မှတ်တမ်းဓာတ်ပုံ စရိုက်မည့်သူများအတွက် အကြံပေးချက် ၅ ချက်
ကျွန်တော်တို့ ဒီတခေါက်မှာတော့ မှတ်တမ်း ဓာတ်ပုံရိုက်ဖို့ စတိုရီ ဘယ်လိုရှာရွေးမလဲ၊ ပရောဂျက်ကို ဘယ်လို မှတ်တမ်းတင်မလဲ ဆိုတဲ့အကြောင်း ပြောရအောင်ပါ။ လက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ အရာအားလုံးက အချိန်နဲ့ အမျှ အရမ်းအပြောင်းအလဲ မြန်နေတဲ့အချိန် မှတ်တမ်း တင်ထားဖို့က အရင်ကထက် အရမ်းပိုလိုအပ်နေပါပြီ။ ကျွန်တော်တို့ ဘေးနားက သိတဲ့လူတွေလဲ နေ့မြင်၊ ညပျောက် တယောက်တနေရာဖြစ်ကုန်တာတွေ၊ လူတွေရဲ့ လူမှုရေး၊ စီးပွားရေး အဆိုးဖက်ပြောင်းလာတာက အစ နောင်တချိန်မှာ ကျွန်တော်တို့ ခေတ်ပျက်ကြီးကို ဒီလို ဖြတ်သန်းခဲ့ရပါတယ်ဆိုတာ မှတ်တမ်းတွေနဲ့ ပြန်ပြောဖို့လိုပါတယ်။ နယ်မြို့လေးတွေက အဆောက်အအုံတွေ ဆိုလဲ နေမြင်ညပျောက် ပျက်စီးကုန်တာ၊ ရိုးရာ အဆောက်အဦး၊ ရိုးရာအိမ်က အစ ကွယ်ပျောက်သွားတာ၊ ရိုးရာဓလေ့အကြောင်း သိသူတွေ မရှိတော့တာတွေက အစ အချိန်ရှိတုန်း မှတ်တမ်းတွေ လုပ်ဖို့လို့ပါတယ်။ စာရေးတာ အားသာသူက ဒိုင်ယာရီ၊ ဂျာနယ် လိုရေးမှတ်ထားတာ၊ ဓာတ်ပုံ၊ ဗီဒီယိုသမားက မှတ်တမ်းတင်ထားတာ အကုန်လုပ်ဖို့လိုပါတယ်။
Storytelling ဆိုတာ ကမ္ဘာပေါ်က အခြား သတ္တဝါတွေမှာ မရှိတဲ့ ပညာရပ်တခုပါ။ ကျွန်တော်တို့ ဒီ အတတ်ပညာကြောင့် ကျွန်တော်တို့ လူသားတွေဟာ သမိုင်းဆိုတာတွေ သိရတယ်၊ ဟင်းချက်နည်း၊ ဆေးဖော်နည်းက အစ နောက်မျိုးဆက်က အရင်မျိုးဆက်ရှာတွေ့ခဲ့တဲ့ ပညာရပ်တွေ အစက ပြန်ရှာဖွေစရာမလိုပဲ သိမြင် တတ်မြောက်လာခဲ့တာဖြစ်ပါတယ်။ အခု လက်ရှိလို သမိုင်းတလျောက် ၁၉၄၈ လွတ်လပ်ရေးရပြီးကတည်းက မကြုံရဘူးသေးတဲ့ ဒီလို ကြီးမားတဲ့ တိုင်းပြည်အချိုးအကွေ့ မှာ မှတ်တမ်းသမားတွေကို ပိုလိုအပ်နေတာပါ။ အန္တရာယ်ရှိတဲ့ အကြောင်းအရာရိုက်ဖို့မလိုပဲ အန္တရာယ်မရှိနိုင်တဲ့ ပျောက်ကွယ်တော့မယ့် ပညာရပ်၊ ရိုးရာတွေ၊ မှတ်တမ်းတွေ လုပ်ထားဖို့ ပိုလိုပါတယ်။ ဥပမာ ပေးရရင် နောင်ဆို မရှိနိုင်တော့မယ့် ရိုးရာအိမ်မျိုးတွေ၊ ဟော်နန်းတွေ၊ ဇရပ်တွေ စတာတွေကနေ ရိုးရာနည်းနဲ့ လုပ်တဲ့ မြေအိုးလုပ်နည်း၊ ကြက်ရိုးဗေဒင်ဟောနည်းအထိ အကုန် မှတ်တမ်းတွေ ရှိဖို့လိုပါတယ်။
