Street Photographer များ လုပ်မိလေ့ရှိသော အမှားများ
Street photography ဆိုတာ လွယ်မလိုနဲ့ ခက် တိမ်မယောင်နဲ့ နက်တဲ့ အမျိုးအစားတခုပါ။ Rules တွေကို လိုက်နာဖို့လိုတဲ့ အခါလဲ လိုတယ် ဖောက်ထွက်ဖို့ လိုတဲ့ အခါလဲ လိုပါတယ်။ နောက်တခုက မြို့ပြနေ ဓာတ်ပုံ ဝါသနာရှင်တွေအတွက် အိမ်ကထွက်လိုက်တာနဲ့ လမ်းပေါ်ရောက်ပြီး ရိုက်ကူးဖို့၊ လေ့ကျင့်ဖို့ အလွယ်ရောက်နိုင်တဲ့ အမဲလိုက်ကွင်း တခုပါ။
ကျွန်တော်တို့ဆီမှာလဲ street photography က အရင်က လူသိပ်မရိုက်သည့်တိုင်အောင် အခုခေတ်မှာတော့ လူအတော်များများ စိတ်ဝင်စားလာကြ၊ အားပေးလာကြပါပြီ။ ဒီနေရာမှာ လမ်းပေါ်ထွက်ရိုက်ကူးနေရင်းနဲ့ လူပတ်ဝန်းကျင်၊ မြို့ပြပတ်ဝန်းကျင်ကို မှတ်တမ်းတင်တဲ့ နေရာမှာ လုပ်နေကြ တတ်ကျွမ်းပြီးသား နည်းစနစ်တွေကို ထပ်တလဲလဲလုပ်နေမယ့် အစား အိုင်ဒီယာ အသစ် ကိုယ်ကျွမ်းကျင်ပြီးသား မဟုတ်တဲ့ နည်းစနစ် အသစ်တွေကို လေ့ကျင့်ဖို့ကလဲ အရေးပါလာပါတယ်။
ကျွန်တော်တို့ဆီက ဓာတ်ပုံလောကမှာ landscape, model, commercial စသဖြင့် နှစ်ပေါင်းများစွာ အတွေ့အကြုံရင့် ဓာတ်ပုံဆရာကြီးများ ရှိပေမယ့် street photo မှာတော့ လေ့လာလိုက်စားသူ သိပ်မရှိခဲ့တော့ ကျွန်တော်တို့ခေတ်မှာ ဝါသနာပါရင်တောင် လေ့လာဖို့ အခက်အခဲရှိတယ် နောက် ဓာတ်ပုံစာအုပ်ဆိုတာကလဲ ဒီမှာ ဝယ်လို့မရတော့ inspiration ယူဖို့ လေ့လာဖို့ ခက်ခဲတာကလဲ ပြသနာတခုပါ။
အခု ကျွန်တော်ပြောမယ့် အကြောင်းအရာတွေကတော့ street photo ရိုက်ရင် ကင်မရာဆရာ အတော်များများ အစပိုင်းမှာ လုပ်မိလေ့ရှိတဲ့ အမှားတွေကို ထောက်ပြရေးသားမှာမို့ ကျွန်တော်ပြောတဲ့ အချက်တွေကို သဘောတူတယ်ဆို သတိထားလို့ရပြီး သဘောမတူဘူး မင်းက ဆရာကြီးလားလို့ မေးလာရင်လဲ ဖြေစရာမရှိတာမို့ လိုတာယူပြီး မလိုတာ မယူဖို့ ကြိုပြီး ပြောထားပါရစေခင်ဗျ။ အမှန်တော့ ဒီလို ဆရာကြီးလုပ်ဖို့ ဆိုဒ်နာမည်ကိုက ဟိုလိုဒီလို ဆိုပြီး စဉ်းစားခဲ့တာပါ။ လူအမြင်ကတ်အောင်လို့ပေါ့လေ။ တချို့အချက်တွေက မှန်တယ်လဲ မဟုတ်ဘူး မှားတယ်လဲ မဟုတ်ဘူး ကိုယ့်အကြိုက် personal preferences ပေါ်မူတည်တာတွေလဲ ပါတာမို့ ကြိုက်ရင်ယူ၊ မကြိုက်ရင် ပယ်ဖို့ မေတ္တာရပ်ခံပါဦးမယ်။
