့ မဖြစ်တဲ့ ကင်မရာ

ဝဿန်ရုပ်ရှင်ပွဲတော်နှင့် လွတ်လပ်သော လူငယ်များ၏ အနုပညာလက်ရာများ