ဒါပေမယ့် မှတ်တမ်းတင်မယ့် သူတွေအတွက် ဒီလို စတိုရီ တွေ မှတ်တမ်း တင်တဲ့အခါ သတိထားရမယ့် အချက်တွေကို ကျွန်တော် စာရင်းလေးပြုစုထားပါတယ်။
![]() |
Inle lake. 2012 | Photo by HTZ |
၁ - ကိုယ်အမြဲရိုက်နိုင်မယ့် စတိုရီရှာပါ
ပထမဆုံး ပရောဂျက်လုပ်မယ့်သူတွေ အမြဲမှားလေ့ရှိတာက လူစိတ်ဝင်စားမယ့် နာမည်ကြီး အကြောင်းအရာတွေကို မှတ်တမ်း လုပ်ချင်တာပါပဲ။ နာမည်ကြီးကိစ္စလဲဖြစ်မယ်၊ ရိုက်ရမယ့် အကြောင်းအရာ၊ ဖြစ်နေတဲ့ နေရာကလဲ ကြီးမား ကျယ်ပြန့်ရင် ပိုက်ဆံလဲ ပိုကုန်မှာဖြစ်သလို၊ သာမန် လုံလ နဲ့မရပဲ အချိန်ပြည့်အားထုတ် လုံလ စိုက်မှရမယ်ဆို အများစုက ခဏလောက်ပဲ ရိုက်နိုင်ပြီး နောက်ဆက်မရိုက်နိုင်တော့တာ ပြသနာပါ။ နောက်တခုက ယုံကြည်မှု့တည်ဆောက်ရတာနဲ့ ရိုက်ခွင့်ရဖို့ လုံးပန်းရတာပါ၊ အဲဒီအတွက် အချိန်ပေးရပါတယ်။ ကိုယ်က ဘာမှမပိုင်ပဲ ပရောဂျက် ဧရိယာ အကျယ်ကြီး ဦးတည်ထားရင် ပိုခက်ပါတယ်။ ပရောဂျက်အကြီးကြီး ကို လုပ်ရင် ကိုယ်က အတွေ့အကြုံမရှိရင် အလှမ်းကျယ်ပြီး အလယ်လပ်နေတတ်ပါတယ်။ အကြောင်းအရာတွေက အပေါ်ယံ သာသာပဲဖြစ်နေတတ်တာပါ။
အကောင်းဆုံးက ကိုယ့်အနီးအနားက ရိုက်ရလဲလွယ်မယ့်၊ ကိုယ့်ရဲ့ အခြား ဝင်ငွေရမယ့် အလုပ်ကနေလဲ အချိန်အများကြီး ဖဲ့ပေးပြီးလုပ်စရာမလိုဘူး၊ အန္တရာယ်လဲ အများကြီး မရှိနိုင်ဖူးဆိုတဲ့ အကြောင်းအရာကို ရိုက်ဖို့စဉ်းစားပါ။ ဥပမာ - ကိုယ့်သူငယ်ချင်းတွေထဲက ထူးခြားတဲ့ သူတယောက်အကြောင်း၊ ကိုယ့်ရပ်ရွာထဲက အသိတွေရဲ့ အိမ်တွင်းမှုလုပ်ငန်းလေးအကြောင်းလား၊ အနီးအနားက စိတ်ဝင်စားစရာ ရိုးရာ၊ နတ်ဆရာ၊ ဗေဒင်ဆရာ စသဖြင့်တယောက်ယောက်အကြောင်းလား။ ကိုယ့်အိမ်နားက အသိ လက်ဖက်ရည်ဆိုင်လေးနဲ့ သူတို့ဆီက ဝန်ထမ်းလေးတွေ အကြောင်း အလုပ်အကြောင်း နေ့တဓူဝ အလုပ်လေးရိုက်ရင်း၊ မီးမလာလို့ မီးစက်နှိုးရတာလေးတွေ၊ အလုပ်သမားလေးတွေ ဆိုင်က အလုပ်ထွက်ပြီး ထိုင်းဖက်သွားအလုပ်လုပ်ကြတာလေးတွေကနေ အစ လက်ရှိ လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးတွေကို လက်ဖက်ရည်ဆိုင် စတိုရီလေးကနေ ပြလို့ရပါတယ်။ နိုင်ငံခြားမှာနေတဲ့သူဆိုလဲ ကိုယ်အသိထဲက တယောက်ယောက်အကြောင်းလား၊ ကိုယ့်ရုံးက စိတ်ဝင်စားစရာ နိုင်ငံခြားသားအကြောင်းလား၊ မြန်မာရွေ့ပြောင်း မိသားစုတွေ အကြောင်းလား၊ မြန်မာထဲက စစ်မှုထမ်းရှောင်လာတဲ့ လူငယ်လေးတွေအကြောင်းမျိုးလား၊ နိုင်ငံရေးကြောင့် ရှောင်လာရသူအကြောင်းလား စသဖြင့် ကိုယ်အမြဲ ဆုံတွေ့နေရမယ့်၊ အဝေးကြီး နေ့စဉ် ကား၊ ရထားစီး သွားရိုက်စရာမလိုမယ့် သူတွေအကြောင်းလေးက နေစရိုက်သင့်ပါတယ်။ စတိုရီရှာတဲ့ အခါ ကိုယ်တကယ် အမြဲလုပ်နိုင်ပြီး၊ ကိုယ်တကယ် စိတ်ပါဝင်စားတဲ့ အကြောင်းအရာကိုသာ ရွေးပါ။
![]() |
Inle lake. 2012 | Photo by HTZ |
၂ - ရိုက်မယ့် ရှုထောင့်ရွေးပါ
ရိုက်မယ့် ရှုထောင့်ရွေးပါဆိုတာ ကင်မရာ ရှုထောင့်ကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ပြောချင်တဲ့ အကြောင်းအရာ၊ ရိုက်ချင်တဲ့ အကြောင်းအရာက၊ လူပုဂ္ဂိုလ်ရဲ့အဓိက အကြောင်းအရာက ဘာလဲ ရှာရမယ်။ အဲဒီအကြောင်းအရာတွေက ဘာတွေလဲ၊ အတိတ်မှာဖြစ်ခဲ့တာလား၊ သူကြုံနေရတာက ဘာတွေလဲ၊ ဘယ်အရာက ဓာတ်ပုံစတိုရီကြည့်တဲ့အခါ ကြည့်တဲ့သူတွေပါ ခံစားနားလည်နိုင်မလဲ စတာတွေကို ရှာပြီး ဘယ်လို visual နည်းနဲ့ ချဉ်းကပ်မလဲ၊ ဘယ်ရှုထောင့်ကနေ ဒီအကြောင်းအရာကို ပြောပြမှာလဲ စဉ်းစားခိုင်းတာပါ။ ဥပမာ အားဖြင့် သူ့အတိတ်မှာ ကြုံခဲ့ရတာကို ကျွန်တော်တို့က ပစ္စုပန်မှာ ဓာတ်ပုံရိုက်လို့မရပါဘူး။ အဲဒီအကြောင်းအရာကို ဘယ်လို ဓာတ်ပုံရိုက်လို့ရနိုင်မလဲ စဉ်းစားရမယ်၊ အတ္တိသရဝုတိ သဘောနဲ့ ရိုက်မလား စဉ်းစားရမယ်။
နောက် ကိုယ့် မိန်း လူပုဂ္ဂိုလ်ကို ရိုက်ရင်းနဲ့ ဒီလို လူတွေ၊ ဒီလို ပြသနာကြုံနေရသူတွေ အများကြီးရှိကြောင်းကို ဘယ်လို ပြမလဲ စဉ်းစားရမယ်။ ဥပမာ - ခေတ်မကောင်းလို့ နိုင်ငံခြားမှာ ရရာအလုပ်ထွက်လုပ်ရတဲ့ ကော်လာအပြာဖြစ်ဖြစ်၊ ကော်လာအဖြူ ဖြစ်ဖြစ် သူလို လူတွေ အများကြီး မြန်မာနိုင်ငံမှာ ရရာ အလုပ်နဲ့ ထွက်နေရတာကို ဘယ်လိုပြမလဲ စဉ်းစားရမယ်။ ဒီ ပုဂ္ဂိုလ်ကို ပြ ဇာတ်ကောင် မိတ်ဆက်ပြီး၊ မြန်မာနိုင်ငံကနေ ဘာကြောင့် ဒီလိုတွေ အများကြီး ရရာအလုပ်တွေနဲ့ ထွက်နေရသလဲ။ သူတို့တွေ နောင်တချိန်မှာ ကိုယ့်အိမ်ကိုယ့်နိုင်ငံမှာ မိသားစုနဲ့ မခွဲရပဲ အလုပ်လုပ်၊ ပညာသင်နိုင်ဖို့ အခြေအနေတွေဖြစ်လာနိုင်လား။ လက်ရှိ ဒုက္ခတွေကိုကော ဘယ်လို ကျော်လွှားလို့ရနိုင်လဲ စသဖြင့် ဓာတ်ပုံတွေကနေ ကြည့်ရှုသူကို မေးခွန်းထုတ်မလား၊ ဒါမှမဟုတ် ဇာတ်ကောင်ပြောတဲ့ အဖြေကနေ ဓာတ်ပုံနဲ့ မေးခွန်းကော အဖြေကော တပါတည်းတွဲပါနိုင်တဲ့ စတိုရီဖြစ်နိုင်လား ဆန်းစစ်ရပါမယ်။
![]() |
Nyaung Shwe. 2012 | Photo by HTZ |
၃ - အိမ်စာ အရင်လုပ်ပါ
ဒီလို ရိုက်မယ့် အကြောင်းအရာ၊ ရှုထောင့်တွေ စဉ်းစားပြီးရင် အိမ်စာ လို့ ကျွန်တော်က အမြဲခေါ်တဲ့ research တွေလဲလုပ်သင့်ပါတယ်။ အပေါ်က ဥပမာ အတိုင်း ကိုယ်ရိုက်မယ့် အကြောင်းအရာက ဘာလဲ၊ မြန်မာနိုင်ငံမှာ ဒီလို အခက်အခဲကြုံနေရသူ ဘယ်လောက်ရှိသလဲ။ အပေါ်က ဥပမာ လိုပဲ မြန်မာနိုင်ငံသားတယောက် လေဆိပ်ကနေထွက်ဖို့ အခက်အခဲတွေ skill test တွေ ဘယ်လိုတတ်ထားရသလဲ၊ လေဆိပ်ကနေထွက်ဖို့ ဘယ်လောက်ခက်သလဲ၊ ဥပမာ ထိုင်းလို နေရာမှာ မြန်မာနိုင်ငံသား လူဦးရေဘယ်လောက် အလုပ်လုပ်နေသလဲ စသဖြင့် အကုန် ရှာဖတ်ဖို့လိုတယ်။
အခုခေတ်ကြီးမှာ research လုပ်ရတာ အရင်ခေတ်လိုတော့ အရမ်းမခက်တော့ပါဘူး။ အင်တာနက် ပေါ်ကနေ reports တွေ သတင်းတွေ ရှာဖတ်ဖို့လိုပါတယ်။ လက်ရှိ ကိုယ်ရိုက်မယ့် အကြောင်းအရာနဲ့ သူတို့ကြုံနေရတဲ့ အခက်အခဲ ပြသနာ က ဘာတွေလဲ။ ဘယ်အကြောင်းအရင်းခံ နဲ့ ဘယ်အချိန်ကတည်းက စဖြစ်တာလဲ။ ဆိုးကျိုးတွေကဘာလဲ၊ နောက်ဆက်တွဲကြုံနေတဲ့ ပြသနာက ဘာလဲ။ ဒါတွေကို ပြေလည်မယ့် အဖြေရှိလား။ စသဖြင့်သိထားရမယ်။ နောက် ကိုယ်ရိုက်မယ်ဆိုလဲ ကိုယ်ရိုက်ရမယ့် နေရာကလုံခြုံရဲ့လား၊ ကင်မရာအလုခံရနိုင်လား၊ အာဏာပိုင်တွေက ချိန်းခြောက်လာနိုင်ခြေရှိလားတွေသိရမယ်။ လက်ရှိ စစ်ဖြစ်နေတဲ့ ဒေသတွေဆိုရင်လဲ ကိုယ်သွားမယ့် နေရာက ဘယ် လက်နက်ကိုင်တပ်တွေ စိုးမိုးလဲ၊ ဘယ်နှစ်ဖွဲ့ရှိသလဲ၊ သူတို့အခြင်းခြင်းကြား ဆက်ဆံရေးဘယ်အခြေအနေရှိလဲ။ နောက် အားသွင်းဖို့ကော လျှပ်စစ်မီးရှိလား၊ အင်တာနက်ရလား၊ မိုးကာ၊ ရေလုံအိတ်လိုလား စတာတွေကအစ သိဖို့လိုတယ်။ Geo-politics သိဖို့လိုတယ်။ သတင်းတွေ အရင် ၄ နှစ်စာလောက် အနည်းဆုံး ပြန်ရှာဖတ်ဖို့လိုတယ်။