၁ – Flat ဖြစ်သော ဓာတ်ပုံများ မကြာမကြာရိုက်ကူး နေခြင်း
Street ရိုက်တဲ့အခါမှာ ဘယ်ကဘယ်လို စပြီး trend တခုလိုဖြစ်သွားတယ် မပြောတတ်ပါဘူး၊ တော်တော်များများ street ရိုက်ပြီဆို အများဆုံး ရိုက်ကြတဲ့နေရာမှာ ပုံတွေက foreground, midground, background တွေနဲ့ ကြွတက်ပြီး 3D လိုအမြင်၊ ပုံကြည့်သူကို အဲဒီနေရာကို အရောက်ခေါ်သွားနိုင်တဲ့ ပုံတွေထက် flat ဖြစ်ပြီး ဒါက ဓာတ်ပုံကြီးပါကွာဆိုတဲ့ အနေအထားမျိုးပုံတွေ အတော်များများရိုက်မိကြပါတယ်။ အမှန်တော့ အဲဒါမျိုးတွေက ရှောင်သင့်ပြီး series လုပ်မယ်ဆိုလဲ သင့်တင့်တဲ့ ပုံအရေအတွက်လောက်ပဲ ထည့်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အများကြီးဆို ကြည့်ရတာ ပျင်းဖို့ ကောင်းတဲ့အတွက်ပါ။ ဘယ်လိုပုံမျိုးတွေလဲဆိုတာ မြင်သာအောင် ပြောရရင် construction site လိုမျိုးနေရာတွေ၊ အုတ်နံရံ အကွက်တွေလိုမျိုးရှေ့မှာ လူတွေ၊ ခွေးတွေ၊ ဈေးသည်တွေ စသဖြင့်ကို အဝေးတနေရာကနေ လှမ်းရိုက်တာမျိုးပုံတွေပါ။
နောက် အများစုလုပ်မိကြတာထဲမှာ လူကူး ဂုံးတံတားလိုမျိုးပေါ်ကနေ အောက်က ဖြတ်သွားတဲ့ ဆိုက်ကား၊ ကား၊ လူ၊ ခွေးကြောင်၊ အရိပ် စသဖြင့်ကို လမ်းပေါ်က လူကူးမျဉ်းကြား၊ မျှားတွေ နဲ့ ချိတ်ဆက်ရိုက်တာတွေလဲ ပါပါတယ်။ ဒီပုံတွေက မကောင်းဘူးလားဆို ကောင်းပါတယ် ဒါပေမယ့် ပြသနာက လူတိုင်း အချိန်တခုပေးပြီး သွားစောင့်ရိုက်ရင် ကိုယ်ရတဲ့ပုံလိုမျိုး ဒါမှ မဟုတ် ကိုယ်ရတဲ့ ပုံထက်ပိုကောင်းတာရနေနိုင်လို့ပါပဲ။ နောက်အဲဒီလို ပုံတွေရဲ့ ပြသနာတစ်ခုက ကိုယ်ရိုက်တဲ့ subject ဟာ နောက်ခံ အုတ်နံရံ၊ ကတ္တရာလမ်းမ နဲ့ ကပ်နေပြီး ရိုက်တဲ့ ဓာတ်ပုံဆရာက အနည်းဆုံး ၁၅ ပေလောက် အမြင့်ကုန်းတံတားလိုမျိုး အကွာအဝေးကရိုက်ရတော့ subject + background က ကပ်ရပ် ဓာတ်ပုံဆရာကအဝေးကမို့ ပုံက ကြွမလာတော့ပဲ flat ဖြစ်သွားတာပါပဲ။ အနုပညာ ရည်ရွယ်ချက်တခုခုနဲ့ ရိုက်တာမျိုး မဟုတ်ပဲ graphic design လို ကာလာ၊ ဖွဲ့စည်းပုံ၊ minimalism မျိုးကျင့် တာမျိုးဆိုရင်တော့ ရသ မမြောက်ပဲ လူအများမြင်နေကြ ပုံမျိုးဖြစ်သွားတတ်တာ သတိပြုမိဖို့လိုပါတယ်။
၂ – Ultra-wide, Tele လန်းစ်များ အသုံးများခြင်း
