Blackout ဖြစ်တဲ့ ကင်မရာ နဲ့ မဖြစ်တဲ့ ကင်မရာ



လွန်ခဲ့တဲ့ နှစ်ရက်က Sony က flagship ကင်မရာ A9 ကို ကြေငြာတော့ no blackout viewfinder ဆိုတာ ထည့်ကြေငြာပါတယ်။ သူ့ရဲ့ feature အသစ် no blackout ဟာ တကယ်လဲ လိုအပ်နေတဲ့ နည်းပညာဖြစ်ပြီး ကမ္ဘာ့ဘပထမဆုံး စပါတဲ့ mirrorless ကင်မရာဖြစ်လာပါတယ်။ အဲဒီဟာကဘာလဲဆိုတာ လေ့လာကြည့်ရအောင်ပါ။


What is Blackout?


Blackout ဆိုတာ စကရင် ဒါမှမဟုတ် viewfinder, optical view finder or electronic viewfinder မှာ ချောင်းကြည့်ရင်းနဲ့ တကယ် ဓာတ်ပုံရိုက်တဲ့ အချိန်မှာ စကရင်စက္ကန့်ပိုင်းလောက် မဲသွားတာကို ဆိုလိုတာပါ။ အထူးသဖြင့် ကျွန်တော်တို့ လူသုံးအများဆုံး ကင်မရာအမျိုးအစားဖြစ်တဲ့ single-lens reflex လို့ခေါ်တဲ့ ဖလင် SLR ကင်မရာတွေ၊ digital single-lens reflex လို့ခေါ်တဲ့ DSLR တွေမှာ တွေ့ရပါတယ်။ 

အောက်ပါပုံကို ကြည့်ရင် ပထမ ဘယ်ဘက်ကပုံမှာ ကင်မရာမရိုက်ခင် မှန်ဘီလူးကလာတဲ့ ပုံရိပ်ကို DSLR ထဲက ဆင်ဆာအရှေ့မှာ ခံထားတဲ့ မှန်တစောင်းလေးကနေ ပုံရိပ်ကို အပေါ်ဘက်ကိုတင်ပြီး အပေါ်ဘက်ကမှ မှန်ချပ်တွေနဲ့ အောက်ဖက်ကလာတဲ့ ပုံရိပ်ကို ချောင်းကြည့်ပေါက်ကို ထည့်ပြီး ဓာတ်ပုံရိုက်မယ်သူကို ကင်မရာက ဘယ်လိုပုံရိပ်မြင်နေရတယ်ဆိုတာ သိအောင် လုပ်ပေးတာဖြစ်ပါတယ်။ တကယ်တမ်း ရိုက်မယ့်သူက frame အနေအထား ကြိုက်ပြီး ဓာတ်ပုံရိုက်တဲ့ အခါမှာတော့ အောက်ပါပုံက ညာဘက်အခြမ်းလို ဆင်ဆာအရှေ့က မှန်ချပ် တစောင်းလေးဟာ အပေါ်ဘက်ကို အပြည့်ကပ်လိုက်ပြီး သူကွယ်ထားတဲ့ အောက်ဖက်က ဆင်တာကို shutter လိုက်ကာလေးပါမပြီး ပုံရိပ်ကို ဆင်ဆာပေါ်ရောက်ပြီး ဖမ်းစေပါတယ်။ ဒါက SLR, DSLR သဘောတရားပါပဲ။





DSLR-diagram


အဲဒီမှာ ဘာဖြစ်လဲဆိုတော့ ဓာတ်ပုံရိုက်တဲ့သူဟာ သူ shutter ခလုပ်ကို နှိပ်လိုက်တာရဲ့ နောက် တစ်စက္ကန့်ထပ်နည်းတဲ့ အချိန်ပိုင်းလေးလောက် နောက်ကျပြီး ကင်မရာထဲက မှန်ချပ်ကို အပေါ်ဆွဲတင် ပုံရိပ်ကို အောက်ကဆင်ဆာဆီရောက်အောင်လွဲလိုက်တာမို့ ကလစ်နှိပ်တဲ့ အချိန်မှာ ဓာတ်ပုံရိုက်ကူးသူရဲ့ ချောင်းကြည့်ပေါက် viewfinder မှာ ကင်မရာ shutter speed ပေါ်မူတည်ပြီး မဲတက်သွားတာကို ကြုံကြရမှာပါ။ ဒါကို viewfinder blackout လို့ခေါ်ပါတယ်။ 