နောက်တခုက visual approach အပေါ်က နံပါတ် ၂ ပေါ့။ မှတ်ထားဖို့က ကမ္ဘာပေါ်မှာ မရိုက်ရသေးတဲ့ အကြောင်းအရာ၊ စတိုရီဆိုတာ လက်ရှိအချိန်မှာ မရှိတော့ဘူး။ ဆိုတော့ ကိုယ်ရိုက်မယ့် အကြောင်းအရာမျိုးကို အခြားနိုင်ငံက ဓာတ်ပုံ၊ ဗီဒီယို ဆရာတွေ ဘယ်လိုချဉ်းကပ်ပြီး ဘယ်ရှုထောင့်က ရိုက်သွားလဲ လေ့လာဖို့လိုတယ်။ ရွှေ့ပြောင်းမြန်မာ လုပ်သားတွေ အခက်အခဲဆိုလဲ ဘယ်လို တင်ပြမလဲ၊ အခြား နိုင်ငံက ဓာတ်ဆရာတွေ ဘယ်လို ရိုက်လဲ လေ့လာတာကောင်းပါတယ်။ တပုံစံထဲ လိုက်ရိုက်ဖို့ ပြောတာမဟုတ်ပဲ အယူအဆ ကို လေ့လာဖို့ ပြောလိုတာဖြစ်ပါတယ်။ အမြဲ သတိရနေဖို့က ကိုယ်က storyteller လုပ်မယ်ဆို ကိုယ်သေချာ ပိုင်ပိုင်နိုင်နိုင်မသိတဲ့ အကြောင်းအရာကို အခြားသူကို သွားပြီး ဖောရှောရိုက် ဖောက်သည်ချ ရိုက်ပြောပြလို့မရပါဘူး။ ကိုယ်သေချာမသိပဲ အကြောင်းအရာတခုကို အိမ်စာမလုပ်ပဲ အပေါ်ယံလုပ်ပြရင် တကယ်သိတဲ့သူတွေ ကိုယ့် ပရောဂျက်ကိုကြည့်တဲ့ အခါ လှောင်စရာဖြစ်နေနိုင်ပါတယ်။ ကိုယ်တကယ် အကြောင်းအရာကို စိတ်ရော၊ ကိုယ်ပါ နှစ်လုပ်ထားတဲ့ အခါ သာမန် ဓာတ်ပုံကြည့်ရှုသူတွေက detail လေးတွေ မသိနိုင်ပေမယ့်၊ တကယ်သိတဲ့သူက အဲဒါလေးတွေကို မြင်တဲ့အခါ ကိုယ့် ပရောဂျက်က တကယ်မှတ်ကျောက်အတင်ခံရတာ ဖြစ်ပါလိမ့်မယ်။
![]() |
Inle lake. 2012 | Photo by HTZ |
၄ - စဉ်ဆက်မပြတ် မှတ်တမ်းတင်ပါ
နံပါတ် ၁ တုန်းက ပြောခဲ့သလိုပဲ ကိုယ်စဉ်ဆက်မပြတ် မှတ်တမ်းတင်နိုင်ပြီး ကိုယ်တိုင်လဲ စိတ်ဝင်စားတဲ့ အကြောင်းအရာ ဖြစ်တဲ့အခါ မှတ်တမ်းလုပ်ရတာ ပင်ပန်းပေမယ့် အရမ်း ခက်ခဲတယ်လို့ မခံစားရတော့ပါဘူး။ ပရောဂျက် တခုဖြစ်ဖို့ သာမန်ထက်ပိုတဲ့ စဉ်ဆက်မပြတ် အားထုတ်နိုင်တဲ့ လုံလ လိုပါတယ်။ ဖီးလ်လာမှ ထလုပ်၊ မလာရင် မလုပ်တော့ရင် မပြီးသေးတဲ့ ပရောဂျက် တို့လို့တန်းလန်းတွေ အများကြီး ဖြစ်သွားတာပဲ အဖတ်တင်ပါလိမ့်မယ်။ တကယ်ကော ဓာတ်ပုံသမားအနေနဲ့ တပြိုင်နက်ထဲ ပရောဂျက် ၂ ခု ၃ ခုလောက်တော့ လုပ်လို့ရပါတယ်၊ တခုထဲပဲ လုပ်ရမယ် ဆိုလိုတာမဟုတ်ပါဘူး။ ဒါပေမယ့် တကယ် အားစိုက်ထုတ်မှ တကယ့်မှတ်တမ်းဖြစ်မှာပါ။ နောက် ကျင့်ဝတ်လေးတွေ သိဖို့၊ ရှိဖို့လိုပါတယ်၊ အခု ဆောင်းပါးမှာတော့ ကျင့်ဝတ်တွေ အသေးစိတ် မဆွေးနွေးတော့ပါဘူး။ လိုတိုရှင်း ကျင့်ဝတ်အခြေခံပြောရရင် မှတ်တမ်းဓာတ်ပုံဆရာဟာ အကြောင်းအရာတွေမှတ်တမ်းတင်ရင် ကိုယ့် ပရောဂမပါပဲ သူ့ဖာသာဖြစ်ပျက်နေတာကိုသာ မှတ်တမ်းတင်ရပါတယ်။ ကိုယ့်ပရောဂ လုပ်ဆေင်ချက်၊ အပေးအယူလုပ်တာ၊ မျှော်လင့်ချက်ပေးတာ၊ ဓာတ်ပုံရလိုတဲ့အတွက် သဘာဝမဟုတ်တဲ့ အလုပ်တခုခုလုပ်ခိုင်းတာတွေက ကျင့်ဝတ်နဲ့မညီပါဘူး။ Set up ဆို portrait တမျိုးသာ အန္တရာယ်မရှိတဲ့ အခြေအနေမှာ အလင်းကော၊ ကာရိုက်တာကိုကော support ပေးနိုင်မယ့် နေရာမျိုးမှာ set up လုပ်ခွင်ရှိပါတယ်။
![]() |
Inle lake. 2012 | Photo by HTZ |
နောက်တခုက မှတ်တမ်းတင်တဲ့အခါ medium ကို ကန့်သတ်မထားသင့်ပါဘူး။ မှတ်တမ်းအထောက်အကူဖြစ်မယ်ဆို ဓာတ်ပုံအပြင်၊ ဗီဒီယိုအတိုလေးတွေရိုက်တာ၊ အရေးကြီးအကြောင်းအရာတွေ အခြားသူကပြောတဲ့အခါ အသံဖမ်းဖို့၊ စာအုပ်ပေါ်ချရေးတာတွေလဲ လုပ်ဖို့လိုပါတယ်။ အထူးသဖြင့် ဓာတ်ဆရာအများစုက အပြင်းကြီးပါတယ်၊ ဓာတ်ပုံပဲရိုက်ဖို့ စိတ်အားထက်သန်နေလို့မရပဲ။ အမြဲ အိမ်စာလုပ်ဖို့လိုသလို၊ လူတွေနဲ့ စကားပြော၊ သူတို့ ပြောတာနားထောင် လက်ရှိအခြေအနေတွေကိုလေ့လာဖို့လိုပါတယ်။ နောက် ဂျာနယ် မှတ်စု ရေးဖို့လိုပါတယ်။ ထူးခြားတဲ့အကြောင်းအရာ၊ နေ့ရက်တွေရှိရင် စာအုပ် အသေးလေးနဲ့ ဘောပင်နဲ့ ချရေးတဲ့ အကျင့်ရှိဖို့လိုပါတယ်။ ဒီလို ချရေးမမှတ်တဲ့အခါ ဓာတ်ပုံနဲ့ တွဲမယ့် caption စာသားမှာထည့်ရမယ့် အရေးကြီး နေ့ရက်တွေ၊ နေရာတွေ၊ လူနာမည်တွေ၊ စသဖြင့် နောင်တချိန်မေ့သွားတာ လွဲသွားတာတွေဖြစ်တတ်ပါတယ်။ အထူးသဖြင့် ဘခြောက်လုံး လို့ခေါ်တဲ့ ဘယ်သူက၊ ဘယ်သူ့ကို၊ ဘယ်အချိန်မှာ၊ ဘာကြောင့်၊ ဘယ်လိုနည်းနဲ့၊ ဘယ်လိုလုပ်လိုက်တာ ဆိုတဲ့ အကြောင်းအရာ detail တွေ လွဲကုန်ပါလိမ့်မယ်။
![]() |
Taunggyi. 2012 | Photo by HTZ |
၅ - တည်းဖြတ်ပါ
ပရောကဂျက် တခုက အချိန်အရကော၊ စတိုရီအရကော ဘယ်အချိန်ပြီးမလဲဆိုတာ ပြောရခက်ပါတယ်။ ကိုယ့် စတိုရီနဲ့ ပြောချင်တဲ့ ရှုထောင့်အပေါ်လဲမူတည်သလို၊ လက်ရှိအပြင်မှာ ဖြစ်ပျက်နေတဲ့ အနေအထားတွေပေါ်လဲမူတည်ပါတယ်။ တခါတလေ ၁ လ နဲ့ပြီးနိုင်တဲ့ အကြောင်းအရာရှိသလို ၁၀ နှစ်အထက်လောက် ရိုက်ရမယ့် အကြောင်းအရာတွေလဲ ရှိပါတယ်။ သေချာတာကတော့ ကိုယ့်မှာ ပုံတွေရလာတဲ့အခါ အမြဲအချိန်တခုပေးပြီး တည်းဖြတ်ကြည့်ဖို့လိုပါတယ်။ Adobe bridge လို အလကားရတဲ့ ဓာတ်ပုံစီတဲ့ ဆော့ဝဲမှာ ပုံတွေကို ရှေ့နောက် စီကြည့်တာ လုပ်ကြည့်ဖို့လိုပါတယ်။ တည်းဖြတ်ဆိုတာ photo edit လုပ်တာကိုပဲပြောတာမဟုတ်ပါဘူး၊ အရောင်တွေချိန်တာ ပြန်ပြင်တာ အပြင် ရှေ့နောက်စီတာ ပုံတပုံနဲ့ တပုံတွဲတာကလဲ တည်းဖြတ်တာပါပဲ။ နောက် အရေးကြီးတာက ရိုက်ထားတဲ့ပုံတွေမှာ EXIF လို့ခေါ်တဲ့ meta data, photo captions တွေကို အမြဲပြန်ရေးထည့်ဖို့လိုပါတယ်။ မြန်မာလိုပဲ ရေးရေး၊ အင်္ဂလိပ်လိုပဲရေးရေး အပေါ်က နံပါတ် ၄ မှာပြောခဲ့တဲ့ စာအုပ်မှာ ချရေးထားတဲ့ အချက်အလက်တွေကို ဓာတ်ပုံနဲ့ အမြဲ အချိန်ရတာနဲ့ edit လုပ် caption စထည့်ထားသင့်ပါတယ်။
အပေါ်ကပြောတာပြန်ဆက်ရရင် ပုံစီတဲ့အခါ ကျွန်တော်တို့ဆီမှာ အချိန်တခု ရိုက်ပြီးတဲ့အခါ ပုံတွေ ရာချီရှိတဲ့အထဲကနေ၊ ပုံ ၃၀ လောက်နဲ့ ဒီအကြောင်းအရာကို ပြောမယ်ဆို ပုံတွေကို ဘယ်လို ရွေးထုတ်မလဲ၊ ဘယ်လိုနည်းနဲ့ စီမလဲ၊ ဘယ်ပုံက ဘာကြောင့် ပထမတပုံပြီးတဲ့အခါ လာသင့်သလဲ စသဖြင့် ရေ့နောက်တွေ ဖဲစီသလို စီကြည့်သင့်ပါတယ်။ ကောင်းတာကတော့ ကွာလတီမကောင်းလဲ ဓာတ်ပုံအသေးလေးတွေ ပရင်တာနဲ့ ထုတ်ကြည့်ပြီး စားပွဲပေါ်မှာ စီကြည့်သင့်ပါတယ်။ နောက် အိမ်က မိသားစုဝင်တွေကို စီပြီး presentation ပြသလို တပုံပြလိုက် အကြောင်းအရာကို ပါးစပ်က ရှင်းပြလိုက်လုပ်ကြည့်ပါ။ သူတို့နားမလည်ဘူးဆို ဘာကြောင့် နားမလည်တာလဲ ပြန်သုံးသပ်ပါ၊ သူတို့ကိုပါ ဝင်စီခိုင်းကြည့်ပါ။ နောက် သူငယ်ချင်းတွေ၊ ဓာတ်ဆရာအချင်းချင်းပြကြည့်ပါ၊ အတွေ့အကြုံရှိတဲ့ ဓာတ်ပုံဆရာ၊ အယ်ဒီတာတွေဆီပို့ကြည့်ပြီး အကြံဉာဏ်ယူသင့်ပါတယ်။ ဓာတ်ပုံစီခြင်းဟာ Storytelling တကယ်ခက်တဲ့အပိုင်းပါ။ ကိုယ်ကြိုက်တဲ့ပုံက စတိုရီနဲ့ အံမဝင်တဲ့အခါ ဖြုတ်ရတာကလဲ တကယ်ခက်ခဲတဲ့ အလုပ်ပါ။