Tele လန်းစ်သုံးတာ မှား သလားဆို မမှားပါဘူး ဒါပေမယ့် tele လန်းစ် ရဲ့ ဂုဏ်သတ္တိကို ဓာတ်ပုံ ရိုက်ခါစ ဓာတ်ဆရာများ သတိမပြုမိတတ်ကြပါဘူး။ အဲဒါကတော့ background compress ဖြစ်တာပါပဲ။ လမ်းပေါ်မှာ tele မဟုတ်ပဲ normal range focal lengths တွေကို သုံးတာက တကယ်တော့ ပိုကောင်းပါတယ်။ ဒါပေမယ့် street ရိုက်တယ်ဆိုတာကလဲ လမ်းပေါ်ကလူတွေကို ဒဲ့ရိုက်ရတာဆိုတော့ လူကြောက်တဲ့ အခါ အစပိုင်း အဝေးကရိုက်ရတဲ့ tele ကို အသုံးများတတ်ကြပါတယ်။ Tele background compress က ကိုယ်ရိုက်တဲ့ subject အပြင် ဟိုးအဝေးက background ကိုပါ compress လုပ်လိုက်တော့ ပုံက ကြည့်ရင် bokeh အဝါးလေးတွေပါပါပြီး လှသလို ရှိပေမယ့် တကယ်ကြတော့ subject နဲ့ background ကပ်သွားခြင်း၊ နောက် street ရဲ့ အငွေ့အသက်ဖြစ်တဲ့ ပတ်ဝန်းကျင် environment ပြတဲ့ အခြေအနေပျောက်သွားတတ်ပါတယ်။
နောက် ultra-wide ကတော့ ရှင်းပါတယ် wide ဖြစ်လွန်းအားကြီးသွားတယ် နောက်တခုက distortion ထတာကြမ်းတာမို့ ဓာတ်ပုံကြည့်ရတဲ့သူတွေမှာ သဘာဝကျတဲ့ လူမျက်လုံးနဲ့ နီးစပ်တဲ့ angle view မရတော့ပဲ မဟားဒယားကျယ်လှတဲ့ မြင်ကွင်းနဲ့ ဂြိုလ်သားဆန်တဲ့ distortion ဝင်နေတဲ့ လူပုံတွေ ကြည့်ရတာ အသက်ဝင်တယ်လို့ မခံစားရတော့တာပါပဲ။ နောက်ပြသနာတခုက ultra-wide မို့ မြင်ကွင်းကျယ်ပြီး ပုံထဲမှာပါတဲ့ subjects, elements တွေကို ထိမ်းရခက်သွားတာပါပဲ။ အကောင်းဆုံးကတော့ street ရိုက်မယ်ဆိုရင် full-frame focal lenght 28mm – 50mm အတွင်း range က အကောင်းဆုံးနဲ့ လူမျက်လုံးနဲ့ နီးစပ်တဲ့ ပုံတွေကို ရရှိစေမှာပါ။
၃ – အဓိပ္ပါယ်မဲ့ အရိပ်များ၊ မှန်များ၊ ရေအိုင်များမှ reflections များကို ရိုက်ခြင်း
Street photo တွေကို ကြည့်တိုင်း စိတ်ထဲ ခိုးလိုးခုလု ခံစားရတဲ့ အခြေအနေ တခုကိုပြောပါဆိုရင် အဓိပ္ပါယ်မဲ့တဲ့ အရိပ်တွေ၊ မှန်တွေ၊ ရေအိုင်တွေက reflection တွေ၊ silhouette လို့ခေါ်တဲ့ figure ပုံပန်းသဏ္ဏန် အမည်းတွေကို ရိုက်ခြင်းကလဲ တခုအပါအဝင်လို့ ပြောရမှာပါ။ ဒါတွေက ဘယ်ကဘယ်လို trend တခုဖြစ်နေလဲ ပြောရခက်ပါတယ်။ ဒီလို ပုံတွေကို တခါတလေ rotate image လုပ်ပြီး ပြောင်းပြန်လုပ်ထားတာကလဲ ကြည့်ရှုသူကို ၅ စက္ကန့်ထက် ပိုပြီး အံ့ဩနေအောင် မစွဲဆောင်နိုင်ပါဘူး။ ဒီလိုပုံတွေရိုက်ထားရင် အမြင်ဆန်းတယ်လို့ ထင်ရပေမယ့် တကယ်တမ်းကတော့ အင်မတန်ပျင်းစရာကောင်းတယ်လို့ ပြောပါရစေ။ ဆက်ရှင်းရရင် ဘာလို့လဲဆိုရင် ဒီ လူ၊ ခွေး၊ ကြောင်တွေရဲ့ အရိပ်တွေ၊ reflections တွေ၊ silhouette တွေက elements အဆင်ပဲ ရှိသေးပြီး ဓာတ်ပုံမှာ ကြည့်လိုက်ရင် ဒီအရိပ်ကလွဲရင် အခြား ကြည့်စရာမပါတာ၊ reflections ကလွဲရင် ကြည့်စရာမပါတာက ဘာနဲ့တူလဲဆိုတော့ ပန်းချီမှာဆို စက်ဝိုင်း၊ လေးထောင့် စတဲ့ basic element နဲ့ပုံကြမ်းကို ကြည့်ရသလိုပါပဲ။ ဓာတ်ပုံစရိုက်ခါစ element တခုကိုပဲ ကိုင်တွယ်တတ်တဲ့ ဓာတ်ပုံဆရာလို့ အထင်ရောက်စေပါတယ်။
![]() |
Photo by Alex Webb |
နောက်တခုက ပျင်းစရာကောင်းနေတဲ့ မြင်ကွင်းတခုကို အဲဒီလို အရိပ်ပဲဖြတ်ရိုက်ထားလို့၊ လမ်းပေါ်ကမြင်ကွင်းတခုကို ကားမှန်ကနေလှမ်းရိုက်ထားတာတို့က ဓာတ်ပုံကို ပိုပြီး အသက်ဝင်လာအောင် မစွမ်းဆောင်နိုင်ပါဘူး။ နောက်တချက်က ဒီလို အရိပ်ပဲဖြတ်ရိုက်မယ်တို့ reflections ပဲရိုက်မယ်တို့ silhouette တို့ရိုက်မယ်တို့ဆိုတာ ရိုက်ရတဲ့ တိကျတဲ့အကြောင်းအရင်းရှိမှ ရိုက်တာကောင်းပါတယ်။ မဟုတ်ပဲ ကိုယ်က စတန့်ထွင်ရိုက်တာဆို ပုံက အဓိပ္ပါယ်မရှိတော့သလိုခံစားရတယ် reflection ကနေပေါ်တာ ကြည့်မယ့်အစား တကယ်မြင်ကွင်းကို တိုက်ရိုက်ရိုက်ပြတာက ပိုမကောင်းဘူးလား မေးစရာရှိပါတယ်။ နောက်တခုက ဒီအချက်တွေက အထက်ကပြောခဲ့သလို one element တွေသာဖြစ်တာကြောင့် ဓာတ်ပုံတပုံလုံးမှာ element တခုပဲ ပါမယ့် အစား တပုံထဲမှာ elements မျိုးစုံနဲ့ reflection ဆိုလဲ reflection သက်သက်မဟုတ်ပဲ တကယ် real element တွေနဲ့ တပုံထဲမှာ ရောထားတဲ့ ပုံက ကြည့်သူကို စိတ်ဝင်စားအောင် ဆွဲဆောင်နိုင်သလို ပုံက ပိုအသက်ဝင်နိုင်မှာပါ။ ဥပမာ ပေးရရင် Alex Webb ရဲ့ အထက်ပါပုံမှာ silhouette ကို အခြား elements တွေနဲ့ ရောထားတာကို တွေ့ရမှာပါ။
၄ – အဓိပ္ပါယ်မဲ့ composition, framing များယူခြင်း