Electronic နဲ့ပြတဲ့ mirrorless တွေ viewfinder မှာကောလို့မေးရင် အဲဒီ blackout ရှိပါတယ်။ ကင်မရာထဲမှာ DSLR လို မှန်ချပ်မပါပေမယ့် သဘောတရားတူတူပါပဲ။ မှန်ချပ်မပါသည့်တိုင် electronic viewfinder တွေမှာ ဓာတ်ပုံမရိုက်ခင်ချောင်းကြည့်ပေါက်က LED, OLED မှာပြတာက ဆင်ဆာက တိုက်ရိုက်ဖမ်းနေတဲ့ပုံရိပ်ကို တီဗီနဲ့ ချိတ်ကြည့်သလို live video ပြပေးနေတာပါပဲ။ တကယ်တမ်း shutter ခလုပ်ဖိရိုက်တဲ့အခါမှာတော့ ဒီ electornic viewfinder EVF မှာပြနေတဲ့ ပုံရိပ်ကို ခဏရပ်ပြီး image processor ကို လမ်းကြောင်းလွဲပြီးပို့လိုက်ပြီး image processor က ခလုပ်နှိပ်လိုက်တဲ့ ခဏကို ပုံဖမ်းယူလိုက်တာပါ။ ဒါကြောင့် လက်ရှိ ကင်မရာ မားကတ်ထဲက အမျိုးအစားအများစုမှာ DSLR ပဲဖြစ်ဖြစ် micro-four third ကင်မရာဖြစ်ဖြစ် Sony A6000, A7 စီရီးစသဖြင့် အားလုံးမှာ shutter ခလုပ်ဖိတဲ့ ခဏမှာ စကရင် ဒါမှမဟုတ် ချောင်းကြည့်ပေါက်မဲသွားတတ်တဲ့ blackout ဖြစ်ပါတယ်။


Is Blackout big deal?


အဲဒီလို blackout ဖြစ်တာ အရေးကြီးလား လို့မေးရင် ဒါက ကိုယ်ဘာလို အမျိုးအစားရိုက်လဲ ဘယ်လိုပုံရိုက်လေ့ရှိလဲပေါ်မူတည်ပြီး အရေးကြီးသလို blackout ဖြစ်တာ အရေးမကြီးပါဘူးဆိုတာလဲ ဖြစ်တတ်ပါတယ်။ ပုံမှန်အားဖြင့် ကင်မရာရိုက်တဲ့သူအများစုဟာ ဒီလို blackout ဖြစ်တဲ့ ကင်မရာတွေပဲ စကိုင်ကတည်းက ကိုင်ခဲ့ကြတာများတော့ အရေးမကြီးဘူး DSLR, mirrorless နဲ့ လဲ ရိုက်နေတာပဲ လို့ ထင်ကြမှာပါ။ 

Blackout ဖြစ်တဲ့ ပမာဏက ပုံမှန် 1/125 speed နဲ့ သူ့အထက် ကျော်တဲ့ စပိရိုက်သူတွေ အနေနဲ့ split second လို့ခေါ်တဲ့ တစ်စက္ကန့်ရဲ့ အပုံ တရာပုံ ဒါမှမဟုတ် ထောင်ချီပုံမှ တစ်ပုံစာလောက်ပဲ ယူတဲ့ blackout အတွက် အရေးမကြီး သလိုဖြစ်တတ်ပါတယ် ဒါမှမဟုတ် အမြင်ကျင့်သားရနေတာလဲဖြစ်တတ်ပါတယ်။