ဒီလို edit လုပ်တဲ့ practice ဟာ မြန်မာနိုင်ငံ ဓာတ်ပုံလောက မှာ တွေ့ရခဲတဲ့ ပညာရပ်ပါ။ အရင် ဆောင်းပါးတွေမှာ ရေးခဲ့သလိုပဲ မြန်မာနိုင်ငံမှာက commercial, landscape, pictorial အမျိုးအစားတွေက ပိုထွန်းကားတာမို့ အဲဒီ လိုင်းမှာက တပုံကောင်းနဲ့ ပြပွဲတွေ၊ စာအုပ်တွေမှာ theme တခုပေါ်မှာ အခြေခံပြီး စီပြကြတာသာများပါတယ်။ အကြောင်းအရာ storytelling ပေါ် အခြေခံတဲ့ practice ရှိတာ ဒီဖက်ခေတ်မှာ ကျွန်တော်တွေ့မိသလောက် ဓာတ်ပုံသမားမှာ လက်ချိုးရေလို့တဲ့ အရေအတွက်လောက်သာရှိပါတယ်။ ဒါက ဘယ်လိုလဲဆိုတော့ စာအုပ်ရေးတဲ့သူတွေ၊ စာစီစာကုံးရေးသလို စာဖတ်သူကို မပျင်းရအောင် စာတကြောင်းပြီး တကြောင်း ရသအသစ်တခုခုနဲ့ အချက်အလက်တခုခု စဉ်းစားဖို့ ရေးသွားသလိုမျိုးပါပဲ။ တခါတလေ ကိုယ်က သတိမမှုမိပဲ ပြောပြီးသား အကြောင်းအရာ အဓိပ္ပါယ် တူတဲ့ အချက်အလက်ကိုပဲ နောက်တပုံမှာ ထပ်ပြသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် ကျွန်တော်ပြောသလို ကိုယ့်ဘေးနားက ဓာတ်ပုံသမားမဟုတ်တဲ့ မိသားစုဝင်တွေကို ကြည့် ဝေဖန်ခိုင်းတာ၊ တကယ်ဓာတ်ပုံ အယ်ဒီတာတွေကို အကူအညီတောင်းတာတွေလဲလိုပါတယ်။ ဒါမှသာ ကျွန်တော်တို့ စတိုရီက ဘယ်အကြောင်းအရာတွေလိုနေသေးတယ် ဘာတွေ ဆက်ရိုက်ရမယ် ဆိုတာ အိုင်ဒီယာ အသစ်တွေထပ်ရမှာဖြစ်ပါတယ်။
![]() |
Taunggyi. 2012 | Photo by HTZ |
ကျွန်တော်တို့ ဒီတခေါက်မှာတော့ ဒီလောက်နဲ့ နားပါဦးမယ်။ တကယ်လို့ မိတ်ဆွေတို့မှာ အိုင်ဒီယာတွေရှိတယ် ရိုက်ချင်တယ်ဆို အန္တရာယ်မရှိပဲ ကိုယ်တိုင် စိတ်ဝင်စားပြီး မှတ်တမ်းတင်လိုတဲ့ အကြောင်းအရာတွေကို ရိုက်ဖို့ တိုက်တွန်းပါတယ်။ ချဉ်းကပ်ပုံ၊ ပုံတည်းဖြတ်ဖို့ အကူအညီလိုတယ်ဆိုလဲ ကူညီပေးပါမယ်။ ကျွန်တော်တို့ဆီမှာ လက်ရှိလိုနေတာက မှတ်တမ်း သမားတွေရယ်၊ ဓာတ်ပုံပညာ တိုးတက်ဖို့ဆို အပြုသဘောဆောင်တဲ့ ဝေဖန် ထောက်ပြပေးမယ့်သူတွေ လိုအပ်နေတာပါ။ ဘုတ်ကို ကျီးမြှောက်၊ ကျီးကို ဘုတ်မြှောက်နဲ့ကတော့ ဘယ်ကိုမှ မရောက်နိုင်ဘူးလို့ထင်ပါတယ်။ အပြုသဘောဆောင်တဲ့ ဝေဖန်ချက်တွေနဲ့မှ ကိုယ်မမြင်လိုက်တဲ့ ဟာကွက်လေးတွေ သူများပြောပြပေးတဲ့အခါ ပြန်ပြင်နိုင်မှာပါ။ ကျွန်တော်လဲ ပရောဂျက်တိုင်းမှာ ကိုယ့်သူငယ်ချင်း အသိလူရင်းထဲက ဒီလို practice ရှိသူတွေဆီ ချဉ်းကပ် အကြံဉာဏ်ယူပါတယ်။ အားလုံးပဲ လူကျန်းမာ၊ စိတ်ချမ်းသာကြပါစေ။
Comments
Post a Comment