ဓာတ်ပုံမှာ subject က strong မဖြစ် lighting က မကောင်း ဒါပေမယ့် ရိုက်တော့ ရိုက်ချင်နေတယ်ဆို ဓာတ်ပုံရိုက်သူတွေ မှားတတ်ကြတာကတော့ အဓိပ္ပါယ်မဲ့ တိကျတဲ့ အကြောင်းအခြင်းအရာမရှိတဲ့ framing လုပ်တတ်ကြတာလဲ တခုအပါအဝင်ပါ။ ဘယ်လိုမျိုးလဲဆို ဥပမာ ပေးရရင် ကင်မရာကို ရေပြင်ညီ မျဉ်းအတိုင်းမရိုက်ပဲ တမင်သက်သက်ကြီး စောင်းထားပြီးရိုက်တာမျိုးတို့ ဒီအတိုင်းရိုက်ရင် ရပါလျက်နဲ့ အဆောက်အဦးအတွင်းထဲကနေ အပြင်က exposure အမှန်ယူပြီး တပုံလုံးမှာ အမည်း indoor ကြားက ပြတင်းပေါက်က မြင်ကွင်းအသေးလေးပဲ မြင်ရတာမျိုးတွေကလဲ အများစု လုပ်မိတဲ့ အကျင့်တွေပါပဲ။
နောက် အထက်ကပြောခဲ့သလို ချောင်းပြီးရိုက်သလိုမျိုး အဆောက်အဦးထဲကနေ အပြင်ကို၊ သံတိုင်ကြားကနေ အခြားတဖက်ကို frame ထဲမှာ frame ထပ်ထည့်ရင် ထည့်ရတဲ့ အကြောင်းအရင်းပါမှကောင်းပါတယ် မဟုတ်ပဲ graphical အလှအပအတွက် ထည့်ရင် ပုံမှာ exposure ကွာဟမှု့ကြောင့် ဖြစ်တဲ့ black area တွေက ပုံတခုလုံးရဲ့ 40% 50% လောက်ဖြစ်နေတဲ့အခါပုံမှာ ကြည့်စရာ မြင်ကွင်းအသေးလေးသာပါပြီး အော်ဒါက အဆောက်အဦးအပြင်က ဆိုက်ကားလေးဖြတ်သွားတာကို ရိုက်ထားတာပဲ၊ လူဖြတ်သွားတာကို ရိုက်ထားတာပဲဆိုတဲ့ information သာ ပေးနိုင်ပြီး ပုံကြည့်သူအနေနဲ့ နောက်တပုံကို ကျော်သွားမှာပါပဲ။ နောက်တခုက ပွဲတွေ ဘာတွေမှာ လူတယောက်ယောက် လက်ထဲကိုင်ရိုက်နေတဲ့ ဖုန်းထဲကပုံ၊ ကင်မရာက စကရင်ကို ချိန် focus ဖြတ် frame ယူပြီး ရိုက်တာတွေလဲ သဘောတရားအတူတူပါပဲ ကိုယ်တိုင်အပြင်မှာ ဒဲ့ရိုက်လို့ ရပါလျက်နဲ့ ထူးခြားတဲ့ အကြောင်းအရာမရှိပဲ သူများ ဖုန်း၊ ကင်မရာက စကရင်ကို လှမ်းရိုက်ထားတော့ ပုံမှာ သူများချိန်ထားတဲ့ frame ကလွဲရင် အခြား ကြည့်စရာမပါ out of focus ဖြစ်နေတာကလဲ ပျင်းဖို့ကောင်းပါတယ်။
နောက်တခုက ထူးခြားတဲ့ အကြောင်းအရာမရှိပဲ ကင်မရာကို မြေကြီး၊ ကတ္တရာလမ်းမနားကပ်ပြီး အောက်ဖက်ကနေ ပင့်ရိုက်တာတို့၊ ကင်မရာကို လေထဲမြှောက်ပြီး အပေါ်ကနေ အောက်ကို ရိုက်တာတို့က လူတွေ မြင်နေကျမဟုတ်တဲ့ မြင်ကွင်းကိုပေးပြီး အမြင်ဆန်းသလို ထင်ရပေမယ့် တကယ်တမ်းကျ တိကျတဲ့ အကြောင်းအရာ မရှိလို့ လူတွေ ခဏနဲ့ နောက်တပုံကို ကျော်သွားပြီး ကြည့်ကြပါလိမ့်မယ်။ သတိထားကြည့်ရင် ကမ္ဘာ့နာမည်ကျော် street photographers တွေမှာ အဓိပ္ပါယ်မဲ့ စောင်းရိုက်တာ၊ တပုံလုံးမှာ frame ပေါ် frame ထပ်နေတဲ့ element တခုသာပါတဲ့ မြင်ကွင်းမျိုးတွေ၊ အောက်ကနေပင့်တာ၊ အပေါ်ကနေ ငိုက်ရိုက်တာမျိုးတွေ မရှိသလောကဆိုတာကို လက်တွေ့လေ့လာလို့ ရပါတယ်။