ဒါပေမယ့် အဲဒီ blackout က ဘယ်နေရာတွေမှာ ဒုက္ခပေးတတ်လဲဆို street photography လို စက္ကန့်ပိုင်းလောက်ဖြစ်ပျက်သွားတဲ့ moment အဖြစ်အပျက်လေးတခုကို ဖမ်းယူတဲ့ နေရာတို့လိုမျိုးတွေမှာ အရေးပါပါတယ်။ နောက် candid shot လို လူတွေရဲ့ emotion ဖမ်းတဲ့အခါတို့မှာ ကိုယ်က composition လဲကြိုက်နေပြီ လိုက်တင်၊ ဖရိမ်ယူတာ အကုန်မိုက်နေပြီး shutter ခလုပ်ကို ဖိလိုက်ပြီးရိုက်လိုက်တဲ့ အချိန်မှာ ကိုယ်ရိုက်လိုက်တဲ့ subject က မျက်လုံးမှိတ်သွားတာတို့ မျက်လုံးမှိတ်ခါနီး မှေးပြီး အိပ်ငိုက်သလိုပုံကြီးဖြစ်ပြီး ပျက်ဆီးသွားတာတို့တွေ ကြုံဖူးမှာပါ ဒါက ကင်မရာမှာ တကယ်ရိုက်လိုက်တဲ့ အချိန်မှာ blackout ဖြစ်သွားတော့ ကိုယ်ချိန်ထားတာမှန်ပေမယ့် တကယ်ရိုက်တဲ့ စက္ကန့်ပိုင်းမှာ အနေအထားပြောင်းသွားတာမို့ တကယ်တမ်းကိုယ်ရလိုက်တဲ့ ပုံက မျက်လုံးမှိတ်သွားလား မှေးသွားလား မသိရတဲ့ blackout ဖြစ်တဲ့အချိန်က ပုံမို့ မှန်းရခက်တတ်ပါတယ်။ 




ဒီအားနည်းချက်တွေက blackout ဖြစ်တတ်တဲ့ကင်မရာတွေမှာ ကြုံရလေ့ရှိပါတယ် ကိုယ်တကယ် ဘာပုံရလဲဆိုတာ ကိုယ်ကိုယ်တိုင် မသိလိုက်ရပါဘူး။ ပြန်ကြည့်မှ သိရတာမျိုးပါ။ အထူးသဖြင့် အားကစား sport, wildlife ဒါမှမဟုတ် ငှက်ရိုက်မယ် ဆိုပါတော့ သေချာတယ် ရိုက်မယ်ဆိုရင် ကင်မရာမှာ burst mode နဲ့ ဆက်တိုက် 6 fps ဒါမှမဟုတ် 1DX Mark II လိုမျိုးတွေနဲ့ 12 fps တွေ shutter speed အမြန်နဲ့ ရိုက်ပြီဆို ချောင်းကြည့်ပေါက်မှာ ဖျက်၊ ဖျက်၊ ဖျက် နဲ့ ကိုယ်က ဖရိမ်တွေ လိုက်တင်တွေ ချိန်ထားပေမယ့် ကိုယ်တကယ်ရမယ့် အားကစားသမားက ပြေးနေရင်း လျှာထွက်ပြီး ပုံပျက်နေမှာလား၊ အိပ်ငိုက်သလို မျက်လုံးမှိတ်နေတဲ့ ပုံတွေ ထွက်မှာလား မသိရဘူး၊ wildlife နဲ့ ငှက်ရိုက်သူဆိုရင်လဲ ကိုယ်ရိုက်တဲ့ ငှက်က တောင်ပံပြန့်ကားပြီးမိုက်နေမှာလား ဒါမှမဟုတ် တောင်ပံ အောက်စိုက်နေတုန်းပုံဖြစ်နေမှာလား မသိရပဲ ရမ်းရိုက်ရတာမျိုးကြီးပါ။ ဒါမျိုးတွေဖြစ်ဖူးတယ် မခံစားနိုင်ဖူး မကြိုက်ဖူးဆို blackout မပါတဲ့ ကင်မရာ စဉ်းစားရမှာပေါ့။ Blackout မရှိတဲ့ ကင်မရာရှိလားမေးစရာရှိလာပါပြီ ?? ရှိလား ??


Camera with no blackout?

