ကင်မရာမှာ ပြောင်းထားသင့်တဲ့ setting များ

 



ကျွန်တော်တို့ ကင်မရာတွေမှာ ဘယ်လို ကင်မရာ အမျိုးအစား၊ မော်ဒယ် သုံးသည်ဖြစ်စေ စဝယ်ဝယ်ခြင်းမှာပါလာတဲ့ default camera setting ကို ပြောင်းသင့်တဲ့ ဆက်တင်တွေ ရှိပါတယ်။ ဒီနေ့ အဲဒီ ဆက်တင်တွေ အကြောင်းကို ပြောကြရအောင်။ အခုပြောမှာတွေ လူတိုင်းအတွက် မှန်ချင်မှ မှန်မှာပါ အချို့အချက်တွေက ကိုယ့်အကြိုက်ပေါ်မူတည်ပြီး မပြောင်းပဲလဲထားနိုင်ပါတယ်။



၁ – Auto-focus beeping



Auto-focus beeping ဆိုတာက ကင်မရာ မှာ အော်တိုဖိုးကပ်ဖြတ်တဲ့ အခါ ပုံကြည်လင်ပြတ်သားပါပြီဆိုတာကို ကင်မရာဆရာသိအောင် တီ တီ တီ နဲ့ အချက်ပေးတဲ့ အသံလေးပါ။ ပုံမှန်ဆို စရိုက်ခါစလူအတွက် ကိုယ်ပုံရိုက်ခါနီး ခလုပ်တဝက်ဖိတဲ့ အခါ ဒီအသံလေးနဲ့ ဖိုးကပ်ပြတ်မပြတ် သိနိုင်ပေမယ့် တကယ်တန်း ရိုက်သက်ကြာရင် ဒီအသံကို ပိတ်ပြီး ကင်မရာ ချောင်းကြည့်ပေါက် ဒါမှမဟုတ် စကရင်မှာ တင်ပြတ်မပြတ်ပြတဲ့ focus-peaking ပဲဖြစ်ဖြစ် အစိမ်းရောင်လေး လက်သွားတာဖြစ်ဖြစ် ကြည့်ပြီး ကိုယ်ရိုက်မယ့်ပုံ ပြတ်မပြတ်သိအောင် ကျင့်သင့်ပါတယ်။ 

မဟုတ်ရင် တီ တီ တီ နဲ့ ဖိုးကပ်ဖြတ်တဲ့ အသံက ကိုယ်ရိုက်မယ့် street လမ်းပေါ်က လူကိုဖြစ်ဖြစ်၊ ကိုယ်ရိုက်မယ့် အစည်းအဝေးခန်းဖြစ်ဖြစ်၊ ကလေးတွေ ရိုက်မှာပဲဖြစ်ဖြစ် နေရာမှာ အရိုက်ခံမယ့်သူ mood ပျက်အောင် အနှောက်အယှက်ဖြစ်စေတတ်ပါတယ်။ နောက်ကင်မရာကိုင်တာ မကျွမ်းသေးတဲ့ပုံလဲ ပေါက်ပါတယ်။


၂ – Auto-preview

Auto-preview လုပ်ဆောင်ချက်ကလဲ တကယ်ဆို ပိတ်ထားသင့်တဲ့ ဆက်တင်တခုပါ။ ဒီဆက်တင် လုပ်ဆောင်ချက်က ဓာတ်ပုံ တပုံရိုက်လိုက်တိုင်း ကိုယ်ရိုက်လိုက်တဲ့ပုံကို စကရင်မှာ ကြည့်ဖို့ ၂ စက္ကန့် ၃ စက္ကန့်လောက် အလိုလျောက် လာလာပြနေတဲ့ လုပ်ဆောင်ချက်ပေါ့။ ဒီဆက်တင်ကပဲ ဓာတ်ပုံ ရိုက်မယ့် သူကို ကိုယ်ရိုက်တဲ့ပုံကို ချက်ချင်းပြန်ကြည့်စေပြီး ပုံကြည့်နေတုန်း ပတ်ဝန်းကျင်က subject ကောင်းတွေ လွတ်သွားစေတတ်ပါတယ်။ ဒီလို တပုံရိုက်လိုက် ပုံကိုပြန်ကြည့်လိုက်နဲ့ လုပ်တာကို chimping လုပ်တယ်လို့ ခေါ်ပါတယ် ပရိုဆန်ဖို့ဆို ဒီအကျင့်က ဖျောက်ပစ်သင့်ပါတယ် ဘာလို့လဲဆို ပုံကြည့်နေတုန်းမှာ အခွင့်အရေးကောင်းတွေ လက်လွတ်ရတတ်ပါတယ်။ ကိုယ်ပစ်လိုက်တဲ့ ကျည်က ဘယ်ရောက်မှန်း မသိတဲ့ သေနတ်သမား တွေ လုပ်တဲ့ အလုပ်လိုပါပဲ ကိုယ်က ကျွမ်းကျင်အောင်ကျင့်ထားရင် ကိုယ်ပစ်တဲ့ ပစ်မှတ်ကို အတိအကျ ထိမထိ ပြန်ကြည့်စရာမလိုပဲ သိနိုင်တဲ့ အကျင့်ကောင်းမျိုး ကျင့်ထားသင့်ပါတယ်။