၅ – အုပ်စုနှင့် ဓာတ်ပုံထွက်ရိုက်ခြင်း
အုပ်စု နှင့် ဓာတ်ပုံထွက်ရိုက်ခြင်းက ဒီမှာကတော့ အလေ့အထလို ဖြစ်နေတာ street photo အမျိုးအစား အတွက်တော့ ကောင်းသလိုလိုနဲ့ မကောင်းတဲ့ အလေ့အထ တခုလို့ပြောရင် ရမလားမသိဘူး။ ဘာလို့လဲဆို street ဆိုတာက ဆင်ရိုက်တာမျိုးမဟုတ်သလို conflict photo လို တိုက်ပွဲကြားမှာ အသက်အန္တရာယ်နဲ့ ရိုက်ရတာမျိုးလဲ မဟုတ်တော့ တယောက်ထဲထွက်ရိုက်ရင်လဲ အန္တရာယ်ရှိမယ်လို့ မထင်ပါဘူး။ အုပ်စုနဲ့ ထွက်ရိုက်တဲ့အခါ ဆိုးရွားတဲ့ အမှန်တရား တခုပြောပါဆိုရင် သူ့ပုံထဲ ကိုယ်ပါ၊ ကိုယ့်ပုံထဲ သူပါနေတတ်တာက အဆိုးဆုံးပါပဲ။
လမ်းပေါ်မှာ ထွက်ရိုက်ရတာမို့ လူကြောက်တာက သူသူ ငါငါ အစပိုင်းဖြစ်တတ်ပေမယ့် တယောက်ထဲထွက်ရိုက်ဖို့ကို လေ့ကျင့်စေချင်ပါတယ်။ ဘာလို့လဲဆို street ဟာ street portrait ကလွဲရင် ဆင်ရိုက်တဲ့ အမျိုးအစားမဟုတ်ပဲ လူ့ပတ်ဝန်းကျင်၊ မြို့ပြ လမ်းပေါ်က အငွေ့အသက်ကို သဘာဝအတိုင်း ဖမ်းယူရတာမို့ အုပ်စုလိုက်သွားရင် အုပ်စုလိုက်ရိုက်ရင် အရိုက်ခံရတဲ့ သူတွေ mood ပျက်ပါတယ်။ နောက် အုပ်စုလိုက် ကင်မရာတွေနဲ့မို့ ပတ်ဝန်းကျင်မှာလဲ သတိထားမိ attention ယူမိပြီးသားဖြစ်ကုန်တာမို့ ကိုယ်ရိုက်တဲ့ အခါ ပတ်ဝန်းကျင်ကလူတွေ သဘာဝမကျတဲ့ မကြိုက်တော့ မျက်နှာထား ဒါမှမဟုတ် အရမ်းကို ကြိုဆိုနေတဲ့ လက်နှစ်ချောင်းထောင်ပြတာတို့ စသဖြင့် ပို့စ်ပေးတဲ့ အနေအထားတွေ ဖြစ်ကုန်မှာပါ။ ကျွန်တော့် တို့ ဓာတ်ပုံသင်ပေးခဲ့တုန်းက ဆရာ တို့ဆို သင်တုန်းက ကျွန်တော်တို့ ဓာတ်ပုံထွက်ရိုက်ခိုင်းတော့ တခါမယ် ကျွန်တော်နဲ့ မိတ်ဆွေ သင်တန်းသား ဓာတ်ပုံဆရာတို့ကို ထွက်ရိုက်ခိုင်းတဲ့ မနက်မှာ ဈေးထဲမှာ ၂ ယောက် အတူတွေ့တော့ ဆဲတာဆိုတာ မပြောပါနဲ့တော့။ ဘာလို့လဲဆိုတော့ အဲဒီလို အုပ်စုလိုက် ထွက်ရိုက်ရင် ကိုယ်ရိုက်မယ့် subjects မြင်ကွင်းကောင်းနေရင် သူ့ပုံထဲကိုယ်ပါ၊ ကိုယ့်ပုံထဲသူပါ နေမှာစိုးလို့ framing ကို အသေအခါ မလုပ်နိုင်ပဲ ရတဲ့နေရာလေးကနေ ရိုက်လိုက်ရတာနဲ့ ပြီးသွားတတ်တာကြောင့်ပါ။