Henri Cartier-Bresson



ကင်မရာမှာ blackout မဖြစ်တဲ့ ကင်မရာရှိလားဆို ရှိပါတယ်။ ဟိုးရှေးခေတ်ကတည်းက ရှိတယ်။ အထူးသဖြင့် လူသိအများဆုံးကတော့ rangefinder လို့ ခေါ်တဲ့ ကင်မရာအမျိုးအစားပါပဲ။ Rangefinder ဆိုတာ ဘယ်လိုဟာလဲဆို Leica M series ကင်မရာတွေက လူသိအများဆုံး rangefinder ကင်မရာပါပဲ။ အခြား brand ကောရှိလားဆို ရှိပါတယ် ဟိုးအရင် ဖလင်ခေတ်တုန်းက Leica အပြင် Nikon, Canon, Yashika, Fujifilm စသဖြင့် ကင်မရာတွေမှာ rangefinder အမျိုးအစား ကင်မရာတွေ ရှိခဲ့ကြပါတယ်။ Rangefinder ကင်မရာတင်မဟုတ်ပါဘူး အခြား viewfinder က optical ဖြစ်ပြီး ဖလင် ဒါမှမဟုတ် ဆင်ဆာ မှန်ဘီလူးကပုံရိပ်နဲ့ တွဲဆက်မနေပဲ သက်သက်ရှိနေတဲ့ကင်မရာတွေ အကုန်လုံး blackout မဖြစ်ပါဘူး။ 

အချို့ mirrorless ကင်မရာပေမယ့် အချို့တွေက hotshoe mount optical finder ဝယ်တပ်ကြသူတွေမှာလဲ ယေဘူယျအားဖြင့် blackout မရှိဘူးပြောလို့ ရပါတယ်။ ဘာလိုလဲဆို အောက်က rangefinder ပုံလိုပဲ ဒီ ချောင်းကြည့်ပေါက်တွေက ကင်မရာရဲ့ လန်းစ်၊ ဖလင်၊ sensor တွေနဲ့ မပက်သတ်ပဲ သူ့ဖာသာသူ သီးသန့်တည်ရှိနေလို့ dslr လို ရိုက်တဲ့ အချိန်မှန်အပေါ်ကပ်သွားတာလဲ မရှိသလို၊ sensor က ပုံရိပ်ကို LCD, EVF နဲ့ ချောင်းကြည့်ရသလို မည်းသွားတာလဲ မရှိပါဘူး။


So, Benefits of no blackout?


ဒါဆို ဒီလို blackout မရှိတဲ့ ကင်မရာတွေမှာ ဘာ အကျိုးရှိလဲ။ ဘာလိုအကျိုးရှိလဲဆို အပေါ်က ပြောခဲ့တဲ့ ကိုယ်ချိန်တုန်းက တမျိုးရိုက်တော့မှ မျက်လုံးမှိတ်နေတာမျိုးလိုတွေ ရှောင်လို့ရတယ်။ ကိုယ်တကယ် shutter ခလုပ်ဖိတဲ့ အချိန်၊ ပုံရိပ်ကို ဆင်ဆာက ဖမ်းလိုက်တဲ့အချိန်မှာ ကိုယ်ဘယ်လိုဓာတ်ပုံရလဲ ချက်ချင်း playback button မလုပ်ပဲ တန်းသိရမယ်။ ဥပမာ ကိုယ်ရိုက်တဲ့အချိန်မှာ ချောင်းကြည့်ပေါက် မည်းမသွားတော့ subject မျက်လုံးမှိတ်သွားတာတွေ့လိုက်ရင်လဲ ကင်မရာကို chimping လုပ်သလို ပြန်ကြည့်စရာမလိုပဲ တန်းသိတော့ ချက်ချင်းနောက်တပုံ စက္ကန့်မခြား ထပ်ရိုက်ယူနိုင်တာပေါ့။ အဓိကကတော့ ကိုယ် အလိုချင်ဆုံး moment အကောင်းဆုံး moment လို့ခေါ်တဲ့ decisive moment ကို DSLR, Mirrorless တွေမှာလို စက်သေနတ်ပစ်သလို burst mode နဲ့ ဆက်တိုက် ကံ အားကိုးပုံရလိုက်လား မရလိုက်လား blackout ဖြစ်တော့မသိနဲ့ ပတ်ဝန်းကျင်လဲ mood ပျက်အောင် ကင်မရာကြီးနဲ့ ရိုက်စရာမလိုဘူးပေါ့။ 

ကိုယ်အလိုချင်ဆုံးအချိန်စက္ကန့်ပိုင်းလေးကို ချက်ချင်း one shot, one kill ရိုက်ယူနိုင်တာပေါ့။ ဥပမာ ဆိုရရင် decisive moment မှာ ဆရာကြီးဖြစ်တဲ့ Henri Cartier-Bresson ရဲ့ နာမည်အကြီးဆုံး ရေအိုင်လေးပေါ် လူခုန်နေတဲ့ အောက်ပါပုံလေးကို leica rangefinder နဲ့ ရိုက်ယူခဲ့တာပေါ့။

ပုံကြည့်ရင် shutter က slowspeed နဲ့ ရိုက်ထားတာလဲပေါ်လွင်နေတယ် ဆိုတော့ ဒီလို slow shutter နဲ့ ဒီလို ရေအိုင်လေးပေါ်ခုန်တဲ့ပုံမျိုး ကျန်တဲ့ blackout ဖြစ်တဲ့ ကင်မရာနဲ့ ရိုက်လို့မရဘူးလားဆို ရိုက်လို့ရပါတယ်။ အတွေ့အကြုံရှိပြီးသား ဓာတ်ပုံဆရာတွေ ရိုက်နိုင်ပါတယ် ဒါပေမယ့် ကံပဲဗျ တကယ်တမ်း blackout ဖြစ်တဲ့ကင်မရာဆိုတော့ ခုန်ခါနီး ခြေအကြွမှာ စရိုက်လိုက်ရင်လဲရတယ် ဒါပေမယ့် ခြေကြွရုံကြွပြီး ရိုက်လိုက်တဲ့အချိန်မှာ မခုန်ပဲ ရေထဲက ဆင်းသွားတာလဲ ဖြစ်နိုင်တာပဲလေ။ အဲဒီလိုမျိုးဖြစ်တတ်တော့ ကိုယ်လိုချင်တဲ့ split second ကို ချက်ချင်းကြည့် ချက်ချင်းဖမ်းနိုင်တယ် no blackout ကင်မရာတွေက အားသာတာပေါ့။ Rangefinder က ဒါမျိုး no blackout မှာအားသာပေမယ့် အားနည်းချက်တွေရှိပြန်ပါတယ်။ အထူးသဖြင့် Macro နဲ့ တယ်လီလို focal length တွေ သူ့မှာမပါဘူး။ 

SLR က ဒီနေရာတွေမှာ အားသာပြန်ပါတယ်။ အားကစား၊ တောရိုင်းတိရိစ္ဆာန်၊ မာခရို စတာမျိုးတွေရိုက်ချင်ရင် SLR ဒါမှမဟုတ် SLR လို စတိုင် ခေတ်ပေါ် mirrorless တွေက ပိုအဆင်ပြေပါတယ်။ အခု A9 က mirrorless လဲဖြစ်တယ်၊ no blackout ဆိုတော့ ဒီလို အားသာချက်တွေ ၂ ခုပေါင်းထားသလိုပဲပေါ့။

ခုခေတ်မှာတော့ ဒီလို no blackout ဒီဂျစ်တယ် ကင်မရာမျိုးလိုချင်ရင် သိပ်များများစားစားမရှိဘူးခင်ဗျ ဈေးတွေကလဲ ကြီးတာများပါတယ်။ လက်ရှိတော့ rangefinder အစစ်မဟုတ်ပေမယ့် ပုံတူလိုက်လုပ်ထားတဲ့ Fujifilm က X100 series ရှိမယ် X Pro 1, 2 ရှိပါမယ်။ ဒီကင်မရာတွေက OVF ကော EVF ကောရတယ် EVF ဒါမှမဟုတ် hybrid လုပ်ထားရင်တော့ စမ်းကြည့်တာ blackout ရှိတာတွေ့ရတယ်။ Optical ပဲ ထားထားရင်တော့ blackout မရှိဘူး ခင်ဗျ။ နောက် Leica ရဲ့ M8, M9, M10 စတဲ့ M8 နောက်ပိုင်း rangefinder တွေ ရှိတယ်။ နောက်အခြား ကျွန်တော်မသိတဲ့ သီးသန့် optical viewfinder hotshoe မှာတပ်ရတဲ့ ကင်မရာမျိုးတွေ ရှိမှာပါ။ ခုကတော့ ကမ္ဘာ ပထမဆုံး mirrorless A9 ပေါ့။