၃ – Auto-focus AF Assist

Auto-focus assist ဆိုတဲ့ လုပ်ဆောင်ချက်ကတော့ တချို့ ကင်မရာတွေမှာ မပါဘူး၊ တချို့ ကင်မရာတွေမှာတော့ ပါပါတယ်။ ဒီလုပ်ဆောင်ချက်က ဓာတ်ပုံရိုက်တဲ့အခါ ညဘက် မီးအလင်းရောင် နည်းတာတို့ မှောင်တဲ့နေရာတို့ ဆိုရင် သူ့မှာပါတဲ့ LED လိုမီးသီး အသေးလေး မှိတ်လိုက် လင်းလိုက်လုပ်ပြီး လန်းစ်ကို ဖိုးကပ်ဖြတ်လို့ရအောင် ကူညီတာပါ။

ဒီလုပ်ဆောင်ချက်က တကယ်ဆို အထောက်အကူဖြစ်ပေမယ့် ကိုယ်က ရိုက်တာလဲ ကျွမ်းကျင်ရင်၊ ကိုယ့်ကင်မရာ အကြောင်းလဲ သိရင် အပိုလုပ်ဆောင်ချက်လို ဖြစ်နေတတ်ပါတယ်။ နောက် ကိုယ်ရိုက်မယ့် subject မျက်လုံးမှာ စူးပြီး ကိုယ်ရိုက်မယ့်သူ mood ပျက်စေပါတယ်။ ပိတ်ထားတာက ပိုကောင်းတဲ့ လုပ်ဆောင်ချက်တခုပါပဲ။


၄ – NTSC

ကျွန်တော်တို့ ဓာတ်ပုံကင်မရာတွေဝယ် ဓာတ်ပုံရိုက်ပေမယ့် တကယ်တမ်း မသုံးဖြစ်သည့်တိုင်အောင် ပြောင်းထားသင့်တဲ့ ဆက်တင် တခုကတော့ NTSC ပါ။ ဒါက ရုပ်သံလွှင့်တဲ့ အခါသုံးတဲ့ အထဲက NTSC, PAL ၂ ခုထဲက တခုပါ။ ကျွန်တော်တို့ နိုင်ငံက ရုပ်သံလွှင့်တဲ့အခါ စံနှုန်းက NTSC သုံးတာမို့ ဗီဒီယို မရိုက်သည့်တိုင်အောင် ရိုက်တဲ့ အခါ NTSC နဲ့ ဖြစ်နေအောင် ပြောင်းထားသင့်ပါတယ်။


၅ – Compression

ခုနောက်ပိုင်းကင်မရာတွေမှာ RAW နဲ့ ရိုက်ရိုက် JPEG နဲ့ ရိုက်ရိုက် compression ဆိုတဲ့ ချုံ့အားကို အပြောင်းအလဲ လုပ်လို့ရတဲ့ ဆက်တင်လေးတွေ ပါလာတာ သတိထားမိကြမှာပါ။ သူ့အလုပ်က ဓာတ်ပုံဖိုင်ကို ကွာလတီ မူရင်းအတိုင်း မှတ်ပေးတဲ့ ဆက်တင်ကို uncompressed RAW or Jpeg လို့ ခေါ်ပြီး ဖိုင်ဆိုဒ်က ကြီးပါတယ်။ ကိုယ်က SD cards တွေ များများ ရှိတယ် မူရင်းအကောင်းဆုံးကွာလတီပုံကိုပဲ လိုချင်တယ်ဆို uncompressed ကိုရွေးထားသင့်ပြီး ကိုယ့်လိုအပ်ချက်က တော်ရုံပုံဆိုရပြီ သိပ် အကောင်းကြီး မလိုဘူးဆို compressed Raw or Jpeg ဆက်တင်ကို ရွေးထားလို့ ရပါတယ်။

Comments

My photo
Htoo Tay Zar
A photographer, blogger from Yangon, Burma.

Popular posts from this blog

ကြည့်ရှုသူကို မေးခွန်းထုတ်သော ဓာတ်ပုံများ

ဓာတ်ပုံပညာနှင့် အခွင့်အလမ်း၊ ဝိရိယထုတ်လေ့လာခြင်း