နောက်တခုက အဲဒီလို အုပ်စုလိုက်ထွက် ဓာတ်ပုံရိုက်တဲ့ အခါ အရိုက်ခံရသူတွေမှာလဲ မသက်သာလှပါဘူး လမ်းဘေး ဈေးသည်ဆိုလဲ ဈေးသည်အလျောက် သူ့ရောင်းရတဲ့ မျက်နှာစာ ပိတ်ပြီး အဲဒီ အရိုက်ခံရတဲ့ ခဏမှာ ဈေးဝယ်သူ လာဝယ်မယ့်သူမရှိတော့ မကောင်းဘူးပေါ့လေ။ တခါတုန်းက ဓာတ်ပုံဆရာတွေစုရိုက်တဲ့ပွဲမှာ ကျွန်တော်လဲ ဝင်ပါခဲ့တုန်းက အဲဒီပွဲမှာ အစီအစဉ်အရာ group တွေခွဲထားတော့ အုပ်စုလိုက် ထွက်ရိုက်ရတယ်။ ကျွန်တော်က အစကတည်းက တယောက်ထဲပဲရိုက်လေ့ရှိတော့ တယောက်ထဲ အုပ်စုထဲက သင်းကွဲလို အတူမသွားပဲ ကျွန်တော့ ကောင်မလေးကို ကင်မရာရိုက်နည်းသ င်ပေးမယ်ဆိုပြီး ၂ ယောက်ထဲ ခွဲထွက်ရိုက်ရင်း တနေရာမှာ လမ်းဘေးဈေးသည် တယောက်က သူ့လည်းမရိုက်ပါပဲ ဓာတ်ပုံရိုက်လို့ ဆိုပြီး ရန်လုပ်ခံရပါတယ်။ ကျွန်တော်လဲ ဒေါသထွက်သွားပြီး လမ်းပေါ်မှာ public area မို့ မည်သူမဆို ဓာတ်ပုံရိုက်ခွင့်ရှိကြောင်း မကျေနပ်ရင် စည်ပင်ခေါ်ပြီး ရှင်းမယ်ဆိုတော့မှ ဈေးသည်ဖက်က လျော့သွားပြီး စိတ်မဆိုးဖို့နဲ့ သူ့ကို အဲဒီနေ့မှာပဲ အုပ်စုလိုက် အကျီဆင်တူ ဝတ်ထားတဲ့ ဓာတ်ပုံဆရာတွေ ဝိုင်းရိုက်ပြီးထွက်သွားတာမို့ နေလို့မကောင်းဖြစ်ပြီး ပြောမိတာဖြစ်ကြောင်း ရှင်းပြပါတယ်။ ဆိုလိုတာက အုပ်စုလိုက်ရိုက်ရင် အရိုက်ခံရသူအတွက်ပါ ရှိန်ပြီး mood ပျက်တတ်ကြောင်း ပြောချင်တာပါ။
နောက်တခုက အဲဒီလိုမျိုးတွေ လူတွေကို သေချာ ပတ်ရိုက်ပြီးရင်လဲ အရိုက်ခံရသူ ပေါ့ပါးသွားအောင်၊ စိုးရိမ်စိတ်ဖြစ်မလာအောင် ရိုက်ပြီးတဲ့အခါ သူ့ကို စကားလေးဘာလေးခဏ လောက်ပြော အလာပသလာပလေးပြော ခဲ့ရင် အရိုက်ခံရသူလဲ ပေါ့ပါးပျော်ရွှင်သွားနိုင်တာလဲ သတိချပ်စေချင်ပါတယ်။ Street ဆိုတော့ မရိုက်ခင်ခွင့်တောင်းဖို့ မလိုပေမယ့် ရိုက်ပြီးရင်တော့ ကိုယ်ရိုက်ခဲ့တဲ့ subject ကို လေးစားသမှု့နဲ့ စိတ်ပေါ့ပါးအောင် လုပ်ပေးဖို့ တာဝန်ရှိပါတယ်။ အကောင်းဆုံးကတော့ အုပ်စုနဲ့ သွားမယ်ဆို ရိုက်မယ့်နေရာရောက်ရင် ပြန်ဆုံမယ် နေရာတခုထားပြီး နောက် ၁ နာရီ ၂ နာရီ နေရင် ပြန်ဆုံမယ်ပြောပြီး သီးသန့်စီပတ်ရိုက်သင့်ပါတယ်။
စာလဲအတော်ရှည်သွားပြီမို့ အခုဒီမှာပဲ ခဏရပ်ပါရစေဦး နောက်များမှ အဆက်တွေ ဆက်ရေးပါဦးမယ်ခင်ဗျာ။ လွတ်လပ်စွာသဘောထားကွဲလွဲ နိုင်ပါတယ်။
Photos - generated by AI
Comments
Post a Comment