A9 က no blackout ဘာလို့ရလဲဆို သူ့မှာပါတဲ့ image processing sensor က ပါဝါအရမ်းပြင်းတော့ တချိန်ထဲမှာ sensor ကလာတဲ့ အရုပ်ဒေတာကို အပေါ် EVF ချောင်းကြည့်ပေါက်မှာလဲ live video လိုပြပေးနေသလို အောက်က SD cards တွေကိုလဲ process လုပ် 20 fps ရုပ်သေပုံရိပ်ဖမ်းပေးနိုင်တဲ့ RAM, buffer speed ရနေလို့ပါ။ အဓိကကတော့ mechinacal shutter လို့ခေါ်တဲ့ ဆင်ဆာအပေါ်မှာ ဝါးယင်းလိပ် လိုက်ကာလိုမျိုးသုံးမယ့် (A9 မှာ mechanical shutter funtion လဲ ပါပါတယ်) အစား electronic shutter လို့ခေါ်တဲ့ digital နည်းနဲ့ သုံးပြီး ပုံရိပ်ဖမ်းတဲ့ shutter ကို သုံးလိုက်တာမို့ပါ။


ဒါကို 20 fps နဲ့ရိုက်လို့ လူမျက်လုံးက 24 fps နဲ့ အထက်ဆို ရုပ်ရှင်လို ပုံရိပ်အသေတွေက ချောင်းကြည့်ပေါက်မှာ လှုပ်တယ်လို့ ထင်ရတာမျိုးမဟုတ်ပါဘူး တကယ်က Sony EVF က 60 fps နဲ့ 120 fps ထိ smooth ဖြစ်တဲ့ EVF ကိုပြနေတာပါ။ အလုပ်လုပ်ပုံက ကျွန်တော်တို့ ရုပ်ရှင် video ကြည့်နေရင် ကြိုက်တဲ့ moment ကို screenshot ဖမ်းသလိုမျိုး RAW နဲ့ 24MP ပုံရိပ်တွေ save ချက်ချင်းလုပ်ပေးနိုင်တဲ့ image processing power ရလာတာမျိုးဖြစ်ပါတယ်။ ဒါက အင်မတန် ပါဝါပြင်းတဲ့ ကင်မရာလို့ပြောလို့ရပါတယ် ဒါကြောင့်လဲ body only 4500$ ဖြစ်နေတာပါ။ Sony က အရင် စီးရီး A7 ကို mark III ကြေငြာရင်တောင် ဈေးသက်သာမယ့် ဒီ A7 စီးရီးမှာ ဒီ no blackout ရမယ့် processing power chip မျိုးထည့်ပါ့မလားလို့ သံသယဖြစ်မိပါတယ်။ 

ခုဆိုရင်တော့ shutter blackout အကြောင်းလဲ ရေးတာ အတော်ရှည်သွားပြီမို့ ဒီနေ့တော့ ဒီမှာပဲ ရပ်လိုက်ပါမယ် ခင်ဗျ။ နောက်များမှာ အသစ်တွေ ထပ်တင်ဖို့ ကြိုးစားပါ့မယ်။ ကျေးဇူးပါ။

Comments

My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.

Popular posts from this blog

ကျွန်တော့အတွက် အရေးကြီးတဲ့ ကင်မရာ functions များ

ဝဿန်ရုပ်ရှင်ပွဲတော်နှင့် လွတ်လပ်သော လူငယ်များ၏ အနုပညာလက်ရာများ